လေးပါးအစုမှာ ဘိက္ခု၊ ဘိက္ခူနီ အတွဲနောက်က ဂဟဋ္ဌသီလဆိုတာ လူတွေ စောင့်ထိန်းအပ်တဲ့ သီလကို ပြောလိုပါတယ်။ လူတွေ မပြတ်ဆောက်တည်အပ်တဲ့ သီလကတော့ ငါးပါးသီလပါ။ အမြဲမပြတ် ဆောက်တည်အပ်တဲ့ အတွက် နိစ္စသီလလို့ ခေါ်ပါတယ်။ စွမ်းနိုင်မယ်ဆိုရင် ရှစ်ပါးသီလကိုလည်း ဆောက်တည်နိုင်ပါတယ်။ ရှစ်ပါးသီလကို ဆောက်တည်နိုင်တဲ့ နေ့ရက်တွေကတော့ မစ္စုဂ္ဂမနဥပုသ်နေ့ ဖြစ်တဲ့ လဆန်းလေးရက်၊ လဆုတ်လေးရက်နေ့။ အနုဂမနဥပုသ်နေ့ဖြစ်တဲ့ ခြောက်ရက်နေ့နှင့် ဥပုသ်လွန်တစ်ရက်နေ့၊ တတ်နိုင်ရင် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ကစပြီး တန်ဆောင်မုန်းလပြည့်နေ့အထိ၊ မတတ်နိုင်ရင် သီးတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကစလို့ တန်ဆောင်မုန်းလပြည့်နေ့အထိ စောင့်ထိန်းနိုင်တဲ့ ပါဋိဟာရိယဥပုသ်နေ့တွေဖြစ်ပါတယ်။ ဥပုသ်နေ့တွေမှာ ဆောက်တည်အပ်တာမို့လို့ ဥပေါသထသီလလို့ခေါ်ဆိုနိုင်ပါတယ်။
ဥပုသ်နေ့မှ ဥပုသ်ဆောက်တည်ရတယ်လို့ တချို့က ပြောကြတယ်။ အဲဒါက သူတပါးကုသိုလ်ကို တားမြစ်ရုံသက်သက်ပါပဲ။ ဒါဆို ဘုရားက ဘာလို့ စတုဒ္ဒသိံ ပဉ္စဒသိံလို့ ဟောခဲ့လည်း လို့ ပြောစရာရှိပါတယ်။ ဒါက လောကအလိုက် ဟောခဲ့တဲ့ တရားပါ။ ပုဂ္ဂိုလ်အလိုက်၊ လောကအလိုက်၊ သတ္တဝါအားလုံးအလိုက် တရားကို ဟောခဲ့ရာမှာ ဥပုသ်နေ့လို့ သတ်မှတ် ဟောခဲ့တာဟာ လောကအလိုက်ပါ။ ဘယ်နေ့မဆို ဥပုသ်ဆောက်တည်နိုင်ကြောင်း သာဓကတွေက ဇနက္ကမင်းသသားပါ။ ဇနက္ကမင်းသားက မတတ်နိုင်လို့ ဆောက်တည်လိုက်တာလို့ ထင်ရင် ပဉ္စုပေါသထဇာတ်တော်ထဲက ဇာတိမန္တရသေ့၊ ခို၊ ဝံ၊ မြေခွေး၊ မြွေ တို့ဟာ မာန၊ ရာဂ၊ အကြိစ္ဆာ၊ လောဘနှင့် ဒေါသကို ကြောက်လို့ နေ့စဉ်နေ့တိုင်း ဥပုသ်စောင့်ခဲ့ကြပါတယ်။ ဧကဂုင်္တ္တရအဋ္ဌကထာလာ နန္ဒိယမင်းရဲ့ မိဖုရားဟာလည်း နေ့စဉ် ဥပုသ်ကို စောင့်ခဲ့တာကြောင့် ဟိုရက် ဒီရက်မှ ဥပုသ်နေ့လို့ မသတ်မှတ်ဘဲ နေ့စဉ်နေ့တိုင်း အခွင့်ရတိုင်း ဥပုသ်ကို ဆောက်တည်ကောင်းပါတယ်။
