ကျွန်တော် ဒီပိုစ့်ကို ဝေမျှပေးတဲ့ အနေနဲ့ တင်ပေးတာပါ။ ကျွန်တော်တို့အားလုံး သိထားကြတာမေတ္တာက အထူးသဖြင့် မိဘချစ် မောင်နှမချစ်လို့ သိထားကြတဲ့ မေတ္တာက ၅၂၈ မေတ္တာ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ အသင်းအဖွဲ့တစ်ခုက ဖော်ပြတဲ့ မေတ္တာက ၆၅၁ တဲ့။ ၃၃ ခုကြီးတောင် ပိုနေတယ်။ ဒီလို ဖြစ်နေရခြင်း အကြောင်းရင်းကို ရန်ကုန်မြို့ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားကြီးက ဒီလို ရှင်းပြခဲ့တယ်ဗျ။
၅၂၈ လို့ သတ်မှတ်ထားတာဟာ ရှေးပညာရှင်ကြီးများ သတ်မှတ်ခဲ့ခြင်းမျှသာ ဖြစ်ပါတယ်တဲ့။ ဘယ်နည်းနဲ့လည်းဆိုရင် ပဋိသမ္ဘိဒါမဂ် ပါဠိတော်နည်းနဲ့ပါတဲ့ဗျာ။ ဘယ်အချိန် ဘယ်အခါမှာ စတင်သုံးစွဲခဲ့မှန်း မသိပေမယ့် အစောဆုံးတွေ့ရှိရတာကတော့ အရှင်မဟာဗုဒ္ဓဃောသရဲ့ ၀ိသုဒ္ဓိမဂ်စာအုပ် နှာ (၃၀၄) မှာတဲ့။
ဆရာတော် ဆက်ရှင်းပြတာက
ဘုရားဟောတော်မူတဲ့ ကျမ်းဂန်တွေမှာ သင်္ချာကို အသုံးပြုပုံက
၁။ အပိုအလိုမရှိ တိကျတဲ့သင်္ချာ (ဥပမာ – သစ္စာလေးပါး၊ သတိပဋ္ဌာန်လေးပါး)
၂။ သတ်မှတ်ချက်ထက် ပိုတဲ့သင်္ချာ (ဥပမာ – သတံ တရာမက။ သဟဿံ – တစ်ထောင်မက)
၃။ သတ်မှတ်ချက်ထက် အပိုအလို ရှိနေတဲ့ သင်္ချာ (ဥပမာ – ၅၄၇ သာရှိတဲ့ ဇာတ်တော်ကို ၅၅၀ ဇာတ်တော်)
၎။ ကာလ ဒေသ ပုဂ္ဂလ သင်္ချာ (ဥပမာ – အဂုင်္တ္တိုရ်ကျမ်းကို ဧကနိပါတ်၊ ဒွိကနိပါတ် စသည် သတ်မှတ်ခြင်း) စသဖြင့် လာပါတယ်။ အဲဒီလေးပါးကို ချုံကြည့်လိုက်ရင် ဒီလိုထွက်လာတယ်။
၁။ အပိုအလိုမရှိ နှုတ်ပယ်လို့မရတဲ့ သင်္ချာ
၂။ အခြေအနေအရ အလျော့အတင်းလုပ်လို့ရတဲ့ သင်္ချာ ဆိုပြီး ထွက်လာတယ်။
သစ္စာလေးပါး၊ သတိပဋ္ဌာန်လေးပါးဆိုတာတွေက နှုတ်ပယ်လို့မရသလို ထပ်ဖြည့်လို့လည်း မရတော့တဲ့ ကိန်းဂဏန်းတွေ ဖြစ်ပြီး သာသနာငါးထောင်စတာတွေက နှုတ်ပယ်လို့လည်းရနိုင် ဖြည့်ဆည်းလို့လည်း ရနိုင်တဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ သာသနာငါးထောင်ဆိုတာ ဘုရားဟောထားခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ ရဟန်းရှင်လူအားလုံး ဗုဒ္ဓဟောကြားထားတာတွေကို မသင်မအံမလေ့မကျက်တော့ရင် သာသနာဟာ အလွယ်တကူ ကွယ်ပျောက်သွားမှာဖြစ်လို့ ငါးထောင်ဆိုတာ မသေချာဘူး။ ရဟန်း ရှင်လူတွေက ပရိယတ်စာပေတွေကို ကောင်းမွန်စွာ သင်ယူလေ့ကျက်ပြီး ပဋိပတ် ပဋိဝေဓတွေကို ပြုလုပ်နေလျင် သာသနာဟာ မကွယ်မပျောက်တဲ့အတွက် ငါးထောင်မကဖြစ်နိုင်လို့ ဒီငါးထောင်ဆိုတဲ့ ကိန်းဂဏန်းဟာ အတိအကျမရှိပါဘူး။
(၃၈) ဖြာမင်္ဂလာမှာလည်း ဘုရားက (၃၈) ပါးပါ လို့ ရေတွက် ပြခဲ့တာမဟုတ်ပါဘူး။ မင်္ဂလာတရားဆိုတာ ဒါတွေပါလို့ ဟောခဲ့တာပါ။ အဲဒါကြောင့် “မာတာပိတု ဥပဋ္ဌာနံ” ကို (၂) ပါး၊ “အာရတီ ၀ိရတီ ပါပါ” ကို (၂) ပါးယူရင် မင်္ဂလာတရားဟာ (၄၀) ဖြစ်သွားပါတယ်။ ဒါတွေက မင်္ဂလာတရားတွေပါ။ (၃၈) ပါးတည်းရှိတယ်လို့ ပြောရင် သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် မင်္ဂလာမည်၏ လို့ဟောထားပေမယ့် သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် မင်္ဂလာမည်၏ သူတပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ် ခြင်းသည် မင်္ဂလာမည်၏လို့ မပါတဲ့အတွက် သူ့အသက်သတ်တာ သူ့ဥစ္စာခိုးတာဟာ အမင်္ဂလာမဟုတ်တော့ သလိုလို ဖြစ်သွားနိုင်ပါတယ်။ နောက် တရားနာခြင်းသည် မင်္ဂလာမည်၏ လို့ပဲ ပါတယ်။ ဒီတော့ တရားဟောခြင်း သာဓုခေါ်ခြင်းစတဲ့ ပုညကြိယာဝတ္ထုတွေက မင်္ဂလာမမည်တော့သလို ဖြစ်နေပါတယ်။ တကယ်တော့ ဘုရားရှင်က (၃၈) ဖြာမင်္ဂလာသုတ်တရားတော်ကို “ကြီးပွားချမ်းသာကြောင်းတရား” လို့ဟောထားတာပါ။ အဆုံးမှာလည်း “ဒီလို အစရှိတဲ့ တရားတော်တွေ” လို့ အဆုံးသတ်ထားပါတယ်။
ဒါတွေက နောက်နောင် လူများမှတ်သားရလွယ်ကူအောင် ရှေးရှေးပညာရှင်များက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေးရှေးပညာရှင်တွေ သတ်မှတ်ပုံက “ဒါပဲ ယုံရမယ်၊ ဒါအမှန်၊ ဒီထက်ပို မယူရ။ လျှော့မယူရ” ဆိုတဲ့ ပညတ်ချက်မျိုးလည်း မထုတ်ခဲ့ပါဘူး။ နောင်လာနောက်သားများ အလွယ်တကူ မှတ်မိစေချင်တဲ့ စေတနာတွေ ပါပဲ။ ၅၆၁ မေတ္တာက မေတ္တသုတ်ကို အခြေခံပြီး တွက်ချက်ပါတယ်တဲ့။ (ဆရာတော်က တွက်ချက်မပြလို့ ကျွန်တော်လည်း မတွက်တတ်ပါဘူးခင်ဗျ။ တွက်တတ်တဲ့သူများ တွက်ပေးခဲ့ပါ။ ဆရာတော်က ငြင်းခုန်နေတာကို ဖြေရှင်းပေးခဲ့တာလေး ဆက်ပြီး ဝေမျှ ပါရစေ။)
၅၂၈ ပါ။ ၅၆၁ ပါလို့ ပြောနေမယ့်အစား မေတ္တာရှင် ပီသအောင် မေတ္တာပို့နေတာက ပိုပြီး ကောင်းမွန်ပါတယ်။ ကြုံတုန်း အလွယ်ဆုံးနဲ့ အထိရောက်ဆုံး မေတ္တာပို့နည်းလေး ပေးခဲ့ပါမယ်။ မေတ္တာပို့တဲ့အချိန်မှာ ပါးစပ်က ကရားရေလွတ် ရွတ်နေမယ့်အစား စိတ်က နှစ်နှစ်ကာကာ တကယ်ဖြစ်စေချင်တဲ့ စိတ်မျိုး ဖြစ်နေရပါမယ်။ ပို့ရမယ့် နည်းက “သတ္တ၀ါများအားလုံး
ကျန်းမာကြပါစေ
ချမ်းသာကြပါစေ
ဘေးရန်ကင်းပါစေ
လိုရာဆန္ဒပြည့်ဝပါစေ”
ဒီလေးချက်နဲ့ ပို့ပါ။ ပိုပြီး တိုတို ပို့ချင်သေးတယ်ဆိုရင် “သတ္တ၀ါအားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝပါစေ” လို့ပို့ပါ။ အမေ့ကို မေတ္တာပို့တယ်ဆိုရင် အမေ့မျက်နှာကို စိတ်က မြင်အောင်မှန်းပြီး ပို့ပါ။ အဖေ့ကို မေတ္တာပို့တယ်ဆိုရင်လည်း အဖေ့မျက်နှာကို စိတ်က မြင်အောင်မှန်းပြီးပို့ပါ။ ရင်းနှီးတဲ့သူ၊ ကျေးဇူးရှင်၊ ဆွေမျိုးနှင့် အပေါင်းအသင်းကိုလည်း တစ်ယောက်ချင်းစီ ပို့လို့ရပါတယ်။
ကျမ်းကိုး။ ။ ၂၀၀၃ ခုနှစ်၊ မတ်လထုတ် မြစ်မခဓမ္မစာသ၀ဏ်။