ဝေသာလီဟု ပြောလိုက်လျှင် မသိသူမရှိ။ လူကြီးလူငယ် အားလုံးသိကြပါသည်။ ထိုသို့ သိကြခြင်းမှာလည်း ဝေသာလီ၏ လိစ္ဆ၀ီမင်းတို့၏ ထီးနန်းစိုက်ရာမြို့တော်ဖြစ်သည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု ကြွယ်ဝချမ်းသာမှုနှင့် အေးချမ်းသာယာမှုတို့ကြောင့်လည်းဖြစ်ပါသည်။ ၀ဇ္ဇီတိုင်းအတွင်း၌ ဝေသာလီမြို့အပြင် ဓမ္မကောရဏ္ဍမြို့၊ အဋ္ဌကမြို့၊ ဘောဂမြို့၊ ဥက္ကာစေလမြို့စသော မြို့ကြီးများလည်း ရှိပါသေးသည်။ မြတ်ဗုဒ္ဓ သီတင်းသုံးနေတော်မူခဲ့ပြီး တရားဒေသနာတော်များ ဟောခဲ့ဖူးသော ဘဏ္ဍရွာ၊ ကောဋိရွာ၊ ဟတ္ထိရွာ၊ နာတိကရွာနှင့် ဝေဠုဝရွာစသော စံပြရွာကြီးများလည်း လူသိများ၍ ထင်ရှားလှပေ၏။ ထိုသို့ထင်ရှား များပြားလှသော မြို့ပြနှင့် ကျေးရွာများအနက် စာဖတ်သူတို့အား ဝေသာလီမြို့ အကြောင်းကို ယခုအနည်းငယ်မျှ ပြောပြချင်ပါသည်။
ဝေသလီမြို့သည် ၀ဇ္ဇီတိုင်း၏ အရှင်သခင် လိစ္ဆ၀ီမင်းများ၏ ထီးနန်းစိုက်ရာ မြို့ဖြစ်သောကြောင့် အချို့က ဝေသာလီပြည်ဟု တင်စားခေါ်ဝေါ်ကြ၏။ ဤကဲ့သို့ တင်စားခေါ်ဝေါ်မှုကြောင့် ဝေသာလီမြို့ကို တိုင်းပြည်တစ်ပြည်အဖြစ် နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ယောင်ထင်မှား ဖြစ်တတ်ကြ၏။ အချို့ကလည်း လိစ္ဆ၀ီမင်းများ စိုးစံအုပ်ချုပ်မှုကို အစွဲပြုပြီး လိစ္ဆ၀ီပြည်ဟု ခေါ်ဝေါ်ကြသေး၏။ ပထမတည်ထောင်ခဲ့သောမြို့နှင့် မြို့နေလူထုတို့ မမျှတော့သဖြင့် မြို့တော်၏ ပတ်ပတ်လည်မှာ တစ်ဂါဝုတ်စီသုံးကြိမ်ထပ်မံတိုးချဲ့ခဲ့ရသောကြောင့် ဝေသာလီဟု ခေါ်တွင်ရခြင်းဖြစ်သည်။ ထို့ကြောင့် ဝေသာလီမြိ့မှာ မျြိ့ရိုးတံတိုင်းသုံးထပ်ကာရံထားသော မြို့လည်းဖြစ်သည်။ စည်ပင်ပြန့်ပြောကြွယ်ဝသောကြောင့် ဝေသာလီမြို့ဟုလည်း ပြောဆိုကြသေးသည်။ မည်သို့ပင်ခေါ်စေ ဝေသာလီပြည်သည် ဝေသာလီသာဖြစ်သည်။ အခြားတိုင်းနိုင်ငံများ၌ အာဏာရှင်စနစ် ဧကရာဇ်ဘုရာမင်းများ အုပ်ချုပ်ကြသော်လည်း ဝေသာလီမှာမူ အလှည့်ကျစံနစ်ဖြင့် ရှေးဦးစွာ အုပ်ချုပ်ခဲ့သော ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။
