ဘုရားရှင်က ယခုအချိန်မှ တောင်းပန်ခြင်းသည် အလွန်နောက်ကျသွားပြီဖြစ်ကြောင်း မိန့်တော်မူပြီးနောက် အာနန္ဒာ၏ တောင်းပန်လျှောက်ထားချက်ကို ပယ်မြစ်တော်မူသည်။ အလျှောက်ကောင်းသော်လည်း အခါနှောင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသော်လည်း ညီတော်အာနန္ဒာသည် ဇွဲမလျှော့သေးဘဲ သုံးကြိမ်တိုင်တိုင် ထပ်မံ၍ လျှောက်ထားလေသည်။ ဘုရားရှင်ကလည်း ထပ်မံ၍ ငြင်းပယ်တော်မူပြီးနောက် ငါဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်ပါက သုံးကြိမ်တိုင်တိုင် တောင်းပန်ရန်မလိုကြောင်း ငါဘုရားရှင်နေလိုပါက သက်တမ်းကုန်သည်အထိဖြစ်စေ ထို့ထက်ပိုလွန်၍ဖြစ်စေ နေနိုင်ပါကြောင်း အရိပ်နိမိတ်ပြစကားကိုလည်း ရှေးကပင် အကြိမ်များစွာ ပြောခဲ့ဖူးပြီး ထိုအချိန်က ညီတော် မတောင်းပန်ခြင်းသည် ညီတော်၏ အပြစ်သာဖြစ်ကြောင်း မိန့်တော်မူလေသည်။
ဟုတ်ပါသည်။ ဘုရားရှင်၏ နိမိတ်ပြ စကားကို မိန့်ကြားတော်မူစဉ်က မိမိဘာကြောင့် ယခုကဲ့သို့ မတောင်းပန်ခဲ့မိသနည်း ဟုတွေးမိကာ ညီတော်အာနန္ဒာမှာ ၀မ်းနည်းမဆုံးဖြစ်ကာ နောင်တကြီးစွာ နေမိ၏။ ထို့ပြင် နောင်တော်ဘုရားရှင်သည် အာယုသင်္ခါရကို အပြီးအပိုင် စွန့်လွတ်တော်မူလိုက်ပြီဟူသော အသိစိတ်က နှလုံးသားကို အငွေ့ရိုက်စေပြီး ၀မ်းနည်းမျက်ရည်အဖြစ် မျက်ဝန်းအိမ်တွင်း ဝေ့၀ဲနေလေ၏။ ဘုရားရှင်သည် ကရုဏာသက်စွာဖြင့် ညီတော်အား မိမိချစ်ခင်မြတ်နိုးရသော သူတို့နှင့် ရှင်ကွဲကွဲရခြင်းသည်လည်းကောင်း၊ သေကွဲကွဲရခြင်းသည်လည်းကောင်း တစ်နေ့နေ့တွင် ခွဲခွာကြရမည်ဖြစ်ကြောင်း ဖြစ်တတ်သောသဘောကို မဖြစ်ပါစေနှင့်ဟူ၍လည်းကောင်း ဆုတောင်း၍မရနိုင်ကြောင်း နိယာမသဘောတရားကို ထပ်မံဟောပြတော်မူကာ မိမိလည်း အာယုသင်္ခါရ အပြီးအပိုင် စွန့်လွတ်ပြီးဖြစ်သောကြောင့် နောက်သုံးလကြာလျှင် ပရိနိဗ္ဗာန် စံတော့မည်ဖြစ်ကြောင်း မိန့်ကြားတော်မူလေသည်။ နောက်သုံးလကြာလျှင်ဟူသော နောင်တော်ဘုရားရှင်၏ စကားကို ကြားလိုက်ရပြန်သဖြင့် ညီတော်၏ မျက်ဝန်းတွင် အိုင်ထွန်း၍နေသော မျက်ရည်စတို့သည် အတားအဆီးမဲ့သွားတော့၏။ ငိုချင်လျက် လက်တို့ဆိုသကဲ့သို့ ၀မ်းနည်းမဆုံး ယူကြုံးမရ ဖြစ်နေသော ညီတော်အာနန္ဒာသည် သတိလက်လွတ်ဖြစ်မသွားအောင် ၀မ်းနည်းကြေကွဲမှုကို အနိုင်နိုင်ထိန်း နေရ၏။ ဆို့နင့်မှုကို ထိန်းချုပ်ကာမှ ညီတော်မျက်ဝန်းအိမ်တွင် မျက်ရည်များ တသွင်သွင်စီးဆင်းနေတော့၏။
စာပါလစေတီတစ်ခုလုံးသည် အလာတုန်းကလို မဟုတ်တော့ဘဲ ကြာကြာတစ်ခါ ထိုးထွက်လာသော လေပူရှပ်ပြေးသံမှ လွဲ၍ ငြိမ်သက်တိတ်ဆိတ်လျက်ရှိ၏။ ညီတော်အာနန္ဒာသည်လည်း မျက်ရည်စက်တို့ဖြင့် ဘုရားရှင်၏ မျက်နှာတော်ကို ငြိမ်သက်စွာဖူးကာ….
“သြော် . . . လူနတ်ဗြဟ္မာ သတ္တ၀ါတွေအတွက် လက်ထဲရောက်ရှိနေသော နိဗ္ဗာန်ချမ်းသာကို စွန့်ပစ်ကာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်တော်မူခဲ့သော မြတ်စွာဘုရား
မိမိနိဗ္ဗာန်ချမ်းသာကိုရလျှင် သတ္တ၀ါတို့သည်လည်း နိဗ္ဗာန်ချမ်းသာကို ရစေရမည်ဟု ကြွေးကြော်ကာ ဖွားမြင်လာခဲ့သော မြတ်စွာဘုရား
ဝေနေယျသတ္တ၀ါများကို အချစ်ပိုသဖြင့် ရှု၍မငြီး ဇနီးမယ်ယသော်နှင့် ရင်နှစ်သည်းချာ သားတော်ရာဟုလာတို့ကို စွန့်ခွာခဲ့ပြီး လူသူမနီး တောမြိုင်ကြီးသို့ တစ်ကိုယ်တည်းထွက်ခွာတော်မူခဲ့သော မြတ်စွာဘုရား
ပြိုးပြိုးပျက်ပျက် တလက်လက်နှင့် ရတနာခုနှစ်ပါးအတိပြီးသော အပရာဇိတပလ္လင်တော်နှင့် ဖွားဖက်တော် ဗောဓိညောင်ပင်တို့ကိုစွန့်ခဲ့ပြီး သားကောင်မျိုးစုံ မိဂဒါဝုန်တွင် ပဉ္စ၀ဂ္ဂီငါးဦးနှင့် သာသနာတော်ကို စတင်တည်ထောင်တော်မူခဲ့သော မြတ်စွာဘုရား
သံသရာဝဲဂယက်၌ နစ်ချည်ပေါ်ချည် ဖြစ်နေကြသော ဝေနေယျသတ္တ၀ါတို့ကို သနားတော်မူလှချေရဲ့ နှုတ်တော်မှ တဖွဖွမိန့်တော်မူကာ အာယုသင်္ခါရကို အပြီးအပိုင် စွန့်လွတ်တော်မူပြီးသော မြတ်စွာဘုရားသည် နောက်သုံးလကြာလျှင် မိမိနှင့်တကွ သတ္တလောကအားလုံးကို မျက်ကွယ်ပြုကာ ပရိနိဗ္ဗာန်ပြုတော့မည်ဟု တွေးတော နေမိ၏။ ထိုသို့ တွေးတွေမိလေလေ ရင်နင့်လေလေဖြစ်ကာ ညီတော်အာနန္ဒာမှာ မျက်ရည်မစဲ ၀မ်းနည်း၍ မဆုံးဘဲ ရှိနေတော့၏။
မြတ်စွာဘုရားသည် ညီတော်အာနန္ဒာကို မဟာဝုန်ကျောင်းတိုက်သို့ ပြန်ကြွရန် မိန့်တော်မူပြီးနောက် စာပါလစေတီမှ ခွာတော်မူခဲ့လေသည်။ စာပါလစေတီမှ အပြန်လမ်းတစ်လျှောက်တွင် အရာရာမှာ တိတ်ဆိတ်လျက်ရှိ၏။ ငြိမ်သက်သော ပတ်ဝန်းကျင်နှင့်အတူ ညီတော်အာနန္ဒာသည်လည်း တိတ်ဆိတ်ကြေကွဲစွာဖြင့် ဘုရားရှင်၏ နောက်တော်မှ လိုက်ပါလာခဲ့၏။ မဟာဝုန်တောရှိ ကူဋာဂါရကျောင်းတိုက်သို့ ရောက်တော်မူသောအခါ ဘုရားရှင်က ညီတော်အာနန္ဒာအား ဝေသာလီမြို့နှင့် အနီးပတ်ဝန်းကျင်၌ သီတင်းသုံးနေထိုင်ကြသော သံဃာတော်တို့အား ကူဋာဂါရဓမ္မဗိမာန်ကြီး၌ လာရောက်စုဝေးကြရန် မိန့်တော်မူသည်။ အရှင်အာနန္ဒာထွက်သွားပြီးနောက် မကြာမီ ကူဋာဂါရကျောင်းတိုက်ကြီးသို့ ရဟန်းသံဃာတော်များ တစ်ပါးပြီးတစ်ပါး တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြ၏။ တစ်ဆင့်စကား တစ်ဆင့်နားဆိုသလို နောက်သုံးလကြာလျှင် ဘုရားရှင် ပရိနိဗ္ဗာန်စံတော့မည် ဟူသောသတင်းသည်လည်း ဝေသာလီတွင် သာမက အနီးအနားရှိ ကျေးရွာများအထိ တစ်ခဏချင်း ပျံ့နှံ့သွားတော့၏။ ထိုသတင်းကို ကြားသိသဖြင့် အချို့သော ပုထုဇဉ်ရဟန်းတော်များမှာ ကျောင်းသင်္ကန်းသပိတ်တို့ကို ပစ်ထားခဲ့ကြပြီး မဟာဝုန်တောသို့ ခပ်သုတ်သုတ်ရောက်ရှိလာလေ၏ ။
ဝေသာလီမြို့သူ မြို့သားများသည်လည်း ဘုရားဖူးတရားနာရန် တစ်သုတ်ပြီးတစ်သုတ် အလျှိုအလျှိုထွက်လာ ကြကုန်၏။ မဟာဝုန်သွားရာလမ်းတစ်လျှောက်တွင် နှမြောတသတဖွဖွ ပြောဆိုသံများ ၀မ်းပန်းတနည်း ကြိတ်ခဲမရ တမ်းတငိုသံများဖုံးလွှမ်းသွားတော့၏။ ဓမ္မဗိမာန်တော်အတွင်း၌ ရောက်ရှိလာကြသော သံဃာတော်တို့တွင်လည်း အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ပြီးသော မထေရ်တို့က ရုပ်နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းသဘောတရားတို့ကို နှလုံးသွင်းလျှက် ငြိမ်သက်စွာထိုင်နေကြကုန်၏။ တွယ်တာချစ်ခင် သံယောဇဉ် မပြတ်သေးသော ပုထုဇဉ်ရဟန်းတော်များမှာ သိုသိုသိပ်သိပ်ကြိတ်ကာငိုရှိုက်ကာ ငိုကြွေးနေကြကုန်၏။ သံဃာတော်များစုံညီစွာ ရောက်ရှိလာကြသောအခါ အရှင်အာနန္ဒာက မြတ်စွာဘုရားကို သွားရောက်လျှောက်ထား ပင့်လျှောက်ပင့်ဆောင်လာခဲ့သည်။
ဘုရားရှင် ဓမ္မာရုံအတွင်း ရောက်ရှိလာတော်မူပြီးနောက် ရဟန်းတော်တို့အား ၀မ်းနည်းပူဆွေးငိုကြွေး မနေကြဖို့ ဘုရားရှင်ဟောကြားတော်မူခဲ့ပြီးသော တရားတော်တို့ကို ကြိုးစားအားထုတ်ရစ်ကြဖို့ နှစ်သိမ့်အားပေး တိုက်တွန်းတော်မူသည်။ ထို့နောက် သာသနာတော် အဓွန့်ရှည်ကြာတည့်တံ့ကြောင်း တရားတော်များ မဂ်ဖိုလ်နိဗ္ဗာန် ရကြောင်းတရားတော်များ ဟောကြားတော်မူပြီး “ချစ်သားတို့ သင်တို့ကို နောက်ဆုံးအနေဖြင့် မှာကြားလိုသည်မှာ ပြုပြင်ခြင်း သဘောရှိသော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိ၏။ သို့ဖြစ်၍ သင်ချစ်သားတို့ မမေ့မလျော့ မပေါ့မဆဘဲ အသိတရား သတိတရားတို့ဖြင့် နေရစ်ခဲ့ကြကုန်လော့” ဟု ဆုံးမစကား မိန့်ကြားတော်မူကာ ရဟန်းတော်တို့ကို ပြန်ကြွစေသည်။
