တောင်ကြီး၊ မန္တလေး၊ ရန်ကုန်နှင့် နေထွက်ရာအရပ်သို့ မျက်နှာမူပါ ကျွန်ုပ်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၏ နယ်စွန်နယ်ဖျားတွင်ရှိသော တောကျောင်းတကျောင်းတွင် နေထိုင်သူဖြစ်သည်။ ငယ်စဉ်ကတည်းက တောရွာတရွာတွင် မွေးဖွားခဲ့သည်။ ထိုတောရွာသည်လည်း တောင်ကြီးမြို့နယ်၏ အစွန်အဖျားတနေရာတွင် ရှိသည်။ ကျွန်ုပ်၏ ဘဝတဏှာသည် ဤရှမ်းပြည်နယ်၏ တောင်ကြီးမြို့နယ်တဝိုက်တွင်သာ စွဲမက်လျက်ရှိသည်။ အနမတဂ္ဂသံသရာတခုလုံး ဤဒေသ ဤဝန်းကျင်တွင်သာ သီလဗ္ဗတုပါဒါန်ဖြင့် ဝဲနွံနစ်နေခဲ့ဟန်ရှိ၏။ ဤသို့ဆိုရခြင်းမှာ ရှေးလူကြီးသူမများက မိမိကုသိုလ်ကောင်းမှု မပြုခဲ့ဖူးသော ဒေသသို့ရောက်လျင် မျက်စိလည်တတ်သည်ဟု ဆိုဆုံးမဖူးသောကြောင့်ပင်။ ကျွန်ုပ်သည် ဤတောင်ကြီး၏ အနီးတဝိုက်တွင်သာ ရှေ့နောက်တောင်မြောက်ကို မှား၍မမြင်ပါ။ အဖန်ဖန်လည်နေသော ကျွန်ုပ်၏ သံသရာဘီးသည် ဝင်ရိုးတခုတည်းပေါ်မှာသာ လည်နေပြီး လမ်းကြောင်းတခုခုပေါ်မှာမှ မတင်ခဲ့ဖူးပုံလည်းရသည်။ မည်သည့်နေရာသို့မှ လှိမ့်၍မသွားခဲ့။ ဤတောင်ကြီးနယ်မှ အပြင်ထွက်လိုက်သည်နှင့် ကျွန်ုပ် မျက်စိလည်တော့၏။ အနောက်ဘက်သို့ ဆင်းလိုက်သည်နှင့် ရှမ်းရိုးအဆုံးတွင် ရှေ့နောက်တောင်မြောက်ကို စ၍မှားပြီး မြင်ပြီဖြစ်သည်။ အရှေ့ဘက်သို့ သွားလျင် ပင်လုံဘက်သို့သွား၍မရ။ မျက်စိလည်သည်။ နန့်စန်ဘက်သို့သွားလျင်ကား အရှေ့တာကောတံတား ရောက်သည်အထိ အမြင်မမှားဖူး။ ထိုထက်ကျော်၍ မသွားဖူးသဖြင့် မသိ။ မြောက်ဘက်သို့သွားလျင်ကား ရပ်စောက်အကျော်တွင် အရှေ့အနောက်နှင့် တောင်နဲ့မြောက်သည် မျောက်လွဲကျော်လို ခုန်တော့သည်။ တောင်ဘက်ကိုသွားလျင် လွိုင်ကော်မြို့လယ်အကျော် သံတံတားကို ဖြတ်ပြီးသည်နှင့် ကျွန်ုပ်၏ အမြင်ကို ဆွဲလှည့်ခံရသည်။ ထိုလွိုင်ကော်ခရီးသည် ပင်လောင်းဘက်မှသွားလျင် ပင်လောင်း၏တောင်ဘက်သို့ ရောက်သည်နှင့် နေလုံးသည် ရှေ့နောက်တောင်မြောက်ပေါ်သို့ လင်းယုန်ငှက်ကဲ့သို့ ကျွန်ုပ်အားဝဲပျံပြသည်။ နောင်ဝိုးရွာကိုကျော်လျင် နေလုံးက သူ့နေရာသူပြန်ယူသည်။ လွိုင်ကော်သို့ အရှေ့ဘက်လမ်းမှ သွားလျင် ဆိုက်ခေါင်စံပြကျေးရွာနှင့် ဆီဆိုင်မြို့တို့သည် ကျွန်ုပ်မျက်စိအား
ထင်းရှာသူများ
ဟုတ်ပါတယ်။ ထင်းရှာတာပါ။ မြန်မာ့တော်လှန်ရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ထင်းရှာသူတဦးဖြစ်သည်ဆိုတဲ့ ထင်းရှာသူပါ။ ဆရာညီပုလေးရဲ့ မြေးသူကြီးကို ဘယ်ချိန်ဖတ်ဖတ် မြေသူကြီးလို့ပဲ ဖတ်ဖတ်မိသလို ကျုပ် ထင်းရှာသူကို ထင်ရှားသူလို့ ဖတ်မိသွားကြလေမလားလို့ အထူးပင် ရင်လေးနေရပါတယ်။ စာအုပ်တအုပ်နာမည်ကို ထည့်ရေးလိုက်လို့ အဲစာအုပ်ကို ဖတ်တယ်၊ ဖတ်ဖူးတယ်လို့ မထင်ပါနဲ့။ မဖတ်ဖူးဘူးလို့လည်း မထင်ပါနဲ့။ ဖတ်ဖူးခြင်း မဖတ်ဖူးခြင်းကလည်း ထင်းရှာခြင်းအကြောင်းနဲ့ မဆိုင်လို့ ပြောမပြနိုင်ပါဘူး။ အားလုံးကို စွန့်လွတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ်ဆိုသလိုပဲ အားလုံး သိချင်နေရင်တောင်မှ ပြောဆိုပိုင်ခွင့်ကို ကျုပ်ပိုင်တာမို့ ပြောမပြတော့ပါဘူး။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်း ထင်းရှာမယ့်အကြောင်းကို ဆက်ပြောမယ်။ ရန်ကုန်မှာ လျှပ်စစ်မီးကို ၁၉၃၃ မှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံကတဆင့် လျှပ်စစ်မီး ဖြန့်ခဲ့တယ်။ ဗိုလ်ချုပ်တို့က ၆ မိုင်ခွဲမှာ နေကြတာဆိုတော့ လျှပ်စစ်မီးရရင် ရမှာ။ ရချင်မှလည်း ရမှာ။ ၆ မိုင်ခွဲဆိုတာ ရန်ကုန်မှာ ဟုတ်မဟုတ် မသိဘူး။ ဟုတ်ခဲ့ရင်တောင် မီးပေးတဲ့နေရာနဲ့ အိမ်နဲ့ ဘယ်လောက်ဝေးလဲ မသိဘူး။ လျှပ်စစ်မီးရတယ် ဆိုဦးတော့ သူတို့လက်ထပ်တာက ၁၉၄၂ ခုနှစ်။ အဲအခုနှစ်က ထင်းမီးနဲ့ ချက်ရမယ့် ထမင်းအိုးစနစ်ကို အိုးတော်လှန်ရေးဆိုတဲ့ လျှပ်စစ်ပေါင်းအိုး တော်လှန်ရေးတရပ် မပေါ်ပေါက်သေးဘူး။ ၁၃ နှစ်လိုသေးတယ်။ ဒီတော့ သေချာပေါက် ဒေါ်ခင်ကြည်က ထမင်းနဲ့ဟင်းကို ထင်းမီးနဲ့ ချက်ရမှာပဲ။ ဒီထင်းကို ဘယ်သူရှာပေးမလဲ။ ဗိုလ်ချုပ်အောင်ဆန်းပေါ့။ အိမ်သူသက်ထား သက်တောင့်သက်သာ ထမင်းချက်နိုင်ဖို့ တာဝန်က အိမ်ထောင့်ရှင် ယောက်ျားမဟုတ်လား။