ကျွန်တော် ဤဖာမီဝိရောဓိ ဆိုသော စကားလုံးကို အတော်ပင် ကြိုက်သွားမိ၏။ ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်မှတ်မိနေဆဲ အကြောင်းတခုကြောင့် ဖြစ်ပါသည်။ လူတယောက်က “မြန်မာနိုင်ငံတွင် မည်ကဲ့သို့သော ပဋိပက္ခများပင် ရှိနေစေဦးတော့၊ အကောင်းမြင်စိတ်ဖြင့် မြန်မာ့လူမှုရေးနှင့် စီးပွားရေး တိုးတက်စေရန်အတွက် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်သင့်ကြောင်း၊ လက်ရှိ ရင်းနှီးမြုပ်နှံထားသည့် စီမံကိန်းများကိုလည်း ထပ်မံတိုးချဲ့သင့်ကြောင်း၊ ထပ်မံ ပေါ်ပေါက်လာမည့် မူဝါဒအသစ်များနှင့် အလိုက်သင့်အလျားသင့် ဆောင်ရွက်နိုင်ကြောင်း” စာတစောင်ကို ဖတ်လိုက်ရခြင်းကြောင့် ဖြစ်သည်။ ထိုသူပြောချိန်က အာဏာသိမ်းပြီး တစ်နှစ်ပြည့်ပြီးသော အချိန်တွင် ဖြစ်ပါသည်။ သိပ်မထူးခြားပါပဲနဲ့ဟု ပြောချင်စရာကလေးတော့ ရှိသည်ပေါ့။ သို့သော်လည်း ထိုစကားကို ပြောခဲ့သူသည် တချိန်က ကျွန်တော်နေခဲ့သည့်ကျောင်းသို့လာ၍ ကျွန်တော့်သင်တန်းသားများကို ဒီမိုကရေစီ အကြောင်းကို အာဘောင်အာရင်းသန်သန်နှင့် ဝင်ဟောပြောခဲ့သူ တဦးဖြစ်ပါသည်။ မြန်မာတဦးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နေပုံမရ။ ထိုစကားကိုလည်း ထိုသူက အင်္ဂလိပ်လို ပြောခဲ့ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီဆိုသော စကားလုံးများကို သုံးကြသည့် အဖွဲ့အစည်းတခုမှဟု ယူဆရသည့် ထိုသူကြောင့် ဖြစ်ပါသည်။ ကျွန်တော် ရုပ်ရှင်ကြည့်သူ တဦးဖြစ်သည်။ ထို့ကြောင့် ထိုသူ၏ အပြုအမူကို ရယ်မောမိရင်း ကြည့်ဖူးခဲ့သည့် ရုပ်ရှင်တခုက အသိစိတ်ထဲ အတင်းအဓမ္မတိုးဝင်လာခဲ့သည်။ ဇာတ်ကားကို ကျောင်းသားထုများ ဆန္ဒပြနေသည့် ဇာတ်ကွက်ဖြင့် စထားသည်။ ခေါင်းဆောင်ဖြစ်သော ကျောင်းသားကိုလည်း ဦးစားပေးပြီး ပြပေးသည်။ မကြာမီ ထိုဆန္ဒပြကျောင်းသားထုကြီးက အနှိမ်နင်းခံရလေသည်။ သို့သော်လည်း ခေါင်းဆောင်ကျောင်းသားက ရသည့်အခွင့်အရေးကို အသုံးချကာ ထပ်မံ၍ ဆန္ဒပြသည်။ အနှိမ်နင်းခံရပြန်သည်။ ခေါင်းဆောင်ကျောင်းသားသည်