• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Enneagram Type Seven Level

The Enthusiast ဖြစ်တဲ့ စိတ်အားထက်သန်သူ တက်ကြွသူတစ်ယောက်အတွက် သူ့ရဲ့ ပါဝင်မှု အဆင့်ဆင့်က စိတ်ဝင်စားစရာ ကောင်းမယ်လို့ထင်ပါတယ်။ Enneagram ဆိုတာ လူတကာတို့ရဲ့ Action နဲ့ Speech ကိုကြည့်တာ မဟုတ်ဘဲ သူတို့ရဲ့ အတွင်းပိုင်းဘက်က အသာလေးဖွက်ထားတဲ့ Feeling, Thought, Expectation, Value နဲ့ Worldview ကိုကြည့်ရတာဖြစ်ပါတယ်။ ဒါကြောင့် နက်နက်နဲနဲကြည့်မှ မြင်နိုင်ပါတယ်။ သူများကို လေ့လာဖို့ မဟုတ်ပါဘူး။ မိမိကိုယ်ကို ပြန်ကြည့်ဖို့ ဖြစ်ပါတယ်။ မိမိကိုယ်ကိုကလည်း နက်နက်နဲနဲ ပြန်ကြည့်နိုင်မှ မြင်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ပြန်မြင်ပြီးမှ သူတပါးကို မြင်နိုင်မှာဖြစ်ပါတယ်။

ပါဝင်မှုအများဆုံးအဆင့်

အဆင့် (၁) သူတို့ စွမ်းနိုင်သမျှ သူတို့သိသမျှ အားအကုန် ထုတ်သုံးတတ်သော အလေ့ကြောင့် နက်နဲသော အတွေ့အကြုံများ ရှိတတ်သည်။ သူတို့ဘဝက ရိုးရှင်းသည့်အလျောက် ပီတိ သောမနဿတို့ဖြင့် ပြည့်နက်နေတတ်၏။ နာမ်ပိုင်းဆိုင်ရာ ဝိဉာည်ပိုင်းဆိုင်ရာများကို အနက်ရှိုင်းဆုံးထိ လေ့လာလိုက်စားတတ်၏။ သူတို့ဘဝကို အကောင်းအမွန်များဖြင့်သာ ကန့်သတ်ထားတတ်၏။

အဆင့် (၂) သူတို့၏ အတွေ့အကြုံအရ သူတို့၏ စိတ်အားထက်သန်သော နေထိုင်မှုအရ စိတ်ဝင်စားဖွယ်များသည်။ အရာရာကိုလည်း ကြီးကြီးကျယ်ကျယ်တုန့်ပြန်တတ်သည်။ ဘွင်းဘွင်းသမားအမျိုးအစား ဖြစ်သည်။ သူများ၏ အပြုအမူအပေါ် ချက်ချင်းလက်ငင်းတုန့်ပြန်တတ်သည်။ သူတို့ထံတွင် စိတ်အားထက်သန်မှု၊ သွက်လက်မှု၊ ဖျတ်လတ်မှု၊ စိတ်စောမှု၊ ကောက်ကာငင်ကာ ထလုပ်တတ်မှု၊ အခက်အခဲဒဏ်ကို ခံနိုင်မှုနှင့် ရွှင်လန်းမှုတွေကို အစဉ်တွေ့ရမည်ဖြစ်သည်။

အဆင့် (၃) အလုပ်များကို အလွယ်တကူ ပြီးမြောက်အောင် လုပ်တတ်သူများဖြစ်သည်။ မည်သည့်အခက်အခဲကို မဆို အလွယ်တကူ ကျော်ဖြတ်နိုင်သူဖြစ်သည်။ ဘက်စုံ စွမ်းရည်ရှိသည်။ မည်သည့်အလုပ်ကိုမဆို လက်တွေ့လုပ်သည်။ အကျိုးရှိအောင် လုပ်တတ်သည်။ သူတို့လို မျိုးဆက်ကိုလည်း ထားခဲ့တတ်သည်။ သူတို့ဝါသနာပါသည့်အလုပ်၌ ဇောက်ချလုပ်တတ်သည်။

အသင့်အတင့်ပါဝင်သူများ

အဆင့် (၄) မိမိလုပ်ကိုင်လိုသည့်အရာအတွက် ရွေးချယ်စရာတွေ များလာသည့်အခါ အနားမရဖြစ်တတ်သည်။ အရာရာတိုင်းအပေါ် စိတ်ဝင်စားသည့်အတွက် သူတို့က ဗဟုသုတဟင်းပေါင်းအိုးကြီး ဖြစ်တတ်သည်။ သို့သော် တစ်ခုမှ ကောင်းကောင်းမတတ်တာလည်း ဖြစ်တတ်သည်။ အသစ်အသစ်သောအရာ အသစ်အသစ်သော အတွေ့အကြုံနောက် လိုက်နေတတ်သည်။ ခေတ်မီသူများဖြစ်ကြသည်။ ရသစာပေစသည်ကို နားလည်သည်။ သူကိုင်တွယ်သည့်အရာအားလုံးက နောက်ဆုံးပေါ်ဖြစ်မှ ကြိုက်သည်။ နောက်ဆုံးပေါ်ဖြစ်ဖို့လည်း အရေးကြီးသည်။ စားသုံးသူများ(Consumers) ဖြစ်လေ့ရှိသည်။

အဆင့် (၅) သူတို့ လိုချင်လာပြီဆိုလျင် အကောင်းအဆိုး မခွဲခြားတတ်တော့။ ကောက်ရိုးမီးများ ဖြစ်လေ့ရှိသည်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဟု ပြောလေ့ရှိသည်။ အလုပ်ပြီးအလုပ် ဆက်တိုက်လုပ်နေတတ်သည်။ သူတို့စိတ်ထဲပေါ်လာတာကို အရှက်အကြောက်မရှိ ပြောတတ်သည်။ လုပ်တတ်သည်။ ပုံပြောသူများ ဖြစ်တတ်သည်။ ဟိတ်ဟန်များသည်။ အပိုဆာဒါးတွေ သိပ်ပြောတတ်သည်။ အသိဉာဏ်မဲ့လုပ်ရပ်များ လုပ်တတ်သည်။ ဟန်ရေးကောင်းသည်။ ပျင်းတာကြောက်စရာ အကောင်းဆုံးဟု ယူဆသည်။ ထို့ကြောင့်သူတို့သည် အငြိမ်မနေသူများ ဖြစ်သည်။ လုပ်စရာတွေလည်း အမြဲတမ်းများနေတတ်သည်။ စိတ်ကူးကောင်းသော်လည်း လိုက်လုပ်နိုင်စွမ်းရည် နည်းနည်းသာ ရှိသည်။

အဆင့် (၆) မိမိသည် အကောင်းစား Brand ကိုမှ ကြိုက်တတ်သူအဖြစ် ခံယူကာ အသစ်မှန်သမျှ ဝယ်ယူတတ်သည်။ အတ္တကို ဗဟိုပြုသည်။ ရုပ်ဝါဒကိုးကွယ်သူ ဖြစ်သည်။ အလိုရမ္မက်ကြီးသည်။ သူတို့ကိုယ်သူတို့ ပြီးပြည့်စုံပြီဟု ဘယ်တော့မှ မခံယူ။ မိမိအတွက်ကိုသာ တောင်းဆိုတတ်သည်။ ရတနာပစ္စည်းများအပေါ်လည်း ရောင့်ရဲသည်ဟူ၍ မရှိတတ်။ အစွဲအလန်းလည်းကြီးသည်။ မိမိကသာ မှန်သည်ဟု တင်းခံတတ်သည်။ တပါးသူအတွက် မခံစားတတ်။

ပါဝင်မှုအနည်းဆုံး

အဆင့် (၇) ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အမြဲတစေ နှိပ်ကွပ်ထားတတ်သည်။ တစ်ခုခုကို လိုအပ်လျင် ကလေးငယ်လိုမျိုး ပူဆာနေတတ်ပြီး ဘယ်တော့မှလည်း အဆုံးမသတ်တတ်။ သူတို့၏ စွဲလန်းမှု၊ သူတို့၏ လွန်ကဲမှုက သူတို့ဘဝကို အဆုံးသတ်စေတတ်သည်။ ကာမရာဂလိုက်စားတတ်သည်။ အကျင့်ပျက်တတ်သည်။ အပျော်တော၌ မရုန်းထွက်နိုင်အောင် ဖြစ်တတ်သည်။ ဘဝကို ကြမ်းကြမ်းတမ်းတမ်း ရင်ဆိုင်သည်။

အဆင့် (၈) လူ့စည်း လူ့ဘောင်က လွှတ်နေတတ်သည်။ စိုးရိမ်စရာကောင်းသော၊ အပျက်ဘက်ကို ဦးတည်သော အလုပ်များကို စိတ်လိုက်မာန်ပါ လုပ်တတ်သည်။ မိမိကိုယ်ကို မထိန်းချုပ်နိုင်။ လေ့လွင့်သူနဲ့ တူသည်။ မထိန်းသိမ်းသော အပြုအမူများစွာကို ပြုလုပ်တတ်သည်။

အဆင့် (၉) ကျန်းမာရေးထိခိုက်သည်အထိ စွမ်းအားကုန်သည်အထိ အစွမ်းကုန် အလုပ်လုပ်တတ်သည်။ ရောဂါပေါင်းစုံထိုးနှက်ခံရတတ်သည်။ ပြစ်ဒဏ်ကြီးကြီးမားမား ခံရတတ်သည်။ တခါခါ ဘဝကို အရှုံးပေးတတ်သည်။ စိတ်ဖိစီးမှုဒဏ် ဝမ်းနည်းပူဆွေးမှုဒဏ်များ ပိနေတတ်သည်။ မိမိကိုယ်ကို ဖျက်ဆီးသော အလုပ်များကို လုပ်နေတတ်သည်။ အဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်သည်အထိ ဖြစ်တတ်သည်။

အခြား Type များကို ဆင်ခြင်ကြည့်လိုလျင် . . .

Enneagram Type One Level

Enneagram Type Two Level

Enneagram Type Three Level

Enneagram Type Four Level

Enneagram Type Five Level

Enneagram Type Six Level

Enneagram Type Eight Level

Enneagram Type Nine Level

Post navigation

Enneagram Type Six Level
Enneagram Type Eight Level

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress