နတ္ထိမှာ ဘာမှမရှိပါဘူး။ အဲသလိုပဲ ရယ်စရာလည်းမရှိပါဘူး။ ဟုတ်ပါတယ်။ မရှိခြင်းမှာ ရယ်စရာလည်း မရှိပါဘူး။ မရှိခြင်းကို ရယ်တာဟာ လှောင်တာသာဖြစ်ပါတယ်။ နတ္တိဆိုတာ တကယ်မရှိတာ။ ရယ်စရာမရှိဘူး ဆိုတာနဲ့ ငိုစရာများ ရှိနေမလားလို့ တွေးမိမှာစိုးလို့။ ဟုတ်ကဲ့။ နတ္ထိပါ။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ မနက်ခင်းတခုမှာ သင်အိပ်ယာထဲကနေ နိုးလာတယ်။ မနက်အိပ်ယာထပြီးနောက် သွားတိုက်တံကို ယူလိုက်ပေမယ့် သွားတိုက်ဆေးမရှိတာကို သတိထားမိသွားတယ်။ သွားတိုက်ဆေး မရှိတာကလည်း ရက်နည်းနည်းတော့ ကြာနေပြီဆိုရင် သင်မရယ်နိုင်ပါဘူး။ ရေချိုးဖို့လုပ်ပြန်တော့ ဆပ်ပြာကုန်နေတာလည်း ကြာပြီ။ ရှိတာနဲ့ ရေချိုးပြီးလို့ ထွက်လာတော့ အပြင်မှာ တခုခုသွားစားဖို့ စဉ်းစားမိတယ်။ အဝတ်လဲပြီးတဲ့အခါ ရေမွှေးမရှိဘူး။ ချွေးနံ့ပျောက်စေတဲ့ ဒီရိုးဒရန့်မရှိဘူး။ ဒါနဲ့ ခေါင်းအုံးဘေးက ပိုက်ဆံအိတ်ကို ယူလိုက်တယ်။ ပိုက်ဆံအိတ်က အရမ်းပါးနေပြီ။ ဘဏ်ကဒ်တွေကို ကြည့်လိုက်တော့ အလုပ်မရှိတော့ကတည်းက ကဒ်ထဲပိုက်ဆံ မသွင်းနိုင်တော့ဘူး။ ဧည့်ခန်းစားပွဲပေါ်မှာ ဖိတ်စာတစောင်ကို ထပ်တွေ့လိုက်ရတယ်။ ဖိတ်စာက မင်္ဂလာဆောင် ဖိတ်စာ။ အရင်းနှီးဆုံး သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ဖိတ်စာ။ မင်္ဂလာပွဲဆိုတာက လူတယောက်မှာ တခါသာလုပ်လေ့လုပ်ထရှိတဲ့ပွဲမို့ သွားမှဖြစ်မယ်။ အဝတ်ဗီရိုကို ဖွင့်လိုက်တယ်။ အဝတ်အစားအသစ် မရှိဘူး။ ခါးပတ်တောင် အဟောင်းကို သုံးနေတာ အရမ်းကြာနေပြီ။ လက်ပတ်နာရီကလည်း ပြန်မရွေးဖြစ်လို့ ဘောက်ချာစာရွက်တောင် ဘယ်ထားမိမှန်း မသိဘူး။ ထပ်စဉ်းစားကြည့်လိုက်တော့ ဖိနပ်အသစ်လည်း မရှိဘူး။ တခါခါ အပြေးလေ့ကျင့်ဖို့ ဝယ်ထားမိတဲ့ ဖိနပ်ကိုတောင် အပြင်သွားရင်း စီးနေရတယ်။ အိုး ယုတ္တိမတန်လိုက်တာ။ ဒါ ပရမ်းပတာပဲလို့ တွေးမိသေးလား။