ဝေသာလီသည် ၀ဇ္ဇီတိုင်း၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့တော်အင်္ဂါရပ်များဖြင့် စံနစ်တကျ အကွက်ချ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့်လူနေ အိမ်ရာများ၊ စားသောက်ဆိုင်များ၊ ဈေးကြီးဈေးငယ်များ၊ ဘုရားကျောင်းကန်များ၊ ဘာသာရေးစာသင်ကျောင်းများနှင့် ဥယျာဉ်ပန်းခြံ ရေအိုင်ရေကန်များသည်လည်း သူ့နေရာနှင့်သူ စံနစ်တကျရှိခဲ့သည်။ အဆောက်အဦများနှင့် စပ်လျဉ်း၍ ပြောရလျှင် အုဋ္ဌ်တိုက်ပြဿာဒ်ပေါင်း ၇၇၀၇ တိုက်၊ စုလစ်မွန်းချွန်အိမ်ပေါင်း ၇၇၀၇ အိမ်၊ ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ဝင်းပေါင်း ၇၇၀၇ ၀င်း၊ ရေတွင်းရေကန်ပေါင်း ၇၇၀၇ ကန် ရှိပါသည်။ (ကျွန်ုပ်ဂျေဂျူဝိုင် အနည်းငယ်ဝင်ရှုပ်ပါဦးမည်။ ကိုလင်းလက်ဟန်က မင်းဆက်ပေါင်း ၇၇၀၇ ဆက်အုပ်ချုပ်ခဲ့သည် ကိုမေ့ခဲ့ဟန်ရှိပါသည်။) လိစ္ဆ၀ီတို့၏ နန်းတော်ကြီးမှာ လေးလိ ငါးလိခန့် ကျယ်ဝန်းပြီး လိပေါင်း ငါးထောင်ခန့်ကျယ်ဝန်းပြီး မြို့တော်မှာ လိပေါင်းငါးထောင်ခန့် ကျယ်ဝန်းပါသည်။ (တစ်လိလျှင် ခုနှစ်ယူဇနာ၊ တစ်ယူဇနာလျှင် ၁၂ မိုင်ခွဲ) မြို့တွင်း၌ မင်းမျိုး မင်းနွယ်မှအစ မှူးမတ် သူဌေး ပုဏ္ဏား (ကုလား တရုတ် အာရိယာန်) ပွဲစား ကုန်သည် လယ်လုပ်သမားများအထိ လူမျိုးအသီးသီး အလွှာအသီးသီး နေထိုင်ကြသည်။ အလွှာမျိုးစုံသဖြင့် ယုံကြည်ကိုးကွယ်သော ဘာသာလည်း စုံလှပါသည်။ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရှိသဖြင့် ဗုဒ္ဓဘာသာဝင်များအပြင် နိဂဏ္ဍနာဋပုတ္တ၏ သာဝကများလည်း ရှိကြပါသည်။
ဝေသာလီမြို့ တည်ဆောက်စဉ်က လူနေအိမ်ရာများကို လမ်းဖြင့် ပိုင်းခြားသတ်မှတ်၍ အကွက်ချ တည်ဆောက်ထားသဖြင့် စံနစ်တကျရှိလှပါသည်။ လမ်းမကြီးများနှင့် လမ်းသွယ် ကလေးများသည် ဖြောင့်ဖြူး ညီညာလျက်ရှိ၏ ။ လမ်းမကြီး၏ ၀ဲယာတစ်ဖက်တစ်ချက်တွင် ပိတောက် စွယ်တော်စသော အရိပ်ရသစ်ပင် ပန်းပင်များ စီရရီ စိုက်ပျိုးထားသဖြင့် ဆယ့်နှစ်ရာသီ စိမ်းလန်းစိုပြေလျက်ရှိ၏။ ရပ်ကွက်အတွင်းပိုင်းသို့ ရောက်သွားသော အိမ်တို့မှာ ကိုယ်ထူကိုယ်ထစံနစ်ဖြင့် အုတ်နီလမ်းသွယ်ကလေးများ ဖောက်လုပ်ထားကြ၏။ လမ်းထိပ် ခွာညိုပင်အောက်တွင် ဆောက်လုပ်ထားသော အုတ်ခုံကလေးမှာလည်း ထိုချင်စရာပင်ဖြစ်၏။ နေညို ဆည်းဆာရောက်သည်နှင့်ထိုအုတ်ခုံလေးမှာ ကာလသား လူငယ်များဖြင့် စည်ကားနေတတ်၏
