• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

လူများ၊ နေထိုင်မှုများ၊ ဘဝ (၁)

ဆရာမြသန်းတင့်ရဲ့ လူများ၊ သက္ကရာဇ်များ၊ ဘဝဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆင်တူလေး ဖန်တီးမိတာကို ကြိုတောင်းပန်ပါတယ်ခင်ဗျား။ ကျွန်တော်ပြောချင်တာနဲ့ ခေါင်းစဉ်နဲ့က သွားတူနေလို့ ခေါင်းစဉ်ကို ခပ်ဆင်ဆင်လေး ခိုးမိတာပါ။ ခေါင်းစဉ်ပဲ တူတာပါ။ ဘာမှ မတူပါဘူး။ ဆရာနဲ့ နှိုင်းတာလည်း မဟုတ်ပါဘူးခင်ဗျ။

ကျနော်တို့အားလုံးသော လူသားများဟာ သူတို့ရဲ့ နေထိုင်မှုကြောင့် သူတို့ဘဝတွေ ဖြစ်တည်နေကြရပါတယ်။ ဘဝဆိုတာတေွ ဖြစ်လာရတာက သူတို့ရဲ့ နေထိုင်မှုကြောင့်ဆိုရင်လည်း မမှားပါဘူး။ အဲဒီဘဝဆိုတာလေးကို ကျနော်က ဆရာမ Ms. Walra Peepathum ရဲ့ Presentation တစ်ခုကို မှီငြမ်းပြီးတော့ ပြောပါရစေ။

ဘဝ သုံးမျိုးရှိတယ်။

  1. ရှင်သန်နေတဲ့ဘဝ
  2. သေနေတဲ့ဘဝ
  3. သရဲလိုဘဝ

၁။ ရှင်သန်နေတဲ့ ဘဝ

ဘယ်လိုနေထိုင်မှုမျိုးကြောင့် ရှင်သန်နေတဲ့ ဘဝဖြစ်ရတာလဲ။ ရိုးရှင်းတဲ့ နေထိုင်မှုကို ပိုင်ဆိုင်ထားရင် ရှင်သန်နေတဲ့ ဘဝကို ရမှာပဲ။ အာဟာရရှိတဲ့ အစားအစာလေးတွေ စားလို့ ကျောတခင်းစာ နေစရာနေရာလေးလည်း ရှိလို့ ရာသီနဲ့ သင့်တင့်လျောက်ပတ်တဲ့ အဝတ်အစားတွေလည်း ရှိလို့ဆိုရင် ရိုးစင်းတဲ့ နေထိုင်မှုလို့ ပြောလို့ရပါတယ်။ ညဘက် ကျောင်းလေးခင်းလိုက်တာနဲ့ အတိတ်က အကြောင်းကိုလည်း တွေးစရာမလို အနာဂတ်ကိုလည်း ပူပန်နေစရာမလို နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ရင် ရိုးစင်းတဲ့ နေထိုင်မှုလို့ ဆိုနိုင်ပါတယ်။ လိုအပ်ချက်တွေ များများစားစား မထားဘဲ မိမိရသင့်တာထက် ပိုလွန်လာရင် လှူတာ ဒါန်းတာလေးလည်း ပြုလုပ် အများအကျိုးလေးလည်း သယ်ပိုးဆိုရင် ရိုးရှင်းတဲ့ နေထိုင်မှုကလေးပါပဲ။ ရရှိထားတဲ့ အလုပ်ကလေး ပြုတ်သွားမှာ အဖြုတ်ခံရမှာ စိုးရိမ်ပူပန်နေစရာ မလိုဘူး။ လကုန်ရင် သူဌေးရဲ့ အခြေအနေကို မော်ကြည့်နေစရာမလိုဘူးဆိုရင် ရိုးရှင်းတဲ့ နေထိုင်မှုပါပဲ။ ဘဝရဲ့ အခြေခံအချက်ဖြစ်တဲ့ စားဝတ်နေရေးအတွက် အလုပ်ကို အေးအေးဆေးဆေးလုပ်ပြီး နေ့လယ်နေ့ခင်းမှာ တရေးတမောအိပ် သို့မဟုတ်လည်း စာလေးပေလေးဖတ်နေနိုင်တဲ့ နေထိုင်မှုမျိုးဟာလည်း ရိုးရှင်းတဲ့နေထိုင်မှုပဲ။ သားလေး သမီးလေးရှိရင် သူတို့ကို အချိန်ပေးနိုင်တယ်။ လိမ္မာရေးခြားရှိအောင်လည်း တရားဓမ္မတွေနဲ့ သွန်သင်ပေးနိုင်တယ်ဆိုတဲ့ နေထိုင်မှုမျိုးရှိရင် သင်ဟာ ရှင်သန်တဲ့ဘဝကို ပိုင်ဆိုင်ထားသူပါပဲ။

၂။ သေနေတဲ့ ဘဝ

သေနေတဲ့ ဘဝကို ပိုင်ဆိုင်ထားရခြင်းကလည်း သင့်နေထိုင်မှုတွေက သေနေလို့ ဖြစ်ပါတယ်။ တနင်္လာနေ့ မနက်ဆိုတာနဲ့ သင့်စိတ်တွေ မွန်းကြပ်လာပြီ။ မနက် ၈ နာရီထိုးတာနဲ့ အခြေအနေ အားလုံးကို မေ့ထားပြီး ရုံးတစ်ခုခု၊ ကုမ္ပဏီတစ်ခုခု၊ အလုပ်လုပ်တစ်ခုခုကို မဖြစ်မနေ သင်သွားရမယ်ဆိုရင် သင့်နေထိုင်မှုက သေနေတဲ့ နေထိုင်မှုပါပဲ။ သူဌေးတွေ သို့မဟုတ် သူဌေးအလိုတော်ရိတွေ စိတ်လိုလက်ရထုတ်ထားတဲ့ မလျော်မကန်စည်းကမ်းတွေကို သင်ကြိတ်မှိတ်ပြီး မှန်ပေးနေရရင် သင့်နေထိုင်မှုက သေဆုံးနေတဲ့ နေထိုင်မှုပဲ။ သောကြာနေ့ ပလီတက်ချင်ပေမယ့် ရုံးမပိတ်လို့။ တနင်္ဂနွေနေ့ ဘုရားကျောင်းသွားချင်ပေမယ့် တနင်္လာကနေ သောကြာနေ့အထိ ပစ်ထားရတဲ့ အိမ်မှုကိစ္စတွေများနေလို့၊ ဥပုသ်နေ့ ဘုန်းကျောင်းတက်ချင်ပေမယ့် ရုံးဖွင့်ရက် အလုပ်လုပ်ရမယ့်ရက်ကြီးဖြစ်နေလို့ ကိုယ့်အားထားရာ ဘာသာတရားကြီးကိုတောင် မျက်စိမှိတ်မေ့ပစ်နေရရင် သင့်နေထိုင်မှုက သေဆုံးနေတဲ့ နေထိုင်မှုပါပဲ။ လစာထုတ်ရက် လစာအဖြတ်ခံရမှာ စိုးနေရရင်၊ ခြောက်လပြည့်လို့ ဘောနပ်အပြည့်အဝမရမှာ ပူနေရရင် အစားအသောက်ကို ချွေတာလိုက်ရ အနေအထိုင်ဆင်ခြင်လိုက်ရဖြစ်နေရရင် သင်ဟာ သေဆုံးနေတဲ့ နေထိုင်မှုနဲ့ နေသူပဲ။ အဲဒီကနေ အလုပ်စွဲလန်းမှုရောဂါတွေရ၊ စိတ်ဖိစီးမှုတွေများပြီး မိဘအပေါ် သားသမီးအပေါ် မိတ်သင်္ဂဟများအပေါ် ကောင်းကောင်းမွန်မွန်မဆက်ဆံနိုင်တော့ရင် သေနေတဲ့ နေထိုင်မှုမျိုးနဲ့ နေထိုင်မိလို့ပါပဲ။ ရရှိထားတဲ့ အလုပ်ကို မပြုတ်အောင် ခရိုနီမှန်း သိပေမယ့် အဖေခေါ်ရ၊ အော်လီဂါခီမှန်းသိပေမယ့် ဆရာခေါ်ရ၊ ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရ၊ အလုပ်မပြီးမှာ စိုးရိမ်ရ၊ အထက်ဖားအောက်ဖိလုပ်ရဆိုတဲ့ နေထိုင်မှုမျိုးကို သင်ပိုင်ဆိုင်ထားပြီဆိုရင်ဖြင့် သေချာတယ်။ သင်ဟာ သေနေတဲ့ဘဝကို ပိုင်ဆိုင်ထားသူပဲ။

၃။ သရဲလိုဘဝ

ဘယ်လို ဘဝမျိုးက သရဲလို ဘဝမျိုးဖြစ်ရတာလဲ။ ဒု,သ,န,သော ပြစ်မှုမျိုးဖြစ်တဲ့ ကြာကူလီမှုများ၊ စနိုက်ကျော်မှုများနဲ့ သူများရဲ့မိသားစုရှေ့ရေးကို ဖျက်ဆီးပြီးနေရတဲ့ နေမိတဲ့ နေထိုင်မှုမျိုးဟာ သရဲလို နေထိုင်မှုမျိုးပါပဲ။ အဲပြီးတော့ တစ်ခုခုကို အရမ်းကြီးစွဲလန်းနေတာ၊ ဘာသာရေး အစွန်းရောက်နေတာ၊ လူမျိုးရေးအစွန်းရောက်နေတာတွေအပြင် အရက်မသောက်ရ မနေနိုင်တာ၊ ဆေးလိပ်မသောက်ရ မနေနိုင်တာ၊ မူးယစ်ဆေးတမျိုးမျိုးစွဲလန်းနေတာတွေဟာ သရဲလိုနေထိုင်မှုမျိုးနဲ့ နေထိုင်ရတော့တာပါပဲ။ နောက်တစ်ခုက ခေတ်မီပစ္စည်းတွေလောက် လိုက်လွန်းတာ၊ ဘရင်းမှ ကြိုက်တာ၊ နောက်ဆုံးထွက်ဆိုတာမှ ကိုင်ချင်တာတွေဟာ သရဲလို နေထိုင်ရစေတာပါပဲ။ ပြီးတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေတာ၊ မတွေ့မမြင်ချင်တဲ့သူတွေ ရှိနေတာ၊ ကိုယ့်နေထိုင်မှုက ကိုယ့်ကို ဖျက်ဆီးနေတာဆိုရင် သရဲလိုနေထိုင်ရတာနဲ့ အတူတူပါပဲ။ သင်အခု သရဲတကောင်လို နေထိုင်နေရတာလား။

ကဲ။ ဘဝ သုံးခုအကြောင်းကတော့ ရှင်းနေတာပဲလို့ ဆိုရမယ်။ သင်ဘယ်လို ဘဝထဲမှာနေထိုင်နေတာလဲ။ ရှင်သန်နေတဲ့ဘဝလား။ သေနေတဲ့ဘဝလား။ သရဲလိုဘဝနဲ့လား။ ဥပမာ ဥပမေယျတွေက အများကြီးပေးလို့ရပေမယ့် အဖွင့်လေးဖွင့်ပြလိုက်ရုံနဲ့ အရိပ်ပြအကောင်ထင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်လို့ တိုတိုလေးပဲ ရေးလိုက်ပါရစေ။

Related Posts

  • တောင်းပလုံး

  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်

  • ဘီလူးဆိုင်း

Recent Posts

  • တောင်းပလုံး
  • အခုတ်ခံလိုက်ရတဲ့ သစ်တပင်
  • ဘီလူးဆိုင်း
  • Data
  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress