• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Critical thinking and Me (6)

ဆက်ရေးချင်တာများပြီး ဝေသွားရော။ နိဒါန်းများပြီး တွေသွားရော။ ဆရာမဂျူးပြောသလို ပြောရရင် စာရေးဆရာဆိုတာ ဝိဉာဉ်တစ္ဆေမျှသာ။ ပလေတိုပြောသလိုပြောရရင် စာရေးဆရာတွေ စာရေးတာ နတ်ဘုရားဝင်ပူးချိန်၊ အဲ စာရေးဆရာတွေ စာတွေကို ဒေါက်ဒေါက် ဒေါက်ဒေါက် ရေးချိနိုင်တာကို ပအိုဝ်းတွေ ပြောသလို ပြောရရင် သူရဿတီထချိန်။ အခု ကိုယ့်မှာ ဝိဉာဉ်တစ္ဆေကို နတ်ဘုရားက ဝင်မပူးတော့ သူရဿတီလည်း မထနိုင်တော့ဘူး ဖြစ်သွားပါရော။ ရေးချင်တာတွေက များပြီး ဘယ်က စရေးရမှန်း မသိတာရောကြောင့် အခြား အခြားသော thinking နဲ့တကွ စပြီးထားသော logical thinking စတဲ့ thinking အကြောင်းများ မပြောခင် intuition thinking လေး အကြောင်းကို ပြောမလားဆိုပြီး စဉ်းစားလိုက်တယ်။ တကယ်တမ်းတော့ intuition က thinking မဟုတ်ပါဘူး။ အလိုလို သိခြင်း၊ နိမိတ်ကြောင့်သိခြင်းစတာတွေဟာ မွေးလာကတည်းက အလိုလိုရှိပြီးသားပါ။ တချို့ကဖြင့် တတိယမျက်လုံးလို့ခေါ်ကြတယ်။ တချို့ကတော့ဖြင့် ဆဋ္ဌမအာရုံလို့ ခေါ်ကြတယ်။ ဗေဒင်လောကမှာတော့ဖြင့် ဂမ္ဘီရကြက်ခြေပါတဲ့သူတွေကသာလျင် ဒီ အလိုလို သိခြင်းများကို သိနိုင်တယ်လို့ ဆိုပြန်ပါတယ်။ ဗေဒင် ဆိုတဲ့ ဝေါဟာရပါလာတဲ့အတွက် တချို့တချို့သော Logic သမားတွေ Science သမားတွေအတွက် နှာခေါင်းရှုံ့စရာ ဖြစ်ချင်ဖြစ်နေမယ်။ သို့သော် ဗေဒင်ဟာ logic သက်သက်ပဲ။

ဘာလို့ဆို ကျနော်ဟာ ဗေဒင်မျိုးရိုးမို့ပါ။ ကောင်းကောင်းမွန်မွန်ကြီးကို သိတာပ။ ကိုယ်က အသက် ၇ မှာ လူတယောက်ကို ဘာဖွားလဲ ဆိုတာ တွက်ပေးတတ်နေပါပြီ။ သက် ၁၇ မှာ လူတယောက်ကို ဇာတာဖွဲ့ပေးတတ်ပြီ။ ဇာတာကို ဘယ်လိုနည်းနဲ့ ဖွဲ့ပေးရမလဲတောင် သိတယ်။ ဇာတာဖွဲ့ပေးတတ်ပြီဆိုရင်တော့ သိလိုက်တော့။ တခြား အကြောင်းအရာတွေကို ကောင်းကောင်းတွက်ပေးတတ်ပြီဆိုတာ။ ခုထိ ကျနော်သာ သိပြီး အခြားသော ဗေဒင်ဆရာ နှစ်ဦးကိုသာ ပြောပြရသေးတဲ့ မိသားစုပိုင် ဗေဒင်တွက်နည်းတောင် သိနေသေးတယ်။ သူတို့ကို မေးကြည့်တော့ ကျနော်ပေးတဲ့ နည်းက ခက်တယ်တဲ့။ မတတ်နိုင်ဘူး။ ကျနော်ကတော့ မိသားစု ရိုးရာမို့လား မသိဘူး။ လွယ်တယ်။ ခုထိ တွက်တတ်သေးတယ်။ နောက်တော့ မင်းသိင်္ခစာအုပ်တွေ ဖတ်တာ များတာနဲ့ ဂဏန်းဗေဒင်၊ တားရော့ဗေဒင်တွေပါ လေ့လာဖြစ်တယ်။ အင်္ဂဝိဇ္ဇာဆိုတာနဲ့ ဆရာဦးမောင်မောင်သန်း (ရင်ကို အေးမြစေသား) ရဲ့ ထွက်သမျှစာအုပ် ဆရာဒဂုန်ရဲ့ ထွက်သမျှ စာအုပ်တွေအကုန်ရှိတယ်။ ဇာတာမှာ လဂ်ရဲ့ ဘယ်နှစ်တန့်မှာ ဘာဂြိုဟ်ရှိရင် ဆိုတဲ့ အဟောအကြောင်း သိချင်လွန်းလို့ ရှားပါးလွန်းလှတဲ့ မြန်မာနိုင်ငံမှာ အကန့်အသတ်နဲ့ ထုတ်တဲ့ “ဖလိတ”နဲ့ ပတ်သက်သမျှ စာအုပ်တွေတောင် ကိုယ်က ရအောင် ရှာဝယ်ခဲ့တယ်။ နောက်ဆုံး သင်္ကြန်ကျတဲ့ရက်တွေ ကနေစပြီးတော့ အာတပ္ပနဗေဒင်အထိကို လေ့လာခဲ့တာ။ အသက် ၂၅ ထိပဲ ဆိုပါတော့။ တချို့စာအုပ်တွေ ခုထိ အွန်လိုင်းမှာ ဘယ်လိုမှ ရှာမတွေ့တဲ့ စာအုပ်တွေ ရှိနေသေးတယ်။ တချိန်တုန်းကတော့ ကိုယ့်ဆီမှာ ဦးနေဝင်းလက်ထက် မတိုင်မီက ထွက်ခဲ့တဲ့ ဗေဒင်ဆိုင်ရာ စာအုပ်တွေတောင်ရှိတယ်။ (တခြားသူတွေ မသိပေမယ့် ဦးနေဝင်းဟာ ဗေဒင်မှာလည်း ကန့်သတ်ခဲ့တယ်ဆိုတာ ဗေဒင်ဆရာတိုင်း သိပါတယ်။ သူဟာ 1962-3 မှာ ပြည်သူပိုင် သိမ်းရုံလေးနဲ့တင် ရောင့်ရဲတင်းတိမ်ခဲ့သူ မဟုတ်ပါဘူး။ ယတြာကောင်းရင် မင်းလောင်းတောင် ပျောက်တယ်ဆိုတဲ့ စကားတွေကို ကြောက်တာကြောင့်လားတော့ မသိ ဗေဒင်အရာမှာလည်း သူဝင်ရှုပ်ခဲ့ပါသေးတယ်။ သူဝင်ရှုပ်ခဲ့လို့ပဲ လက်ရှိ မြန်မာနိုင်ငံသင်္ကြန်ဟာ ဧပရယ် ၁၃ ဟာ သင်္ကြန်အကြိုအဖြစ် မြဲသွားတာပေါ့။ ပြီးတော့ သင်္ကြန်စာ မှန်သမျှ နိုင်ငံသူ နိုင်ငံသား ကြုံတွေ့နိုင်တဲ့ အဆိုးတွေ ထည့်ရေးလို့ မရတော့တာလည်း ဦးနေဝင်းကြောင့်ပါပဲ။ သူက မင်းတို့ သင်္ကြန်ပိတ်ရက်က ခက်တယ် တရက်တည်း သတ်မှတ်ထားကြဟေးလို့ မလုပ်ခဲ့ရင် မြန်မာလတွေနဲ့ တွက်ရမှာဖြစ်ပြီး သင်္ကြန်ရက်ဟာ လက်ရှိ အစိုးရ ရုံးပိတ်ရက်တွေကို များစွာ ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကြံဖန်၍များ ကျေးဇူးတင်ချင်တယ်ဆိုရင် ဦးနေဝင်းကို ကျေးဇူးတင်လို့ရပါတယ်။)

ဗေဒင်နဲ့ ပတ်သက်ပြီး ရေးရတာက ကိုယ်က ပင်းတယလို့အမည်ရတဲ့ ဘုရားကိုးဆူလို့အမည်ရတဲ့ တောင်ပေါ်မှာ ကျောင်းထိုင်လိုက်ရတယ်။ ကိုယ် ဗေဒင်ဟောခဲ့တုန်းချိန်များက ယတြာကို အကျိုးမရှိတဲ့ အလှူဒါမျိုး တစ်ခါမှ မလုပ်ခိုင်းခဲဖူးပါဘူး။ ခုကျမှ ကိုယ့်စေတီမှာ ဟင်းလှီးဓားတွေ တကိုက်လောက်သာ ရှိတဲ့ ကြိုးတွေ၊ ဝတ်မရ ပြုမရ သင်္ကန်းတွေ ဆောင်းမရ ပြုမရ ထီးတွေနဲ့အတူ သုံးလို့မရတဲ့ သဲတွေပါမက အခြား အခြားသော သောက်သုံးမကျသော အရာတွေတွေနဲ့ ခဏခဏ ဘုရားမုခ်တွေ ပြည့်ပြည့်သွားတယ်။ ပဋ္ဌာန်းလေး မတောက်တခေါက် လာရွတ်ရင်း “အရှင်ဘုရားရဲ့ ဘုရားတောင်ကို နဂါးတွေစောင့်နေတယ်” ဆိုတာက ရှိသေးတယ်။ နဂါးကို အဟိတ်တိရစ္ဆာန်လို့ ဘာကြောင့် ခုထိ မတွေးမိကြသေးတာလဲဆိုတာကို သူတို့အတွက် တွေးပေးလို့ကို မပေါက်တာ။ ကိုယ့်နေရတဲ့ စေတီနားမှာ ပေါက်တတ်ကရတွေ တွေ့တဲ့အခါ လာလှူတဲ့သူကို တွေ့များ တွေ့ဖြစ်ခဲ့ရင် မေးကြည့်တယ်။

“ခင်ဗျားတို့ အဲဒါ ဘာလုပ်တာလဲ”

“ဗေဒင်ဆရာ လှူခိုင်းလို့” တဲ့။ အဲဒီကနေစ ဒီဘက် ဒေသက ဗေဒင်ဆရာတွေကို ဘာမှကို မထင်တော့တာ။ ဒါလေးပါ။ ထူးထွေသည့်အံ့ရာသော်တော့ မဟုတ်ပါဘူး။ ဒီဗေဒင်ဆရာ နောက်ဘဝတော့ ငရဲတော်တော်ကြီးမှာ။ သူတို့လျှောက်ပြောလို့ ဘုရားရင်ပြင်တော်မှာ တိုတိုမွှားမွှား ဘုစုခရုတွေ အရမ်းရှုပ်တယ်။ နောက်ဆုံးဦးဇင်းတွေ ကိုရင်တွေပဲ ရှင်းရှင်းနေရတာ။ ချော်တောမငေါ့ရရင် မနေနိုင်လို့ intuition ပြောမှာကို ချော်တောငေါ့သွားတယ်။

Intuition ကို လူတိုင်း သိကြမှာပါ။ လူတယောက်ကို တွေ့လိုက်တယ်။ အရင်က တွေ့ဖူးသလိုလို ခံစားရတာ။ အဖြစ်အပျက်တစ်ခုခု ဖြစ်ပျက်သွားတယ်။ ဒီအဖြစ်အပျက်မျိုး အရင်ကလည်း ကြုံဖူးသလိုလို ခံစားရတာ။ ကိုယ်တစ်ခုခုလုပ်လိုက်တာနဲ့ ဘယ်သူကတော့ဖြင့် ငါ့ကို ပြောတော့မယ်ဆိုတာကို ကြိုသိနေတာမျိုး။ ဒါကို intuition လို့ခေါ်တယ်။ မြန်မာမှာတော့ဖြင့် နိမိတ်လို့ပဲ ခေါ်ကြတယ်။ ဒီလို ယတြာဟာဖြင့် မဖြစ်နိုင်ချေဘူးဆိုတာကို အလိုလိုသိတာဟာ intuition ဖြစ်ပါတယ်။ intuition မှာလည်း ပြောစရာကတော့ဖြင့် များတယ်။ နလပိန်းတုံးတွေကို နားလည်အောင် ရေးပြရမယ်ဆိုရင်ဖြင့်လည်း စာက ရှည်ဦးမှာ။ ခက်တယ်။ စာကို ရှည်အောင် ရေးပြန်ရင်လည်း နလပိန်းတုံးတွေက ရှည်လှချည့် ဖြစ်ဦးမှာ။

တိုတိုပြောရရင် ဒီစာတွေရဲ့ ခေါင်းစဉ် critical thinking ရဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ analysis ပါစရာမလိုဘူးဗျ။ မီးသတ်သမားများ ဒီမီးကို ဘယ်လို ငြိမ်းရမယ်ဆိုတာကို သိတာဟာ critical thinking မဟုတ်ဘူး။ intuition ဖြစ်တယ်။ ဗုံးဖြေရှင်းရေးသမားများ ဗုံးကို ဖြေရှင်းတာဟာ critical thinking မဟုတ်ဘူး။ intuition ဖြစ်တယ်။ အလိုလို တွေးခေါ်မိတာ။ အလိုလိုတွေးခေါ်မိတာဟာ စဉ်းစားဆင်ခြင်လို့မဟုတ်ဘူး။ လူတယောက် ရေနစ်လို့ သူ့အသက်ကို သူရအောင် ကယ်တင်နိုင်တာ critical မဟုတ်ဘူး။ အတွေ့အကြုံနဲ့ အခက်အခဲပေါ် မူတည်ပြီး ရုန်းထွက်တဲ့အတွေးလို့ ပြောလို့ရပါတယ်။ လူတယောက်ကို မယုံသင့်ဘူးလို့ အလိုလိုသိနေတာဟာ intuition ဖြစ်ပါတယ်။ အလိုလိုသိခြင်းဟာလည်း လေးမျိုးလောက်ရှိတယ်။ ခံစားမှုအရသိခြင်း။ ဘာမှ ပြောစရာကို မလိုတာ။ သူ့မျက်နှာ အရိပ်အကဲ သူ့မျက်လုံးအနေအထားအရကို သိနေတာ။ ဒီလူ ငါ့ကို မလိုဘူး၊ ဒီလူ ငါ့ကို ခင်တယ်ဆိုတာမျိုး။ ဉာဏ်ရည်အရ အလိုလိုသိခြင်း။ မီးသတ်သမား ဗုံးသမားအသိလိုမျိုး။ ရုပ်ပိုင်းဆိုင်ရာ အရသိခြင်း။ ကိုယ့်ကိုယ်ကိုပဲ ပြောရမယ်ဆိုရင် အစားတစ်ခုကို စားနေရင်းတန်းလန်း ဒါငါနဲ့ အဆင်မပြောဘူးဆိုတာကို သိတာမျိုး။ နောက်တစ်ခုက ဝိဉာဉ်ပိုင်းဆိုင်ရာ အရသိခြင်း။ ဒီအချက်ကျတော့ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်သွားပြီ။ အတွေ့အကြုံ အချက်အလက်ပေါ် မူတည်ပြီး သိတာ။ သံသယဝင်စရာတွေ အရမ်းများပေမယ့် တစ်ခုခုကို စိတ်က သေချာနေတာမျိုးဟာ ဝိဉာဉ်အရ ယုံတာပါပဲ။ ဝိဉာဉ်အရ စဉ်းစားမိတာပါပဲ။

ရှင်းရှင်းပဲ ထပ်ပြောရရင် intuition ဟာ အမှန်တရားအတွက်ဆိုပြီး အဖြေမှန်ထုတ်တာ မဟုတ်ပါဘူး။ critical thinking ရဲ့ ရန်သူတော်ထဲမှာ သူလည်းပါတယ်။ Analysis မလုပ်ပဲနဲ့ ငါတော့ Critical ဖြစ်တယ်လုပ်လို့မရဘူး။ ဒါကြောင့် intuition က ရန်သူဖြစ်ရတာ။

ငါအခု ဒီလိုတွေးနေမိနေတာတွေ intuition ကြောင့်များလားလို့ မသုံးသပ်မိပါစေနဲ့။ သင် ငါးနှစ်အရွယ်ကတည်းက ခုထိ သင့် Intuition ကို စနစ်တကျ သတ်ဖြတ်ခံထားရပါတယ်။ ခံနေရဆဲလည်း ဖြစ်ပါတယ်။ ဆက်လည်း အသတ်ဖြတ်ခံရဦးမှာ ဖြစ်ပါတယ်။ ဘာမှမပူပါနဲ့။ သင့်မှာ ပင်ကိုယ် Intuition မရှိတော့ပါဘူး။ ဒါကြောင့် စိတ်ချလက်ချနေပါ။ သင့်မှာ intuition ကျန်နေတယ်ဆိုရင်တောင် သေချာတိကျတဲ့ intuition မဟုတ်ပါဘူး။ သင်ဟာ Schooling ရဲ့ သားကောင်ပါ။ ဒါကြောင့် ပင်ကိုယ် intuition သင့်ဆီမှာ မရှိတော့ပါဘူး။

သင် logic သမားပါ။ သင့်ကို အဲလိုဖြစ်အောင် ဘယ်လောက်ထိ နှစ်ကြာကြာ ရည်ရွယ်ချက်ရှိရှိ အလုပ်ခံထားရသလဲဆိုတာ နောက်လာမည့် ဆက်ရေးဖြစ်ရင် တွေ့ရမယ့် Blog တွေမှာ စောင့်ဖတ်ပါ။

Post navigation

First srt File
Enneagram Type One Level

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress