• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

Critical Thinking and Me (5)

အမ္ဗဋ္ဌအကြောင်း ပြောမိတော့ “သောဏဒဏ္ဍ”အကြောင်း ဆက်မပြောရ မနေနိုင်ဘူးဖြစ်နေတယ်။ သင်ခဲ့တဲ့စာတွေထဲမှာ သဘောအကျဆုံးလူတယောက်ကို ပြောပါဆိုရင် “သောဏဒဏ္ဍ”ပါတယ်ဗျ။ ကိုယ်နဲ့ စရိုက်ချင်းတူလို့လား မသိဘူး။ ခေါင်းဆောင်မှုသင်တန်းတွေမှာ သင်္ခန်းစာတစ်ခုပါတယ်။ အဲဒီသင်္ခန်းစာက ကိုယ်သဘောကျတဲ့ ခေါင်းဆောင်သုံးယောက်ကို ရေးခိုင်းတာ။ ကျနော် ရေးလေ့ရှိတာက ဗိုလ်ချုပ်အောင်ဆန်း၊ ဟစ်တလာနဲ့ မဒမ်ဂျူရီသုံးယောက်ပါ။ ခေါင်းဆောင်သုံးယောက်ရေးပြီးရင် သူတို့သုံးယောက်ဆီက ကိုယ်သဘောကျမိတဲ့ အချက်လေးတွေကို ရေးခိုင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားတွေကို ဘယ်လိုများ စည်းရုံးလိုက်သလဲဆိုတာ သိချင်လွန်းလို့ သူ့စည်းရုံးရေးစွမ်းရည်ကို သဘောကျတယ် လို့ရေးတယ်။ ဟစ်တလာကိုလည်း ဗိုလ်ချုပ်နဲ့ ဆင်တဲ့ စွမ်းရည်ပဲ။ ဂျာမန်တွေအားလုံး ဂျူးကို မုန်းသွားအောင် ဘယ်လိုများ စည်းရုံးလိုက်သလဲ၊ အဲဒီစွမ်းရည်ကို စွန်းသဘောကျတယ်။ မဒမ်ဂျူရီကိုကျတော့ ဘယ်အလုပ်ကိုမဆို သူ့ကျန်းမာရေး ချို့တဲ့နေတာ အသိသိနဲ့ လုံးဝဂရုမစိုက်ဘဲ ပြီးအောင် လုပ်တတ်တဲ့ စွမ်းရည်လေးကို သဘောကျတာ။ ဒီလိုတွေ ရေးပြီးရင်တော့ သင်တန်းပံ့ပိုးသူက တစ်ခွန်းပဲ ကျွန်တော်တို့ကို ဂျင်းထည့်လိုက်တယ်။ “သူတို့ကို အဲဒီစွမ်းရည်ကြောင့် သဘောကျတယ်ဆိုရင် သင့်ဆီမှာလည်း အဲဒီစွမ်းရည် ရှိနေလို့ပဲ” တဲ့။ ကိုယ့်ဆီမှာ စည်းရုံးရေးစွမ်းရည်နဲ့ ပြီးအောင် လုပ်တတ်တဲ့ စွမ်းရည် ရှိမရှိတော့ မသိဘူး။ ကိုယ့်ဘက်ကနေတဲ့သူဆိုတာ ရှာမှရှားပဲ။ ကိုယ်ကလည်း ခပ်ရှားရှားတွေ လျှောက်တွေးတာကိုး။ ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုယ်တွေးမိတာတွေကို ဒီပေါ် ရေးတင်ရင် သေချာတယ်။ တလောက ညောင်ရွှေ “ရှမ်းပြည်နယ်လုံးဆိုင်ရာ စာပြန်ပွဲ”မှာ သူငယ်ချင်းဘုန်းကြီးတွေနဲ့ အဲအကြောင်း ဆွေးနွေးဖြစ်တော့ သူငယ်ချင်းတွေက မှတ်ချက်ပေးလိုက်သလို ဖြစ်မှာ။ ဘာတဲ့ “မိုးကြိုးပစ်မယ့် ကောင်” တဲ့။ တကယ်ပစ်နိုင်တာကတော့ ကောင်းကင်ပေါ်က မိုးကြိုးတော့ မဟုတ်ဘူး။ လူမှုကွန်ယက်ပေါ်က မိုးကြိုး။ စာတွေ ပေတွေ မဖတ်တော့ ကိုယ်တောင် ဘာသာရေးအပေါ် သံသယဝင်တယ်ဆိုတော့ ဘာသာရေးလောက အပြင်ဘက်က လူတွေ ဘယ်လောက် ဘာသာရေးကို ပေတံအလီလီနဲ့ တိုင်းတာပြီး သံသယတွေနဲ့ နေထိုင်လိုက်ကြမလဲ။ မြန်မာနိုင်ငံကလည်း စာဖတ်ဖို့ဆိုရင် ဘာမှ မရှိဘူး။ လူတွေကို စိတ်ဓာတ်ကျအောင် ဝိုင်းရေးကြတဲ့ တက်ကျမ်းတွေပဲ ရှိတယ်။ တက်ကျမ်းဖတ်မယ့်အစား မင်းခိုက်စိုးစံရဲ့ ကလေးအတွေးနဲ့ အကြည်တော်ရဲ့ ကျကျမ်းကမှ အဓိပ္ပါယ်ရှိဦးမယ်။

တရုတ် Tao အယူအဆမှာ Yin နဲ့ Yang ဆိုတာရှိတယ်။ အဓိပ္ပါယ်အများကြီးရှိပေမယ့် ဘာသာရေးအပေါ်ကို ဇောင်းပေးကြည့်ရင် ဒီလိုတွေ့မယ်။ Yin က ချက်ကျလက်ကျ တွေးခေါ်ခြင်းဆိုရင် Yang က မျက်စိမှတ်ယုံကြည်ခြင်းပဲ။ အဲဒီနှစ်ခု ပေါင်းစည်းမှ မျှတခြင်းဆိုတာ ဖြစ်ပေါ်တယ်။ Yin ဘက်ကို လွန်ပြီး Yang မပါလာရင် ဘာသာရေးမဲ့လာတယ်။ Yang ဘက်ကို လွန်ပြီး Yin ပါမလာရင် ဘာသာရေး အစွန်းရောက်လာမယ်။ ဒါနဲ့ Critical thinking ကို Logical thinking နဲ့ မှားပြီး တွေးနေတဲ့ ကိုယ်ဟာ လွန်ခဲ့တဲ့ နှစ်တွေလောက်က ရန်ကုန် နိုဗိုတယ်မှာ ဘုန်းတော်ကြီး မိုက်ကယ်လက်ပ်စလေရဲ့ “ဒဏ်ရာများနဲ့တိုင်းပြည်” ဟောပြောပွဲမှာ Documentary လိုက်ပေးဖို့ ခေါ်တာနဲ့ ရောက်သွားတယ်။ ကိုယ်က တောင်ကြီးကနေ ဆင်းပြီး အဲဒီနိုဗိုတယ်ကို တန်းသွားတော့ ဟိုမှာ ဘယ်သူမှ မရှိသေးဘူး။ အဲအချိန် ကံကောင်းထောက်မစွာ ဆရာတာလည်းရောက်လာတယ်။ ဆရာတာနဲ့ လောကီဝတ္တရားအရ နှုတ်ဆက်ပြီး ဆရာတာကို မေးခွန်းတစ်ခု မေးဖြစ်တယ်။

“ဦးဇင်းက Critical thinking ကို သိပ်မယုံဘူးဆရာ၊ လူတယောက်က အကြောင်းအရာတစ်ခုကို Analyze လုပ်မယ်၊ ဒါပေမယ့် သူသင်ယူလက်ခံမိတဲ့ အသိအမှားကြီးကိုပဲ အခြေတည်ပြီး Analyze လုပ်မယ်ဆိုရယ် ဘယ်လိုလုပ် critical thinking ဖြစ်မလဲဆရာ”

“Critical Thinking မှာ အမှားမရှိဘူး၊ မှားနေတယ်ဆိုလို့ ရှိရင် အဲဒါ Critical thinking မဟုတ်ဘူး၊ ဘာကြောင့် critical thinking ကို လိုအပ်သလဲဆိုရင် အမှန်တရားကို လိုအပ်လိုပဲ”

“Critical thinking လည်းဖြစ် မှန်လည်း မှန်ဖို့ဆိုရင် ဘာလုပ်ဖို့လိုလဲ ဆရာ”

“စာဖတ်ပေါ့၊ စာမဖတ်ဘဲနဲ့တော့ Critical thinking မရနိုင်ဘူး”

Critical thinking ပျံ့နှံ့အောင် ဖြန့်နေတဲ့ ဆရာကိုမှ မယုံဘူးလို့ သွားပြောမိတော့ စာမဖတ် ဘာမဖတ် ဘာတွေ လာပြောနေတာလဲ ဆိုတဲ့အကြည့်မျိုးနဲ့ အကြည့်ခံရတယ်။ ဒါနဲ့ ဟဲဟဲ ဆိုပြီး ခပ်ဖြဲဖြဲလေးပြုံးပြီး နောက်ထပ် ရောက်လာကြတဲ့ ဖွံ့ဖြိုးရေးလောကသားထဲက ကိုယ်ကျွမ်းဝင်တဲ့ သူတွေကို တွေ့သလောက် နှုတ်ဆက်ပြီး နေရာပြန်ထိုင်လိုက်တယ်။ ပြန်စဉ်းစားတယ်။ စာဖတ်ရင် critical thinking ရနိုင်လား။ ဘာစာ ဖတ်ရမလဲ။ ကိုယ့်မှာ ရှိနေတာနဲ့ critical thinking မဖြစ်နိုင်ဘူးလား။ ကိုယ့်မှာ ရှိတာနဲ့ပဲ စဉ်းစားရင် ကာလာမသုတ်ထဲကလိုပဲ ဒီလိုဖြစ်ဖူးတယ်၊ ဒီလိုဖြစ်ရမယ်။ သူများတွေ ဒီလိုပြောတယ်။ ဒီတော့ ဒါမှန်လောက်တယ်အဆင့်လောက်ပဲဖြစ်မယ် ထင်တယ်။ ရှိတာနဲ့ ကြံဖန်စဉ်းစားရင် Critical thinking မဖြစ်ဘူး။ ယုတ္တိတွေလောက်ပဲ စဉ်းစားတတ်မှာ။ ယုတ္တာရှိတာလောက်ပဲ ချိတ်ဆက်မိမှာ။

ဟုတ်တယ်။ ကျနော်က Critical thinking ကို Logical thinking နဲ့ သိပ်မကွဲဘူးရယ်။ ကိုယ့်မှာ ရှိတာနဲ့ပဲ တူ၏ မတူ၏ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဖြစ်သင့်၏ မဖြစ်သင့်၏ စဉ်းစားမယ်ဆိုရင် Logical thinking ပဲဖြစ်မှာ။ logical thinking ကိုတော့ ရှေ့နေရှေ့ရပ်တွေပဲ စဉ်းစားသင့်ပါတယ်။ သူတို့တော့ ဒါကလေး ပိုင်မှ ဖြစ်မယ်။ ကိုယ်တွေအတွက်ကတော့ လိုအပ်တယ်လောက်ပဲ။  

အော်ဒါနဲ့ ကျနော် သဘောကျတယ် ဆိုတဲ့ သောဏဒဏ္ဍ အကြောင်းလေး ဆက်ကြည့်ရအောင်။ Logical thinking ကို နောက်မှ ဆက်ပြောမယ်။ သူ့ကိုလည်း မှတ်မိလွယ်အောင် “ဆရာသော” လို့မှတ်ရအောင်ဗျာ။ တို့မြန်မာမှာက သိသိ မသိသိ တပါးသူကို “ဆရာ” လို့ခေါ်တတ်တဲ့အကျင့်က ရှိ၊ မဟုတ်လား။ ဆိုတော့ ဆရာသောပေါ့ဗျာ။ အဲလိုမှတ်လိုက်တော့။ သူလည်း ဘုရားခေတ်ကပဲ။

ဆရာသောက မြို့ကြီးသား။ အသက်ကြီးသည့်တိုင်အောင် တော်တော်ချောတယ်ဆိုပဲဗျ။ ကျမ်းဂန်တွေလည်း တတ်သမှ တဖက်ကမ်းခတ်။ ဒီခေတ်နဲ့ဆို ဘွဲ့အထပ်ထပ်နဲ့ လူပေါ့ဗျာ။ ပြီးတော့ တမြို့လုံးကလည်း သူ့ကို အားကိုးကြတယ်။ သူဘာပြောပြော ယုံကြည်တယ်။ သူ့စကားဆိုရင် တမြို့လုံး လိုက်နာတယ်။ အဲလိုနေရင်း သူတို့မြို့ကို ဘုရားကြွလာတယ်။ ဆရာသောကလည်း ဘုရားရောက်လာတယ်။ ဘုရားရှင်ဟာ ဂုဏ်တော်ကိုးပါးရှိတယ်။ ဘုရားကို သွားဖူးမယ်လုပ်တယ်။ တပည့်တွေ သူ့မြို့သူ မြို့သားတွေနဲ့ သူ့တပည့်တွေက ဝိုင်းတားတယ်။

“ဘုရားဆိုပေမယ့် သူက ဧည့်သည်၊ ဧည့်သည်ဆိုတာ အိမ်ရှင်ကို လာတွေ့ရမယ်၊ ဆရာသောက ဘုရားကို သွားတွေ့တယ်ဆိုရင် ‘ဆရာသောဟာ ဘုရားရှင်ကို သွားတေ့သတဲ့’ ဆိုပြီး ဆရာ့ဂုဏ်ကျသွားနိုင်တယ်၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ဘယ်သူမှ အကဲ့ရဲ့မခံခဲ့ရတဲ့ မျိုးဆက်ကို ပိုင်တာ၊ ဆရာ့လက်ထက်ကျမှ အကဲ့ရဲ့ ခံနေရမယ်၊ ဆရာ စာပေကျမ်းဂန်တွေ ဒီလောက်နှံ့စပ်တာ၊ ဆရာက သွားတွေ့တယ်ဆိုရင် မေးခွန်းတွေ မေးရမယ်၊ ဘုရားရှင်က ဖြေပေးရင် ‘ဆရာသောဟာ ကျမ်းဂန်စာပေ မနှံ့စပ်လို့ ဘုရားရှင်ဆီသွားမေးရသတဲ့’ ဆိုပြီးဖြစ်မယ်၊ ဆရာရယ် မသွားပါနဲ့”

လို့ အကြောင်းပြချက်များစွာနဲ့ တားတယ်။ ‘ဆရာသောကို မြတ်တယ်ထင်နေတာ၊ လက်စသတ်တော့ ဘုရားလောက်မှ မမြတ်လို့ ဘုရားရှင်ကို သွားတွေ့ရတာနေမှာပေါ့’ စသဖြင့် စသဖြင့် ပြော၊တားတယ်။ ဆရာသောကလည်း ဘုရားရဲ့ ဂုဏ်ကို ချီးကျူးပါတယ်။ သွားသင့် သွားထိုက်တဲ့ အကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့် တပည့်တွေက လက်မခံဘူး။ နောက်ဆုံး ဆရာသောကလည်း အပြောကောင်းတော့ သူ့အပြောကြောင့် ဘုရားရှင်ဆီ သွားတွေ့ကြတယ်။ တချို့လက်အုပ်ချီတယ်။ တချို့လည်း ကျနော်ဟာ ဘယ်သူဘယ်ဝါပါဆိုပြီး သူတို့ မျိုးရိုးတွေကို သူတို့ကြွယ်ဝမှုကို သူတို့ တတ်သိမှုကို ပြောဆိုပြီး သွားထိုင်နေကြတယ်။ ဘုရားကို သူတို့ သီလနဲ့ ပညာအကြောင်းမေးကြတယ်။ ဘုရားလည်း ဟောပြတော်မူတယ်။ နောက်ဆုံး အားလုံး ဘုရားကို ကြည်ညိုသွားကြတယ်။

ဒါပေမယ့် ဆရာသောဟာ ဘုရားရှင်ကို ဘယ်လိုလျှောက်သလဲဆိုရင်

“တပည့်တော်မှာ တပည့်တော်ကို ကြည်ညိုသူလည်း အရှင်ဘုရားလိုပဲ များပြားကြပါတယ်၊ အရှင်ဘုရားကြောင့် တပည့်တော်ရဲ့ ဂုဏ်ကို အထိခိုက်မခံနိုင်ပါဘူး၊ ဒါကြောင့် အရှင်ဘုရားကြွလာတာတွေ့လို့ တပည့်တော်က ရပ်ပေးရင် အရင်ဘုရားကို ရှိခိုးတယ်လို့ မှတ်ပါ၊ တပည့်တော်မြင်းလှည်းစီးရင်း အရှင်ဘုရားနဲ့ လမ်းမှာတွေ့လို့ နှင်တံကို အောက်ချလိုက်တယ်ဆိုရင် အရှင်ဘုရားကို ရှိခိုးတယ်မှတ်ပါ၊ တပည့်တော် စကားပြောနေတုန်း အရှင်ဘုရားကိုတွေ့လို့ တပည့်တော်က စကားပြောရပ်လိုက်ရင် အရှင်ဘုရားကို ရှိခိုးတယ်လို့မှတ်ပါ”

စသဖြင့် ဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ ဘုရားကို ရိုသေတုပ်ကွ မရှိခိုးနိုင်ကြောင်း လျှောက်တယ်။ အဲလိုပဲ ဆရာသောရဲ့ စရိုက်ရှိနေတဲ့ ကိုယ့်ရဲ့ တော်ရိရော်ရိ Critical thinking အကြောင်းကို ဆရာသောစရိုက်နဲ့ ဖတ်လိုက်ကြလေနော့။

Post navigation

Critical Thinking and Me (4)
First srt File

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress