• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

လူပီသခြင်း

တနေ့သ၌ ကျွန်ုပ်မှာ မျှော်လင့်မထားဘဲ လူဖြစ်လာ၏။ ကျွန်ုပ်ကား ထိုအဖြစ်ကို မသိ။ လူဖြစ်လာရခြင်းသည် လူဖြစ်လာရခြင်းကြောင့်ဟု ထင်၏။ လူဖြစ်လာသဖြင့် လူဖြစ်လာ၏။ လူဖြစ်လာခြင်းကြောင့် ကျွန်ုပ်မှာ ကြောင်တောင်တောင်ဖြစ်ခြင်း ဇဝေဇဝါဖြစ်ချင်း အလျဉ်းမရှိ လူဖြစ်လာသည်ကို အံ့သြရကောင်းမှန်းမသိဘဲ လူဖြစ်လာ၏။

ဤအရာသည် အဖြူဟုဆိုသဖြင့် ကျွန်ုပ်မှာ ‘အော် အဖြူတဲ့ဟ’ ဟုမှတ်ရ၏။ အမည်းဟုဆိုသည့်အရာကိုလည်း အမည်းဟု မှတ်ရပြန်၏။ အစိမ်းဆိုသဖြင့် အပြာဆိုသဖြင့် မှတ်ရ၏။ အရှေ့ အနောက်ဆိုကာ အရပ်မျက်နှာကို မှတ်ရပြန်၏။ ဤသို့သွား ဤသို့လာ ဤသို့ပြော ဤသို့နေ ဤသို့ထိုင်ဆိုသဖြင့် လိုက်လုပ်ရ၏။ ‘သြကာ သြကာ’ ဆိုသဖြင့် အိမ်ထဲရှိ ဘုရားစင်ပေါ်က ဘုရားကို ရှိခိုးခိုင်း၏။ ယေရှုထံတွင် ဆုမတောင်းခိုင်းပါ။ ကိုရ်အန်မဖတ်ခိုင်းပါ။ နဖူးပေါ် အနီစက်ကလေး မကပ်ခိုင်းပါ။ သြကာ’ ဆိုကာ သြကာသ စသင်ရ၏။ နောက်တွင် ကျွန်ုပ်ကို ဗုဒ္ဓဘာသာဟု သတ်မှတ်ပေးကြသဖြင့် ကျွန်ုပ်မှာ ဗုဒ္ဓဘာသာ ဖြစ်ရသည်တမုံ့။

လူဖြစ်လာသဖြင့် နွားလိုမနေရ။ နွားများစာမတတ်။ နွားများခမျာ သူများကျောင်းသလို သွားရရှာ၏။ အကယ်တန္တုထိုနွားများ စာမတတ်သောကြောင့် သူများခိုင်းတာ လုပ်ရ၏။ သူများခိုင်းတာ မလုပ်ချင်ရင် စာသင်ဟု ဆိုသဖြင့် ကျောက်သင်ပုန်းနဲ့ ကျောက်တံကလေးကို လွယ်အိတ်ထဲ ထည့်ပေး၍ ကျောင်းသို့ အလွှတ်ခံရသည်။ ဆရာ ဆရာမများက စိတ်ဒဏ်ရာ တရစပ်ထည့်၏။ စာမတတ်လျှင် ဘာဖြစ်မည် ညာဖြစ်မည်ဆိုသဖြင့် ကလေးများကို စိတ်ဒဏ်ရာ တောက်လျှောက်ထည့်ပေးခံရခြင်းတွင် ကျွန်ုပ်လည်း ပါ၏။ ထိုစိတ်ဒဏ်ရာဖြင့် ကြီးလာသော လူများသည် လူကလေးများပိုင်ဆိုင်လာသည်နှင့် တပြိုင်နက် အရှုံးခံကာ စျေးကြီးကြီးပေးရသော တက္ကသိုလ်တို့တွင် ပေးသော နောက်ဆုံးစာရွက်တစ်ရွက်ကို အချိန်အားဖြင့် နှစ်နှစ်ဆယ်နီးပါး အကုန်ခံကာ ယူ၏။ နွားဖြစ်မည်စိုး၍ စာသင်လိုက်သော ကျွန်ုပ်မှာ စာလည်းမတတ်၊ နွားလည်းမဖြစ် ကိုးလိုးကန့်လန့် တိုးလိုးတန်းလန်းဖြစ်ရပြန်၏။

[metaslider id=752]လူဖြစ်လာရသောကြောင့် လူများနဲ့ စကားပြောရ၏။ တချို့စကားများက အဓိပ္ပါယ်ရှိလှသည်။ အချို့စကားက အကျိုးမရှိ။ ဘယ်သူ့စကားကိုဖြင့် နားထောင်ပါ။ ဘယ်သူနဲ့ စကားမပြောနဲ့။ စသဖြင့် စကားပြောဖို့အရေး စကားအမျိုးမျိုးဖြင့် စကားခံ ခံရ၏။ စကားကို ဘယ်လိုပြောနေတာလဲ။ ငါက စကားမပြောတတ်ဘူး။ နင်က စကားအရမ်းတတ်တာပဲ အဲလိုပြောတာ ကောင်းတယ် စသဖြင့် စကားကို အကြောင်းပြု၍ စကားပြောကြရပြန်၏။ စကားမပြောလျှင် ရန်သူဖြစ်နေသောကြောင့် ဖြစ်တတ်သည်။ စကားမပြောလျှင် စိတ်ကောက်နေသောကြောင့် ဖြစ်သည်ဟူ၍ စကားကို စကားဖြင့် ရှင်းပြရ၏။ ကျွန်ုပ်စကားကြောင့် တချို့မှာ ကျွန်ုပ်ကို မုန်း၏။ စကားတချို့ကြောင့် အချို့ထဲမှ အချို့တဝက်က ကျွန်ုပ်ကို သဘောကျ၏။ စကားဖြင့် ချီးကျူးခံရဖို့ စကားပြောရင်း ရန်ဖြစ်ဖို့ စကားပြောရင်း ကျွန်ုပ်သည် လူဖြစ်လာသဖြင့် လူလုပ်သော အလုပ်ကို လုပ်ရ၏။

လူဖြစ်လာသည်မှာ နည်းနည်းကြာလာသည်နှင့်အမျှ လူရည်လည်လာ၏။ လူရည်လည်သည်ဆိုသဖြင့် ဝေ့ပတ်ခြင်းကို ဆိုလို၏။ လူရည်လည်တွင် လည်သည် အဘိဓာန်တွင်

လည်/ လယ်/ ကြိ – ၁။ တစ်စုံတစ်ရာကို ဗဟိုပြု၍ ပတ်သည်။ ၂။ လှည့်ပတ်သွားလာသည်။ ၃။ မူလအခြေအနေသို့ ပြန်ရောက်သည်။ “စိတ်လည်သည်၊ သဘောလည်သည်၊” ၄။ ငွေအဝင်အထွက် အဆင်ပြေသည်။ ၅။ ပါးနပ်သည်။ ။

ဟုအဓိပ္ပါယ်ဖွင့်သဖြင့် ဤလည်ဆိုသည့် စကားလုံးသည် ပါးနပ်သည်ဟု စင်စစ်အားဖြင့် ဖွင့်သော်လည်း ကျွန်ုပ်အတွက်မူ တစ်စုံတစ်ရာကို ဗဟိုပြု၍ လည်ပတ်သည် အဆင့်လောက်နှင့်မျှသာ ဖြစ်သဖြင့် ချာချာလည်လာသည်။

အမှန်တွေ အမှန်တွေ များလွန်းသဖြင့် ကမ္ဘာကြီးတစ်ခုလုံးမှာ မှန်၍ နေသည်။ ပြည်ခိုင်ဖြိုးလည်း မှန်သည်။ အင်န်အယ်ဒီလည်း မှန်သည်။ တစညလည်းမှန်သည်။ နဂါးလည်းမှန်သည်။ ကျားဖြူလည်းမှန်သည်။ ဗုဒ္ဓဘာသာလည်း မှန်သည်။ အစ္စလာမ်လည်း မှန်သည်။ တနေ့သ၌ အပြစ်မဲ့တဲ့ ပြည်သူတွေ သေကုန်ပြီဆိုသဖြင့် အကြမ်းဖက်သမားက မည်သူက အပြစ်မဲ့သူ ဖြစ်သနည်း။ ထိုသူ အပြစ်မဲ့ကြောင်း သင် သက်သေ မည်သို့ ပြမည်နည်း။ အပြစ်မဲ့ပါသည်ဆိုသော ထိုလူများရှေ့တွင် သင်သည် ဗုဒ္ဓဘာသာဖြစ်သောကြောင့် အမုန်းခံရမည်။ သင်သည် ကုလားဖြစ်သောကြောင့် အမုန်းခံရမည်။ သင်သည် ပြည်ခိုင်ဖြိုးဖြစ်သောကြောင့် အမုန်းခံရမည်။ သင်သည် အင်န်အယ်ဒီဖြစ်သောကြောင့် အမုန်းခံရမည်။ မိမိနှင့် ဆန့်ကျင်ဘက်ကို မုန်းနေကြသော ထိုလူများက အပြစ်မဲ့သူလားဟု မေးသည်။ သေသွားသူက သေသွားသဖြင့် မှန်၏။ ဗုံးထောင်သူက သေသင့်သည်ဟု မှတ်သဖြင့် မှန်၏။ လောကကြီးတွင် အမှားဟူ၍ မရှိ။ မည်သူမှ မမှား။ မှားနေကြောင်း ပြောသူသာ မှားနေခြင်းဖြစ်၏။ ဤသို့ဖြင့် လူဖြစ်လာရသော ကျွန်ုပ်သည် လူမှန်တွေကြား နေရာမှန်မရဘဲ လူရည်ချာချာလည်လာပါသည်။[yikes-mailchimp form=”1″ description=”1″ submit=”Submit”]

ကျွန်ုပ်လူအဖြစ်ကား မည်သည့်အချိန်တွင် ရပ်တန့်မည်မသိ။ ဆေးလိပ်မသောက်ရ စာတမ်းများကြား။ ဓာတ်လိုက်တတ်သည်စာတမ်းများကြား။ အပြစ်ဟူ၍ မှတ်သည် စာတမ်းများကြား။ နာရီများကြား။ စာဖတ်နော်ဆိုသူများကြား။ လုပ်ထားဟု ခပ်ပျင်းပျင်းလူတို့၏ ခိုင်းသံများကြား။ သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်းဆိုသည့် ဖိအားများကြား အရေးထဲ ငှက်မှန်ရင် ပျံပြီးသေခိုင်းသူများကြား ဟိုဟာဟုတ်နိုး သည်ဟာဟုတ်နိုးနိုး မအူမလည်နှင့် လူဆက်လုပ်ရဦးချိမ့်မည်။ လူသည် လူပီသရသည်ဟု ပြောသူများ လူပီသအောင် မနေပြခဲ့ကြသည်က ခက်သည်။

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress