ကျွန်တော် ဒုစရိုက်ဆယ်ပါးကို ရေးဖို့ အကြောင်းမရှိပါဘူး။ ဒုစရိုက်ဆယ်ပါးကို လူတိုင်းသိကြတယ်လေ။ ဒါနဲ့ ဒုစရိုက်ဆယ်ပါးထဲက သိပ်သံသယမရှင်းကြတဲ့ မိစ္ဆာဒိဋ္ဌိကိုပဲ ရေးလိုက်တယ်။ ရေးရင်းမုသာဝါဒကို ရေးချင်လာတာနဲ့ “မုသား” ဆိုပြီး ကဗျာတွေနဲ့ ရေးခဲ့တယ်။ ဒီပိုစ့်တွေ ရေးရတာကလည်း ကျွန်တော့်တို့ Myanmar Friends Day မှာ ကိုကိုမောင်ဆိုတဲ့ အဖွဲ့ဝင်တစ်ဦးက “ဒုစရိုက်ဆယ်ပါး အကြောင်း ဆွေးနွေးကြရအောင်” ဆိုပြီး ရေးထားတာလေးတွေကို ကူးပြီး ကျွန်တော့်ပုံစံပြင်လိုက်ရုံ ပဲကိုး။ ဒါနဲ့ ကာယကံကို “ကာကယကံသုံးပါး” ဆိုပြီး (၁) , (၂) , (၃) လုပ်တင်လိုက်တယ်။ နောက် ၀စီကံက “မုသား” ကိုတင်ပြီး ဖြစ်တာနဲ့ ကျန်တဲ့ ၀စီကံသုံးပါးကို “၀စီဘေဒ ထိတိုင်းရှ” ဆိုပြီး တင်ခဲ့တယ်။ ခု ဒုစရိုက်ဆယ်ပါးထဲက ကွက်ကျန်နေတဲ့ အဘိဇ္ဈာနဲ့ ဗျာပါဒကိုပဲ နည်းနည်းပြင်ပြီး တင်ပေးလိုက်တယ်။ ပိုစ့်တွေကို ကူးယူခွင့်ပြုတဲ့ ကိုကိုမောင်ကိုလည်း ကျေးဇူးတင်ပါတယ်။
အဘိဇ္ဈာ – သူများဥစ္စာကို ငါ့ဥစ္စာဖြစ်အောင် ကြံတဲ့အကြံ။ ဟိုလူကြီးပိုင်တဲ့တိုက်ကြီးက ငါတိုက်ဖြစ်လိုက်ရင် ကောင်းမှာပဲလို့ ရိုးရိုးလေးတွေးရာကနေ ဘယ်လိုလေးလုပ်လိုက်ရင် ဘယ်လိုလေးပြောလိုက်ရင် ငါ့တိုက် ဖြစ်သွားနိုင်လေရဲ့ ဆိုတဲ့အကြံ။ ကြံရုံနဲ့ ဒုစရိုက်ဖြစ်ရသလားကွဟေ ဆိုရင် အဲလို အကြံဆိုးကြီးရှိတဲ့ လူရဲ့ လုပ်ရပ်နှင့် ပြောဆိုမှုဟာ ဘာတွေချည်း ဖြစ်နေမယ်ထင်လဲ။ ကျွန်တော်တို့အားလုံး စိတ်ရဲ့ ခိုင်းစေမှုအတိုင်း တစ်ဝေမတိမ်း လုပ်နေကြရတာလေ။ ပြောရဦးမယ်။ “အလုပ်လုပ်ရတာ စိတ်မပါဘူးကွာ” တဲ့။ စိတ် မပါဘူးဆိုတာ မရှိပါဘူး။ ပါတယ်ဗျ။ ဘယ်စိတ်လဲ ဆိုတော့ “အလုပ်မလုပ်ချင်တဲ့စိတ်လေး။ ပျင်းတဲ့စိတ်လေး” ပါတယ်။ အလုပ်မလုပ်ချင်တဲ့ သူမှာတောင် အလုပ်မလုပ်ချင်တဲ့စိတ်ကလေးနဲ့ ပြုမူပြောဆိုကျင့်ကြံနေထိုင်ရင် သူများပစ္စည်းကို မတရားလိုချင်နေတဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ဟာ အဲဒီမတရားစိတ်ရဲ့ ချယ်လှယ်မှု အောက်မှာပဲ တလွဲမသွေ ဖြစ်နေမှာဆိုတော့ အဘိဇ္ဈာဟာ မနောကံဖြင့် ကျူးလွန်ကြတဲ့ ဒုစရိုက် ဖြစ်ရပါတယ်။
ကျန်နေတဲ့ ဒုစရိုက်က မနောကံထဲပါတဲ့ ဗျာပါဒ။ ဗျာပါဒဆိုတာ သူတပါးကို ပျက်စီးအောင် ကြံစည်တဲ့ အကြံကို ခေါ်တာပါ။ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားစေချင်တာ နာမကျန်းဖြစ်စေချင်တာ ငွေတွေ ကုန်သွားစမ်း အဲဒါမှ အေးတာလို့ ကြံတာ နောက်ဆုံး အသက်ကို အန္တရာယ်ဖြစ်စေနိုင်သည်အထိ ကြံတာကို ဗျာပါဒ လို့ခေါ်ပါတယ်။ ဒေါသတော့ ဒေါသပဲဗျ။ ဒေါသ အကြီးစား။ အကြမ်းစားပေါ့ဗျာ။ ဒေါသဆိုတာမျိုးက သွေးသားတွေကို မဲညစ်စေပြီး ဆဲလ်တွေကို အများဆုံးသေကြေစေတဲ့အတွက်ကြောင့် အသက်လည်းတိုတတ်ပါတယ်။ အကျိုး ရှိ၏ မရှိ၏ ကိုလည်း မတွေးတတ်တော့ဘဲနဲ့ ဘ၀ကိုပျက်စေတဲ့ အကြံမျိုး ကြံမိတတ်တာ ဗျာပါဒပါပဲဗျာ။
ကဲ ကာယကံ ၀စီကံ မနေကံမှာ
ကာယကံကလည်း ရဟန္တာကိုသတ်တဲ့ကံကို ကျူးလွန်နိုင်တဲ့အတွက် ကံသုံးပါးထဲမှာ အပြစ်အကြီးဆုံးကံ။
ဝစီကံကလည်း ဘုရားရှင်ဟာ အလောင်းတော်ဘ၀မှာ မုသာဝါဒကို တစ်ခါမှ မကျူးလွန်ခဲ့ဖူးသည်ကိုထောက်ပြီး ကံသုံးပါးမှာ ၀စီကံဟာ အပြစ်အကြီးဆုံးကံ။
မနောကံကလည်း မိစ္ဆာဒိဋ္ဌိအယူကို ယူမိရင် အ၀ီစိအကျိုးသာ ရှိတာမို့လို့ အပြစ်အကြီးဆုံးကံ တဲ့ခင်ဗျာ။ ဒါကြောင့် မေးလာသူရှိခဲ့ရင် ဖြေဆိုနိုင်အောင် အပြစ်အကြီးဆုံးကံအကြောင်း တင်ပြလိုက်ပါတယ်ခင်ဗျာ။