The wisest of the wise may err. Aeschylus
အိပ်နေချိန်မှာ အကုသိုလ်စိတ်ဖြစ်တယ်လို့ ကျွန်တော်ရေးမိတာနဲ့ ပတ်သက်ပြီး ကျွန်တော် မှားသွားကြောင်း အားလုံးသိအောင် တောင်းပန်ပါတယ်။ အိပ်နေချိန်မှာ ကုသိုလ်စိတ်လည်း မဖြစ်ပါ။ အကုသိုလ်စိတ်လည်း မဖြစ်ပါ။ အိပ်နေချိန်မှာ ဖြစ်တဲ့ စိတ်က ဘ၀င်စိတ်ဖြစ်ပါတယ်။ ဘ၀င်စိတ် ဆိုတာက အကျိုးမဲ့သော စိတ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ ထိန မိဒ္ဓကြောင့် အိပ်သည်လို့လည်း ရေးမိပြန်တယ်။ မဟုတ်ပါ။ ထိန မိဒ္ဓကြောင့် အိပ်တယ် ဆိုလျှင် ရဟန္တာများလည်း ထိန မိဒ္ဓရှိတယ်လို့ ဆိုလိုသလိုဖြစ်သွားပါတယ်။ သဘာဝတရား အရအိပ်ရခြင်း ဖြစ်ရပါတယ်။
လူသားတို့ အတွက်အိပ်ပျော်နေစဉ်ကာလအတွင်း ဖြစ်ရတဲ့ ဘ၀င်စိတ်က (၁၀) မျိုးရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်အတွက် စိတ်တစ်မျိုးတည်းသာ ဖြစ်ပါတယ်။ အဲဒီတမျိုးတည်းသော စိတ်က မွေးဖွားချိန်မှစ သေဆုံးတဲ့အထိ ဖြစ်တဲ့ တစ်မျိုးတည်းသော စိတ်ပါ။ လူတစ်ယောက်အတွက် ဘ၀ တစ်ခုလုံး ပဋိသန္ဓေစိတ် ဘ၀င်စိတ် စုတိစိတ်ဟာ တစ်ခုတည်းဖြစ်ပါတယ်။
စိတ်ဟာ လျပ်တပြက် လက်ပျစ်တတွက်အတွင်း ကုဋေတစ်သန်းဖြစ်တယ်လို့လည်း ပြောတယ်။ ဘ၀တစ်ခုလုံး တစ်စိတ်တည်းဖြစ်တယ်လို့လည်း ပြောတယ် အကွာကြီးကွာနေပါပေါ့လား လို့မေးလာစရာရှိတယ်။ လက်ရှိ ဖြစ်ပျက်တဲ့စိတ်နဲ့ ဘ၀တစ်ခုစတင်စိတ် ဘ၀တစ်ခု ငြိမ်သက်နေတဲ့စိတ် သေသွားတဲ့စိတ်ကသာ တူပါတယ်။ နိုးနေချိန် ဖြစ်သော စိတ်များမတူပါဘူး။
အိပ်ခါနီးမှာ တွေးတဲ့အတွေး အိပ်ယာကထလို့ တွေးတဲ့အတွေးကျတော့ ရှင်းပါတယ်။ ကိုယ်တွေးနေတာ ကုသိုလ်ဖြစ်စေသလား။ အကုသိုလ်ဖြစ်စေသလားလို့ပေါ့။ ကိုယ့်အတွေးမှာပဲ မူတည်ပါတယ်။ ကောင်းတဲ့အတွေး တွေးရင် ကောင်းတဲ့အမြင်တွေ မြင်ပြီး သမ္မာသင်္ကပ္ပနှင့် သမ္မာဒိဋ္ဌိဖြစ်တယ်။ ဆိုးတဲ့အတွေးတွေးရင်တော့ မိစ္ဆာသင်္ကပ္ပနှင့် မိစ္ဆာဒိဋ္ဌိပေါ့။ ခေါင်းနဲ့ပန်းက ဝေးတယ်။ သမ္မာနဲ့ မိစ္ဆာဖြစ်ဖို့က နီးပါတယ်။ ဒါပေမယ့် မိစ္ဆာဖြစ်နေချိန်မှာလည်း ဖြစ်နေပါစေ။ သမ္မာဖြစ်နေချိန်မှာလည်း ဖြစ်နေပါတယ်။ မတားဆီးပါနဲ့။ တားဆီးရင် ပိုဆိုးတယ်။ စိတ်ကို ထိန်းရင်ပိုဆိုးတတ်ပါတယ်။ ဒီတော့ ဘာလုပ်ရမလဲ။ စောင့်ကြည့်ရမယ်။ ဟုတ်တယ်။ စိတ်ဟာ လောဘ ဒေါသ မောဟ အလောဘ အဒေါသ အမောဟ ဆိုတဲ့ ဟိတ်ခြောက်ပါးမှာပဲလည်ပါတယ်။
မှန်းလှူရမ်းလှူ မလုပ်နဲ့မှာ ကျွန်တော် ဆိုလိုချက်နဲ့ ဘလော့ဂါတွေရဲ့ ထင်မြင်ချက်တွေ လွဲနေပါတယ်။ ကျွန်တော်က လှူပြီးသားသူများ ပုဗ္ဗစေတနာ မုဉ္စစေတနာနဲ့ အပရစေတနာ မချို့ယွင်းကြဖို့။ ချို့ယွင်းမိတဲ့အတွက် အကျိုးမဲ့ပုံလေးကို ရေးချင်တာပါ။ တကယ်လည်း ကျွန်တော် အဲဒီအကြောင်းတွေပဲ ရေးခဲ့တာပါ။ ဒါပေမယ့် ဒေါက်တာသန်းထွန်းက သာသနာတော်အတွင်း ဂန္ထဓူရနှင့် ၀ိပဿနာဓူရလုပ်ဖို့ထက် ကျောင်းကောင်းဖို့ရေး ဖုန်းရဖို့ရေး ကားစီးနိုင်ဖို့ရေးက ပိုမိုတိုးတက်လာတဲ့အတွက် ရင်လေးဖွယ်နဲ့ ကြုံလာရပါတယ်လို့ ၂၁ ရာစု ဗုဒ္ဓသာသနာဆိုတဲ့ စာအုပ်မှာ ရေးထားတယ်။ ကျွန်တော်က ဒေ၀ဒတ် ၀တ္ထုကို ကိုးကားထားတော့ ဒေ၀ဒတ်ဝတ္ထုထဲက စကားကိုသွားသတိရတယ်။ ခုခေတ် အလှူခံတွေက ၀ဠ၀ါမုခခေါ်တဲ့ ကမ္ဘာဖျက်မီးနဲ့ တူလာတာတွေရှိတယ် တဲ့။ သူဆိုလိုတာက ကိုယ်ကျင့်တရား မကောင်းတဲ့ အလှူခံများကိုပါ။ ကိုယ်လှူတာကို ရွေးချယ်လှူဒါန်းနိုင်ပါစေ။ လှူပြီး စိတ်မသန့်ဖြစ်နေတာထက် စိတ်သန့်သန့်နဲ့လှူခွင့်ရရင် ပိုကောင်းတာပေါ့။ ပြန်ကြားလို့ ၀မ်းသာကြည်နူးရမယ်ဆိုရင် ပိုကောင်းတာပေါ့။ ကျွန်တော်ကတော့ စာသင်တိုက်တွေပဲ ကောင်းတယ်လို့ မြင်ပါတယ်။