တပို့တွဲလ၏ အရုဏ်ဦးသည် ဘယ်ပန်းချီရေး၍မမီသော နံနက်ခင်းအလှများ ပိုင်ဆိုင်ထား၏။ ထိုနံနက်ခင်းများထဲတွင် မဟာဝုန်တော၏ နံနက်ခင်းလည်းပါဝင်၏။ မဟာဝုန်တောချုံတန်းများ တစ်လျှောက်တွင် မြူခိုးများရစ်ဝဲလျှက်ရှိ၏။ အရုဏ်ဦးနှင့်အတူ နိုးထလာကြသော ကျေးငှက်အပေါင်းတို့သည်လည်း ရွတက်ခုန်ပျံ တေးသံကျူးရင့်ပြီး အရှေ့လောကဓာတ်မှ ထွက်ပေါ်လာမည့် နေမင်းကြီးကိုကြိုဆိုနေကြလေ၏။ အရုဏ်တက်၍ နေမင်းကြီးထွက်ပေါ် လာသည်နှင့် ဘုရားရှင်သည် ကျောင်းတော်ရှေ့ စင်္ကြံကြွတော်မူရာမှ ရပ်နားကာ ဆွမ်းခံကြွရန် စံကျောင်းသို့ ၀င်တော်မူလေသည်။ သင်္ကန်းတော်ကို ပြင်ဝတ်တော်မူပြီး သပိတ်တော်ကို ယူကာ နောက်ပါရဟန်းတော်များ ခြံရံလျှက် ဝေသာလီမြို့တွင်း၌ ဘုရားရှင် ဆွမ်းခံကြွခြင်းမှာ ဤနံနက်ဆွမ်းခံကြွခြင်းသည် နောက်ဆုံးဆွမ်းခံကြွခြင်းဖြစ်သည် ဟူသော အသိစိတ်ဖြင့် အိမ်တိုင်းလိုလို ဆွမ်းထွက်လောင်းကြ၏။ ဆွမ်းမမီလိုက်သော အိမ်များသည်လည်း အိမ်ရှေ့လမ်းမပေါ်သို့ ထွက်ဖူးမြော် ကြည်ညိုကြလေ၏။ အယူဝါဒ မတူသော ဘာသာခြားတို့သည်လည်း အိမ်ရှေ့သို့ထွက်၍၎င်း၊ အိမ်ရှေ့ဝရန်တာသို့ ထွက်၍၎င်း ဘုရားရှင်ကို နောက်ဆုံးအနေနဲ့ ထွက်ကြည့်ကာ ကြည်ညိုကြ၏။ မြတ်စွာဘုရားသည် ဆွမ်းခံပြည့်စုံသောအခါ ပြုတော်မူမြဲဖြစ်သော ရဟန်းတော်တို့အား အပ္ပမာဒဒေသနာတော်ဖြင့် ဆုံးမတော်မူခြင်း၊ ကမ္မဋ္ဌာန်းပေးခြင်း၊ လူဝတ်ကြောင်များအား တရားဟောတော်မူခြင်းစသော ဗုဒ္ဓကိစ္စများကို ပြုတော်မူလေသည်။
ထို့နောက် ဘဏ္ဍုရွာသို့ကြွတော်မူရန် ဆွမ်းစားဇရပ်မှ ထွက်ခွာတော်မူလေသည်။ လိစ္ဆ၀ီမင်းညီ မင်းသားများနှင့် မြို့သူမြို့သားများသည် ဘုရားရှင်နောက်တော်သို့ ထပ်ကြပ်မကွာ လိုက်ပါဖူးမြော်ကြ၍ ကြည်ညိုနေကြကုန်၏။ မြတ်ဗုဒ္ဓသည် နောင် ဘယ်တော့မှ ဤဝေသာလီမြို့သို့ ပြန်မလာတော့သဖြင့် နောက်တစ်ကြိမ် ဤအခွင့်အရေးမျိုးရနိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်၍ နောက်တော်သို့ လိုက်ပါ ဖူးမြော်ကြသော မြို့သူမြို့သားများသည် လမ်းမကြီးအပြည့်ပင်ဖြစ်၏။ ဗုဒ္ဓ၏ တပည့်သံဃာ ဒကာ ဒကာမ အပေါင်းတို့၏ မျက်နှာတွင်လည်း ၀မ်းနည်းမှုလွမ်း နေထိပန်းပမာ မရွှင်လန်းဘဲ ရှိကြ၏။ သောကမဆည်း အပူသည်းကာ မျက်ဝန်းအိမ်မှ မျက်ရည်စတို့ဖြင့် ငိုကြွေးလျှက် ရှိကြကုန်၏။ မြောက်ဘက်လမ်းမကြီးသည်လည်း ပုထုဇဉ်တို့၏ မျက်ရည်များဖြင့် စွတ်စိုလျက်ရှိ၏ ။
မြောက်ဘက်ရှိ မြို့တံခါးကို လွန်တော်မူပြီးနောက် ဘုရားရှင်သည် ဆင်ပြောင်ကြီးအလား တစ်ကိုယ်လုံး နောက်သို့ပြန်လှည့်ကာ ဝေသာလီမြို့တော်ကြီးကို ကြည့်ရှုတော်မူလေသည်။ “အာနန္ဒာ၊ ယခု ငါဘုရားရှင်ကြည့်ခြင်းသည် နောက်ဆုံးအနေဖြင့် ကြည့်ရှုခြင်းဖြစ်သည်။ နောင် ဘယ်တော့မှ ငါဘုရားရှင် ဝေသာလီမြို့ကို မြင်တွေ့ရတော့မည် မဟုတ်” ဟု မိန့်တော်မူကာ ဝေသာလီမြို့ကို နောက်ဆုံးအနေဖြင့် ကြည့်ရှုတော်မူလေသည်။ ညီတော်အာနန္ဒာနှင့် နောက်ပါ ရဟန်းတော်များ၊ မြို့သူမြို့သားများသည် ဘုရားရှင်၏ နှုတ်ဆက်စကားကို ကြားရသောအခါ ပို၍ ရင်နင့်ကြလေသည်။ ဘုရားရှင်၏ မျက်နှာတော်ကို မော်ဖူးကာ ဆို့တက်ဝမ်းနည်း အသီးသီးငိုကြွေးကြကုန်၏။ ဘုရားရှင်သည်လည်း မြို့သူမြို့သားအား ဤနေရာ၌နေရစ်ကာ နောက်ပြန်လှည့်ကြရန် မိန့်တော်မူပြီး ရှေ့ခရီးဆက်တော်မူလေသည်။ မြို့သူမြို့သားများသည် ဘုရားရှင်ကို နောက်ဆုံးအနေဖြင့် ရှိခိုးကန်တော့ကြကာ ထိုနေရာ၌ပင် ကျန်ရစ်ခဲ့ကြကုန်၏။ မြတ်စွာဘုရားနှင့် တပည့်သံဃာတော်များသည် ဝေသာလီမြို့နှင့် တဖြည်းဖြည်းဝေးကွာလျှက်
ပို၍ ပို၍ ဝေးရာဆီသို့သာ . . . .
လင်းလက်ဟန်
PS . . . (စာကြွင်း) ၀တ္ထုရဲ့ နောက်ဆုံးပိုင်းကို အယ်ဒီတာက ပြင်လိုက်ကြောင်း လင်းလက်ဟန်မှ သိရသည်။ လင်းလက်ဟန် ရေးသော နောက်ဆုံးပိုင်းကို ဖတ်ရှုချင်လျှင် လင်းလက်ဟန်သို့သာ တောင်းဆိုရန် ရှိတော့သည်။ ထို့အတူ ဤ၀တ္ထုကို လင်းလက်ဟန်က ရေးသဖြင့် သိလိုသည်များကို လင်းလက်ဟန်သို့သာ မေးပါရန် မေတ္တာရပ်ပါသည်။ အကယ်၍ ကျွန်တော်ဖြေနိုင်သော မေးခွန်းဖြစ်ပါက ကျွန်တော်ဖြေကြားပါမည်။