မြို့ပြင်လမ်းပန်းဆက်သွယ်ရေးတွင် အဝေးပြေးလမ်းမကြီးများသည်လည်း ရာသီမရွေး သွားလာနိုင်၏။ ဝေသာလီ၏ စီးပွားရေး အသက်သွေးကြောသဖွယ်ဖြစ်သော အဝေးပြေး လမ်းမကြီးများမှာ ဘင်္ဂတိုင်း၊ ၀င်္ဂတိုင်းစသော အရှေ့တိုင်းနိုင်ငံများနှင့် ဆက်သွယ်ထားသော အရှေ့လမ်းမကြီး၊ မဂဓတိုင်း၊ အင်္ဂတိုင်းစသော တိုင်းနိုင်ငံကြီးများနှင့် ဆက်သွယ်ထားသော တောင်ဘက်လမ်းမကြီး ကာသိတိုင်း ကောသလတိုင်းစသော တိုင်းနိုင်ငံများနှင့် ဆက်သွယ်ထားသော အနောက်ဘက်လမ်းမကြီး ၊ ကောသလတိုင်းစသော တိုင်းနိုင်ငံများနှင့် ဆက်သွယ်ထားသော အနောက်ဘက်လမ်းမကြီး မြောက်ဘက် ဟိမ၀န္တာတောင်ခြေရှိ သက္ကတိုင်း မလ္လတိုင်းတို့နှင့် ဆက်သွယ်ထားသော လမ်းမကြီးတို့ပင်ဖြစ်သည်။ ဤကဲ့သို့ လေးဘက်လေးတန်ရှိ တိုင်းနိုင်ငံများနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ချောမွေ့သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်၏။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှု အဆင့်အတန်းမှာလည်း မြင့်မားလာလေ၏။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေး အချက်အချာကျသဖြင့် အခြားတိုင်းနိုင်ငံရှိ ကုန်သည် ပွဲစားများ လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ကြ၏။ ဝေသာလီမြို့သည် ခရီးသွားများ ကုန်သည်ပွဲစားများဖြင့် အမြဲမပြတ် စည်ကားလျက်ရှိ၏။
ဝေသာလီမြို့တွင် သွားရောက်လည်ပတ် အပန်းဖြေစရာ အင်ကြင်းတော ၀ါးတော သရက်တော မဟာဝုန်တောစသော ဥယျာဉ်တောများသည်လည်း အများအပြားရှိသည်။ ထိုတွင် မဟာဝုန်တောသည် လိစ္ဆ၀ီမင်းသားတို့ အလွန်ဂရုစိုက်ပြီး မြတ်နိုးသကဲ့သို့ ရဟန်းတော်များလည်း အလွန်ပျော်မွေ့ကြသော ဥယျာဉ်တောကြီး ဖြစ်ပေသည်။ မဟာဝုန်တောအတွင်း၌ ဆောက်လုပ်လှူဒါန်းထားသော စုလစ်မွန်းချွန် အထွတ်တပ်သော ကူဋာဂါရကျောင်းတော်ကြီးမှာ သာသနာတော်၌ အလွန်ထင်ရှားပြီး အလွန်နှစ်သက် ပျော်မွေ့ဖွယ် ကောင်း၏။ တရားနာလာရောက်သူ လာရောက်လည်ပတ်ကြသောသူတို့ဖြင့် အမြဲမပြတ် စည်ကားလျက်ရှိ၏။ မဟာဝုန်တောအတွင်း၌ ပိတောက် အင်ကြင်း သဇင်စသော ပန်းများသည် ရာသီအလိုက် ဖူးပွင့်လျက်ရှိ၏။ လာရောက်လည်ပတ်ကြသော သူတို့ကိုလည်း ကိုယ်စိတ်နှစ်ပါးအေးချမ်းမှု ပျော်ရွှင်ကြည်နူးမှုများ ပေးနိုင်စွမ်းသော ဥယျာဉ်ကြီးဖြစ်ပေသည်။
မြို့တော်၏ ထက်ဝန်းကျင်ပတ်လည်ရှိ ထိုဥယျာဉ်ကြီးအပြင် ဥတေန၊ ဂေါတမ၊ သတ္တမ္ဗ၊ ဗဟုပုတ္တ၊ သာရန္ဒဒ နတ်ကွန်းနှင့် စာပါလနတ်ကွန်းတို့မှာလည်း အလွန်သာယာကြည်နူးဖွယ် ကောင်းပါသည်။ သို့ဖြစ်၍ ဝေသာလီသည် မြို့တွင်းမြို့ပြင် နှစ်ဌာနလုံး၌ အလွန်သာယာလှပသော ဥယျာဉ်များနှင့် ရေအိုင်ရေကန် အလွန်ပေါများသဖြင့် နန္ဒ၀န်ဥယျာဉ်တမျှ အမြဲတမ်း စိမ်းလန်းစိုပြေလျက်ရှိပါသည်။ ဝေသာလီမြို့တော်ကြီးသာ သာယာလှပသည်မဟုတ်၊ မြို့နေပြည်သူလူထုသည်လည်း လှပတင့်တယ်ကြကုန်၏။ မြင်မြင်သမျှသူတို့၏ စိတ်နှလုံးကို ရွှင်လန်းအေးမြစေနိုင်သော ရုပ်ရည်အဆင်းနှင့် ပြည့်စုံကုန်၏။ မြင်မြင်သမျှတို့၏ စိတ်နှလုံးကို ရွှင်လန်းအေးမြစေနိုင်သော ရုပ်အဆင်းနှင့် ပြည့်စုံကုန်၏။ ထိုတွင် လိစ္ဆ၀ီမင်းသားတို့သည် နတ်သားတမျှ အလွန်တင့်တယ်လှကြောင်း ဘုရားကိုယ်တော်တိုင် ချီးကျူးတော်မူခဲ့ဖူးပါသည်။ ကာသိတိုင်းဖြစ် ပိုးထည်ကို ၀တ်ဆင်ကာ အလှကြွယ်ကြသော ဝေသာလီပျိုမေတို့သည်လည်း ယဉ်တစ်ကိုယ်လုံးဖြင့် ပြည်ကြီးသူ ပီသကြပါပေ၏။
ဝေသာလီအကြောင်းကို ပြောလျှင် လိစ္ဆ၀ီမင်းသားများ မပါလျှင် မပြီးသကဲ့သို့ အမ္ဗပါလီ မပါပါကလည်း မပြည့်စုံနိုင်ပေ။ အမ္ဗပါလီသည် အတိတ်ဘ၀က ၀စီအကုသိုလ်ကံကြောင့် ယခုဘ၀ ပြည့်တန်ဆာမဖြစ်ရသော်လည်း အလွန်လှပသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ မည်ကဲ့သို့ပင်ဖြစ်စေကာမူ အမ္ဗပါလီသည် ပြည့်တန်ဆာမဆိုသည့်အတိုင်း ဝေသာလီပြည်ကို အလှတရားဖြင့် တန်ဆာဆင်ပေးခဲ့သော မိန်းကလေးတစ်ယောက်ဖြစ်ပါသည်။ သူမသည် ဝေသာလီမြို့ကိုသာ အလှဆင်ပေးခဲ့သည်မဟုတ်။ ဘုရားရှင်၏ သာသနာတော်ကိုလည်း အလှဆင်ပေးခဲ့ပါသည်။ မိမိ၏ မိခင်သဖွယ်ဖြစ်သော သရက်ဥယျာဉ်တွင် ကျောင်းဆောက်လုပ်ကာ မြတ်စွာဘုရားအား လှူဒါန်းပြီး ကျောင်းအစ်မအဖြစ် ခံယူခဲ့လေသည်။ နောက်ဆုံးတွင် သူမ၏ သားတော်ဝိမလကောဏ္ဍညမထေရ် ဟောကြားသောတရားတော်ကို နာယူရပြီး မည်းညစ်နေသော သူမဘ၀ကို ပဋိသမ္ဘိဒါဉာဏ်ရ ဘိက္ခုနီထေရီဘ၀ဖြင့် အလှဆင်သွားနိုင်သော မိန်းမသားတစ်ယောက်လည်း ဖြစ်သည်။ အမ္ဗပါလီသည် ဘ၀၏ အချိုးအကွေ့များကို တည်ငြိမ်စွာဖြတ်ကျော်နိုင်သကဲ့သို့ ဝေသာလီသည်လည်း သဘာဝအန္တရာယ်ကို အေးချမ်းသာယာစွာ ဖြတ်သန်းလွန်မြောက်ပြီး ထာဝရတည်တံ့နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ဝေသာလီသည် တပို့တွဲလ၏ အေးမြသော ဆောင်းနံနက်ခင်းကြားမှာ တစ်မျိုးတမည်သာယာ လှပနေပေသည်။ မြူနှင်းခိုးတွေလွင့်ပြယ်နေပြီ ဖြစ်သော်လည်း ရော်ရွက်ဝါနှင့် ရွက်နုသ်စထက်တွင် နှင်းရည်များ စိုရွှဲလျက် ရှိနေသေး၏။ အရုဏ်ဦးနှင့် အတူ ဝေသာလီမြို့သူမြို့သားများသည်လည်း တက်တက်ကြွကြွ နိုးထလှုပ်ရှားနေကြပြီ ဖြစ်သည်။ သဘာဝတရားဖြင့် သာယာလှပနေသော ဝေသာလီသည် ဤနံနက်တွင် ပို၍ပင် ကျက်သရေ ရှိလွန်းလှသည်။ ဤရှုခင်းမျိုးကို မကြာခဏ တွေ့မြင်ဖူးသော်လည်း ရိုးအီသွားခြင်း မရှိပေ။ နေရောင် ဖြိုးဖျဖျ တိုးမရအောင် အလှကြီးလှနေသော ဝေသာလီဆောင်းမနက်ခင်းကြားဝယ် နောက်တော်ပါ ရဟန်းများစွာ ခြံရံကာ ဆွမ်းခံကြွဝင်လာသော မြတ်စွာဘုရားကို ဖူးတွေ့ရသောကြောင့် ဖြစ်သည်။ တစ်လံမျှလောက်သော ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် အနှိုင်းမဲ့ တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရား၏ အသရေတော်ကို ဖူးမြင်ရသူတို့၏ သန္တာန်၌ ပီတိဖြာ သဒ္ဓါပွား၍ မဆုံးနိုင်ဘဲ ရှိလေသည်။ မြို့သူမြို့သားတို့၏ သဒ္ဓါတရားတို့နှင့် အာယု ၀ဏ္ဏ သုလ ဗလ ဉာဏ်အကျိုးတရားတို့ကို ချီးမြှောက်လို၍ ဆွမ်းခံလှည့်လည်တော်မူသော မြတ်စွာဘုရားကို လမ်းမပေါ်သို့ ထွက်ပြီး ဆွမ်းလောင်းလှူသူ ဖူးမြော်ကြည်ညိုသူတို့ဖြင့် စည်ကားနေ၏။
မြတ်ဗုဒ္ဓသည် ဝေသာလီမြို့တွင်း၌ လှည့်လည်တော်မူပြီး ဆွမ်းစားဇရပ်၌ ဆွမ်းဘုဉ်းပေးတော်မူလေသည်။ ထို့နောက် တရားနာလာကြသော မြို့သူမြို့သားများကို တရားရေအေး တိုက်ကျွေးတော်မူပြီး နောက်တော်ပါ ရဟန်းများကိုလည်း အသိတရားဖြင့် မမေ့မလျော့နေကြရန် ဆုံးမသြ၀ါဒပေးတော်မူကာ ပြန်လွှတ်တော်မူလေ၏။ ထို့နောက် ဘုရားရှင်သည် ညီတော်အာနန္ဒာကို ခေါ်၍ စာပါလစေတီ(နတ်ကွန်း)သို့ နေ့သန့်တော်မူရန် ဆွမ်းစားဇရပ်မှ ဖဲခွာတော်မူလေသည်။
အတော်လေးရှည်နေတဲ့အတွက် သုံးပိုင်းခွဲတင်ပေးပါမယ်ခင်ဗျာ
လင်းလက်ဟန်