“ဆရာတော် ဟောထားတဲ့ အနတ္တတရားကြောင့် ဆရာတော်ဆီလာခဲ့ရပါတယ်ဘုရား” “ကောင်းပါတယ်။ ဘုန်းကြီးဟောထားတယ် ဆိုပေမယ့် တကယ်တော့ ဗုဒ္ဓမြတ်စွာ ဟောထားတာပါ၊ ဘုန်းကြီးက တစ်ဆင့် နားလည်အောင် ရှင်းပြတာပါ” “တပည့်တော် ကက်ဆက်ကနေ တရားနာတော့ အရှင်ဘုရားက အနတ္တအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဟောထားတာကို ပိုသိချင်လို့ လာခဲ့ရတာပါဘုရား” “ဟုတ်ပါတယ် ဒကာကြီး ၊ အနတ္တအကြောင်းက နားလည်ရခက်တယ်။ နက်လည်းနက်နဲတယ်။ ခက်လည်းခက်တယ်။ သိမ်လည်း သိမ်မွေ့တယ်၊ ကျယ်လည်းကျယ်တယ်။ သိလည်း သိနိုင်ခဲတယ်” “တင်ပါ့ဘုရား” “အနတ္တအကြောင်းပြောမယ် ဆိုရင် အတ္တအကြောင်း စပြောမှ ဖြစ်မယ် ၊ အတ္တနဲ့ပတ်သက်ပြီး ပညာရှင်တွေ အမျိုးမျိုး တွေးခေါ်ခဲ့ကြတယ်။ အတ္တရဲ့ ပုံပန်းသဏ္ဍာန်၊ တည်ရာ၊ နာမည်၊ သတ္တိ စတာတွေ ဘာကြောင့် အတ္တဖြစ်နေတာတွေကို ပညာရှင်တွေ ရှာဖွေ ခဲ့ကြပါတယ်။ တချို့ပညာရှင်တွေက တယ်လီစကုတ်နဲ့တောင် မမြင်နိုင်တဲ့ အရာလို့ ဆိုကြတယ်။ တစ်ချို့က တစ်ကိုယ်လုံးပျံ့နှံ့နေတယ် လို့ ဆိုကြတယ် ၊ တစ်ချို့ကျတော့လည်း အတ္တဆိုတာ ဘုရားသခင်ပဲ လို့ ဖန်ဆင်းရှင်ပဲလို့ တွေးခေါ်ခဲ့ကြတယ်၊ တစ်ချို့ကျတော့လည်း ကိုယ်တစ်ခုတည်း အတ္တတွေ အများကြီးလို့ ယူဆကြတယ်” “တယ်လည်းများပါလားဘုရား” “ဟုတ်တယ် ဒကာကြီးရဲ့ ၊ တချို့လည်း နှလုံးကို အတ္တလို့ ဆိုကြတယ်၊ တချို့ကျတော့လည်း လရောင် ပုံစံရှိတယ် လို့ အမျိုးမျိုး ကြံကြတယ်” “အော် လက်တွေ့မဟုတ်ပဲနဲ့ ကြံဆချက်တွေ ပဲပေါ့” “ဟုတ်တယ် ။ တွေးခေါ် မှန်းဆချက်တွေချည်းပဲ၊