ရွှေငွေ ဥစ္စာစည်းစိမ်ကို ထွေးလိုက်တဲ့ တံတွေးကို ပြန်ပြီး ကောက်ယူ မမျိုချင်တော့သလို အလယပြတ်နိုင်ရင်တော့ ဆယ်ပါးသီလလည်း ဆောက်တည်နိုင်ပါတယ်။ ဆောက်တည်ဖူးတဲ့သူကတော့ ကဿပဘုရားရှင်လက်ထက်က ဃဋိကာရ အိုးထိန်းသည်ပါ။ ဃဋိကာရဟာ အိုးကို မြေနဲ့ လုပ်ပေမယ့် ကိုယ်တိုင် မြေကို မတူးပါဘူး။ ပြိုနေတဲ့ ကမ်းပါးက မြေ၊ တီ၊ ပိုးရွ၊ ခြ၊ မွှားစတဲ့ အကောင်တွေ ကျစ်ထုတ်လိုက်တဲ့ မြေကိုပဲ အိုးဖုတ်ဖို့ ယူပါတယ်။ ဝယ်ချင်တဲ့ ပုဂ္ဂိုလ်က အိုးကိုယူပြီး သင့်တော်တဲ့ ဆန်ဆီဆေးဆားကို နေရာတကျထားပြီး အိုးနဲ့ လှဲလယ်ခြင်း စနစ်နဲ့ပဲ ဝယ်ယူပါတယ်။ ဃဋိကာရက တောကိုသွားပြီး ထင်း၊ ကောက်ရိုးစတာတွေကို ရှာပြီဆိုရင် လူတွေက ဃဋိကာရ အိုးဖုတ်ပြီဆိုတာ သိကြပါတယ်။ အိုးဖုတ်ပြီးလောက်ရင် လာကြပြီး ဆန်ဆီဆေးဆားစတဲ့ ဃဋိကာရလိုအပ်တဲ့ အသုံးအဆောင်ကို ကိုယ့်အိုးကိုယ့်အိမ်မှာ ကိုယ့်ပစ္စည်းကို ကိုယ်သိမ်းသလို နေရာတကျ ထားရစ်ခဲ့ပြီး အိုးကို ယူသွားကြလေ့ ရှိပါတယ်။ ဃဋိကာရလို နေနိုင်မယ်ဆိုရင် ဆယ်ပါးသီလကို လူတွေ စောင့်ထိန်းနိုင်ပါတယ်။
ဒါပေမယ့် ဃဋိကာရဟာ ဆယ်ပါးသီလကို စောင့်ထိန်းတယ်လို့ ကျမ်းဂန်မှာ အတိအကျ မလာပါဘူး။ စောင့်ထိန်းဟန် ရှိတယ်လို့ပဲ လာပါတယ်။ နောက် ဆယ်ပါးသီလမှာက သာမဏေရ ပဗ္ဗဇ္ဇလို့ပဲ ပါပါတယ်။ ဥပေါသထလို့ မပါပါဘူး။ ဆယ်ပါးသီလဟာ ဥပုသ်သီလမဟုတ်ဘူးဆိုတဲ့ သဘောမှာ ရှိတယ်။ ဒီတော့ လူတွေ မစောင့်ထိန်းအပ်ပါဘူး။ ဝိသာခါဆိုရင် သောတာပန် ဘဝနဲ့ရော အနာဂါမ်ဘဝနဲ့ပါ ရှစ်ပါးသီလကိုပဲ စောင့်ထိန်းသွားပါတယ်။ သောတာပန်တည်ပြီးသား အနာထပိဏ်သူဌေး၊ သကဒါဂါမ်တည်ပြီးသား စူဠသုဘဒ္ဒါတို့လည်း ရှစ်ပါးသီလကိုသာ စောင့်တည်သွားတဲ့ အတွက် ဆယ်ပါးသီလဟာ လူတွေ မစောင့်ထိန်းကောင်းပါဘူး။ ဒါက ဆယ်ပါးသီလကို လူပုဂ္ဂိုလ်တွေ မစောင့်ထိန်းကောင်းဘူးဆိုတဲ့ ကျမ်းဂန်လာ အထောက်အထားတွေပါ။
ဃဋိကာရအိုးထိန်းသည်ဟာ တကယ်ပဲ ဆယ်ပါးသီလကို စောင့်ထိန်းခဲ့တယ်လို့ အချို့က ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဿပဘုရားရှင်လက်ထက်က အင်္ဂတိမင်းသမီးခုနှစ်ဖော်၊ ယခုဘုရားရှင်လက်ထက် ဟတ္ထကနှင့် ဟတ္ထာဠဝက ဥပါသကာတို့ဟာ ဆယ်ပါးသီလကို ဆောက်တည်ခဲ့ကြလေတော့ ဃဋိကာရလည်း ဆောက်တည်မှာပဲလို့ ယူဆကြပါတယ်။ နောက် ဆယ်ပါးသီလကို လူ့ဘဝနဲ့ ဆောက်တည်ခဲ့ကြသူ စာရင်းလည်း အများအပြား ရှိပါတယ်။
၁။ ပဒုမုတ္တရဘုရားရှင်လက်ထက် အာနန္ဒာအလောင်းလျာ သုမနမင်းသား
၂။ ဖုဿဘုရားရှင်လက်ထက် ဥရုဝေလကဿပညီနောင်သုံးဖော်နှင့် နောက်လိုက် တစ်ထောင်
၃။ ယခုဘုရားရှင်တွင် ပါရမီ ရင့်ကျက်ကြမည်ဖြစ်တဲ့ ကဿပဘုရားရှင်လက်ထက်က ခေမာမိဖုရား၊ ဥပ္ပလဝဏ်၊ ပဋာစာရီ၊ ကုဏ္ဍလကေသီ၊ ကိသာဂေါတမီ၊ ဓမ္မဒိန္နာ၊ ဝိသာခါအလောင်းအလျာများ။
၎။ သီဟိုဠ်ကျွန်း ဒေဝါနံပိယတိဿမင်းနှင့်တကွ ညီတော်၊ အနုဠာဒေဝီမိဖုရား၊ မောင်းမတော် ငါးရာ၊ အထိန်းတော် ငါးရာ။
၅။ ခုဘုရားရှင်လက်ထက်မှ ဟတ္ထကနှင့် ဟတ္ထာဠဝက
စတဲ့ ပုဂ္ဂိုလ်တွေဟာ ဆယ်ပါးသီလကို ဆောက်တည်ခဲ့ကြပါတယ်။
စာရင်းထဲမှာ အမျိုးသမီးတွေ ပါနေတယ်။ ဒါဆို ဆယ်ပါးသီလကို အမျိုးသမီးတွေ ဆောက်တည်နိုင်တယ်၊ ဆောက်တည်ခွင့်ရှိတယ် လို့ဖြစ်သွားပါတယ်။ အခွင့်ရှိ မရှိ သင့်မသင့်ကို စဉ်းစားကြည့်မယ်ဆိုရင် မိန်းမတွေရဲ့ အားငါးပါးကို ပထမစဉ်းစားကြည့်မယ်။
မိန်းမတွေရဲ့ အားငါးပါးက
(၁) အလှအား
(၂) ဥစ္စာအား
(၃) ဆွေမျိုးအား
(၄) သားအား
(၅) သီလအား တို့ဖြစ်ပါတယ်။ ဒီထဲမှာ သီလအား ပါပါတယ်။ သီလဆိုတဲ့ အားဖြစ်ဖို့ သီလရဲ့ အခြေခံလိုအပ်ချက်ကို ပြန်စဉ်းစားကြည့်ပါမယ်။
သီလရဲ့ အခြေခံလိုအပ်ချက်တွေက
(၁) ယုံကြည်မှု အပြည့်ရှိခြင်း
(၂) စင်ကြယ်ခြင်း
(၃) အကြားအမြင်ပြည့်စုံခြင်း
(၄) စွန့်ကြဲပေးကမ်းတတ်ခြင်း
(၅) ဆင်ခြင်တတ်သော ဉာဏ်ပညာရှိခြင်း
(၆) အလိုဆိုးမရှိခြင်း
(၇) မကောင်းသည့်ကိစ္စမှန်သမျှမှ ရှက်ခြင်း
(၈) မကောင်းသည့်ကိစ္စမှန်သမျှမှ ကြောက်ခြင်း တို့ဖြစ်ပါတယ်။ ဒီရှစ်ပါးကို ပိုင်ဆိုင်သူ မည်သူမဆို သီလကို ပြီးပြည့်စုံနိုင်တဲ့အတွက် အမျိုးသမီးက ပြီးပြည့်စုံစေမယ်ဆိုရင် အမျိုးသမီးလည်း ၁၀ ပါးသီလကို ဆောက်တည်နိုင်ပါတယ်။ နောက်တစ်ချက် အမျိုးသမီးတွေ နတ်ပြည်ရောက်ကြောင်း တရားငါးပါးကို ကြည့်လိုက်ရင်လည်း ဆယ်ပါးသီလကို အမျိုးသမီးတွေပါ ဆောက်တည်နိုင်ကြောင်း တွေ့ရပါတယ်။ အမျိုးသမီးတွေ နတ်ပြည်ရောက်ကြောင်းတရားက သဒ္ဓါ၊ သီလ၊ ဟိရီ၊ သြတ္တပ္ပ၊ ပညာ ဆိုတဲ့ ငါးပါးဖြစ်ပါတယ်။
ဒါက ဆယ်ပါးသီလကို လူပုဂ္ဂိုလ်တို့ ဆောက်တည် ခံယူနိုင်ကြောင်း သက်သေနှင့် အတူ အမျိုးကောင်းသမီးတွေကပါ ဆယ်ပါးသီလကို ဆောက်တည်နိုင်ကြောင်း သာဓကပါ။