တနေ့တွင် အဝိုင်းလိုက် ခြင်ထောင်တလုံး ဝယ်မိသည်။ ညအိပ်ခါနီး ထိုခြင်ထောင်ကို ထောင်တုန်းက ဘာမှ မခက်သလို ဖြစ်နေသည်။ မနက် ထိုခြင်ထောင်ကို ခေါက်ဖို့ လုပ်တော့မှ လှည့်လိုက်တိုင်း ကျိုးတော့မည့်အသွင်တွင် ရှိနေသည်။ မည်သို့ပင် လှည့်လှည့် မရ။ ကျွန်တော့်၏ အလုပ်သစ်တခုအပေါ် မတိမကျ ဆုံးဖြတ်ချက်ချတတ်သော အကျင့်ကြောင့် ဖြစ်မည်ဟု ပြန်တွေးသည်။ ကျွန်တော်သည် မလုပ်ဖူးသော အလုပ်သစ်တိုင်း ဘယ်တော့မှ ရဲရဲဝံ့ဝံ့ မဆုံးဖြတ်နိုင်။ ပြတ်ပြတ်သားသား မရှိ။ အလုပ်သစ်အပေါ် ရဲဝံ့ပြတ်သားရန် စာတွေထဲ လိုက်ရှာဖတ်ကြည်မိသည်။ တွေ့ခဲ့သလား မတွေ့ခဲ့သလား မပြောတတ်။ သို့သော်လည်း ရေကူးနည်းရှာသလိုသာဖြစ်မည်မှန်း သိပြီးသားဖြစ်သည်။ ကျွန်တော်က အလုပ်သစ်အပေါ် ထိုကဲ့သို့ မပြတ်မသား ဖြစ်တတ်ရုံမက မိမိကျွမ်းကျင်သော အလုပ်ကို သူစိမ်းရှေ့တွင် လုပ်ပြဖို့လည်း အမြဲတမ်း ခက်တတ်သည်။ မရလည်း ထားလိုက်နော်ဟု လာပြောလျင် ကိုယ်တတ်ကျွမ်းသောအလုပ်ကို ပို၍ မှားမှားယွင်းယွင်း လုပ်မိတတ်သည်။ အလုပ်သစ်တခုဆိုလျင်တော့ မျက်စိမျက်နှာလည်းပျက် ခြေမကိုင်မိ လက်မကိုင်မိလည်း ဖြစ်သွားသည်။ ကျွန်တော် အမြဲကံကောင်းသူ တယောက်ဖြစ်သည်။ ကျွန်တော့်ဘေးတွင် မည်သည့်အရာကိုမဆို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား လုပ်တတ်သော သူငယ်ချင်းများ အမြဲရှိသည်။ ထို့ကြောင့် ကျွန်တော် ထိုခြင်ထောင်ဝိုင်းကြီးကို မခေါက်တတ်တော့ဘူးဟု ပြောသည့်အခါ သူတို့ထဲက ဒါလေးများဟု ဆိုကာ တယောက်ယောက်ကတော့ ဝင်လုပ်ပေးတော့သည်။ မဟာဘုတ်ဗေဒင်အရ အင်္ဂါသိုက်ဖွား ကြာသပတေး အဓိပတိဖြစ်သောကြောင့်လား မသိ။ များသောအားဖြင့် ကျွန်တော့်ဘေးတွင် ရှိသော သူများသည် ကျွန်တော့်ကို ဆရာတင်ထားသူများသာ ဖြစ်နေတတ်သည်။