တောင်ကုန်းဟု ပြောလိုက်တော့ စိတ်က စနိုးစနောင့်ဖြစ်သွားသည်။ တောင်ထိပ်ဟု ပြောရမည်လား တချက်တွေးသေးသည်။ ပိုဆိုးကုန်မလားဆိုသည့် ကြောင့်ကြစိတ်က ဝင်လာပြန်သည်။ အကြောင်းမှာ ဗမာစကားကို ပြောသည့်အခါ၌ လိင်ကိစ္စနှင့် ဆက်နွယ်နေသည့် အသုံးအနှုန်းများကို ရှောင်ကြဉ်၍ ပြောကြသည့် ယဉ်ကျေးမှုတခု ထွန်းကားနေသောကြောင့် ဖြစ်သည်။ လိင်ကိစ္စနှင့် အတော်ကလေး နီးစပ်လျင် မည်သူမဆို ထိုအသုံးအနှုန်းကို မိန့်ခွန်း၊ အစည်းအဝေး၊ သင်ကြားခြင်း၊ စကားဝိုင်းတွင် အားလုံးက သတိထားပြီး ရှောင်ရှားကာပြောသည်။ သိပ်မနီးစပ်သည့် စကားလုံးကိုပင် အရေးကြီးသည့် ပြောရေးဆိုရာကိစ္စများ၌ တမင်ရှောင်ပြီး ပြောရသည်။ ထိုစကားမျိုးကို ဥပမာပေးမည်ဟု စဉ်းစားလိုက်သေးသည်။ စကားလုံးများက ထွက်မလာ။ စာမကြည့်လာသည့်နေမှ အကြောက်ရဆုံးဆရာက စာမေးလိုက်သလို ဖြစ်နေသည်။ ကျွန်တော်မှာ တသက်လုံး ဗမာစကားသာ ပြောလာခဲ့သဖြင့် ဗမာစကားကို အကုန်နီးပါး တတ်ပါသည်။ သို့သော် အခုမူ အရေးရယ် အကြောင်းရယ်ဆိုလျင် ယောင်နနဖြစ်လေ့ရှိသည့် အကျင့်ကြောင့် ဥပမာပေးဖို့ စကားလုံး ရှာမရဖြစ်နေသည်။ ထို့ကြောင့် အထက်ပါ စနိုးစနောင့်ဖြစ်မိသော စကားလုံးမှစ၍ အခြားသော စကားလုံးများကို ဤစာဖတ်မိသည့်သူများ ထိုစကားလုံး အမျိုးအစားများကို သိမည်ဟု ထင်ပါသည်။ ကျွန်တော်ပြောလိုက်မှ ဆိုးသွားလျင်တော့ တောင်းပန်ပါ၏။ သို့ငြားလည်း ကာတစ်ဆိုသော စကားကို အခုအချိန်တွင် မည်သူမှ မပြောဆိုတော့မှုကို ထောက်ခြင်းအားဖြင့် ကာလရွေ့လျောမှုက အလေးထားရသော သတ်မှတ်ချက်များကို ပြောင်းလဲပေးနိုင်၍လား မဆိုတတ်။ ထို လိင်ကိစ္စနှင့် စပ်နွယ်သော စကားလုံးမျိုးကို ရှောင်ရှားနေရဆဲ ပုဂ္ဂိုလ်များ ရှိနေချိန်တွင် ထိုကိစ္စကိုမှ နှိုက်နှိုက်ချွတ်ချွတ်ပြောသည့်သူများ ပေါ်လာ၏။