ဟုတ်ပါတယ်။ ထင်းရှာတာပါ။ မြန်မာ့တော်လှန်ရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ထင်းရှာသူတဦးဖြစ်သည်ဆိုတဲ့ ထင်းရှာသူပါ။ ဆရာညီပုလေးရဲ့ မြေးသူကြီးကို ဘယ်ချိန်ဖတ်ဖတ် မြေသူကြီးလို့ပဲ ဖတ်ဖတ်မိသလို ကျုပ် ထင်းရှာသူကို ထင်ရှားသူလို့ ဖတ်မိသွားကြလေမလားလို့ အထူးပင် ရင်လေးနေရပါတယ်။ စာအုပ်တအုပ်နာမည်ကို ထည့်ရေးလိုက်လို့ အဲစာအုပ်ကို ဖတ်တယ်၊ ဖတ်ဖူးတယ်လို့ မထင်ပါနဲ့။ မဖတ်ဖူးဘူးလို့လည်း မထင်ပါနဲ့။ ဖတ်ဖူးခြင်း မဖတ်ဖူးခြင်းကလည်း ထင်းရှာခြင်းအကြောင်းနဲ့ မဆိုင်လို့ ပြောမပြနိုင်ပါဘူး။ အားလုံးကို စွန့်လွတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ်ဆိုသလိုပဲ အားလုံး သိချင်နေရင်တောင်မှ ပြောဆိုပိုင်ခွင့်ကို ကျုပ်ပိုင်တာမို့ ပြောမပြတော့ပါဘူး။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်း ထင်းရှာမယ့်အကြောင်းကို ဆက်ပြောမယ်။ ရန်ကုန်မှာ လျှပ်စစ်မီးကို ၁၉၃၃ မှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံကတဆင့် လျှပ်စစ်မီး ဖြန့်ခဲ့တယ်။ ဗိုလ်ချုပ်တို့က ၆ မိုင်ခွဲမှာ နေကြတာဆိုတော့ လျှပ်စစ်မီးရရင် ရမှာ။ ရချင်မှလည်း ရမှာ။ ၆ မိုင်ခွဲဆိုတာ ရန်ကုန်မှာ ဟုတ်မဟုတ် မသိဘူး။ ဟုတ်ခဲ့ရင်တောင် မီးပေးတဲ့နေရာနဲ့ အိမ်နဲ့ ဘယ်လောက်ဝေးလဲ မသိဘူး။ လျှပ်စစ်မီးရတယ် ဆိုဦးတော့ သူတို့လက်ထပ်တာက ၁၉၄၂ ခုနှစ်။ အဲအခုနှစ်က ထင်းမီးနဲ့ ချက်ရမယ့် ထမင်းအိုးစနစ်ကို အိုးတော်လှန်ရေးဆိုတဲ့ လျှပ်စစ်ပေါင်းအိုး တော်လှန်ရေးတရပ် မပေါ်ပေါက်သေးဘူး။ ၁၃ နှစ်လိုသေးတယ်။ ဒီတော့ သေချာပေါက် ဒေါ်ခင်ကြည်က ထမင်းနဲ့ဟင်းကို ထင်းမီးနဲ့ ချက်ရမှာပဲ။ ဒီထင်းကို ဘယ်သူရှာပေးမလဲ။ ဗိုလ်ချုပ်အောင်ဆန်းပေါ့။ အိမ်သူသက်ထား သက်တောင့်သက်သာ ထမင်းချက်နိုင်ဖို့ တာဝန်က အိမ်ထောင့်ရှင် ယောက်ျားမဟုတ်လား။