“ခေါင်းပါးခြင်း” ဆိုတာက ရေးနိုင်သူတွေရေးပြီး ထုတ်နိုင်သူတွေ ထုတ်ဝေထားကြတဲ့ စာအုပ်၊ ဂျာနယ်၊ ကျမ်းစာတွေဆီမှာ ဝေးဝေးမှတခါ ပါလာတတ်တဲ့ စာတလုံးမျှသာဖြစ်ပါတယ်။ ပြောခြင်း၊ ဆိုခြင်း၊ ဩဝါဒတရားနဲ့ မိန့်ခွန်းစတာတွေမှာ တခါမှတလေ ညှပ်ပါလာတတ်တဲ့ စကားတခွန်းလောက်ပဲ။ မကြီးကျယ်ပါဘူး။ ကြီးကျယ်စရာ အကြောင်းလည်း မရှိပါဘူး။ ကြီးကျယ်နေရင်လည်း ဒီမောင်နဲ့ မဆိုင်ပါဘူး။ ခေါင်းပါးခြင်းကို စာဆန်ဆန်ပြောရရင် “ဝေါဟာရတခု” ပေါ့လေ။ ဟုတ်ကဲ့ သကောင့်သား ဟောဒီမောင်ကနေပြီးတော့ “ခေါင်းပါးခြင်း” ဆိုတဲ့ ဝေါဟာရသေးသေး ကလေးကို နည်းနည်းပါးပါး ချဲ့ကားပါရစေ။ အစအားလုံးရဲ့ အစအနေနဲ့ ဖြစ်တည်မှုကနေ စရမှာပဲ။ ဝေါဟာရတခု ဖြစ်တည်လာရပုံအမျိုးမျိုး ရှိပါတယ်။ ဝေါဟာရတခုဟာ ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းသလို ဖန်ဆင်းခံရတာမျိုး ရှိတတ်ပါတယ်။ ဥပမာ ဘောင်းဘီဝတ်မိုးတိမ်။ ‘ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းသလို’ လို့ ပြောတဲ့အတွက် ဘောင်းဘီဝတ်မိုးတိမ်ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ဗလာဒီမီယာ မာယာကော့စကီးကို ဘုရားသခင်နဲ့ နှိုင်းစာမိသလို ဖြစ်သွားမလား။ သို့ငြား ဥပမာအဖြစ်မို့ ဥပမာကို ဥပမာလို့ပဲ မှတ်သင့်ပါတယ်။ ဥပမာလို့ မမှတ်နိုင်ရင်တောင်မှ ကဗျာရေးတဲ့ ကဗျာဆရာကို ဘယ်သူကမှ ဘုရားသခင်အမှတ်ထားပြီး ကိုးကွယ်ကြမှာ မဟုတ်ဘူး။ လူတွေက မင်းတို့က မတော်ရမ်းကား မိုက်မဲလှချည့်တကား ဒီလို နေထိုင်ကြလို့ ဆိုပြီး ဒဿနတွေ အတွေးအခေါ်တွေ ရေးတဲ့လူတွေကိုပဲ ကိုးကွယ်ကြတာ။ မာရီယာဆိုတဲ့ ကောင်မလေးတယောက်ကို ကြွေတာနဲ့ မိုးတိမ်ကို ဘောင်းဘီထဲ ထည့်ထားတဲ့ မာယာကော့စကီးနဲ့ သင်ယူခဲ့တဲ့ ပညာကို လက်တွေ့အသုံးချလိုက်ရရင် ပျော်စရာဖြစ်သွားပါတယ်လို့ပြောတဲ့