ကိုယ်ကျင့်တရားတွေ ညှော်စော်နံနေမှ
လူတွေက ကြည်ညိုလေးစားတယ်
ဒါ တရားမျှတမှုအရှိဆုံး နိယာမပဲ
ကိုယ့်ဦးနှောက်ကို ဖောက်စားတဲ့သူကိုမှ
လူတွေက အားပေးချီးမြှောက်ကြတယ်
ဒါ လူတွေရဲ့ အံသေကျင့်ထုံးတစ်ခုပဲ
သဒ္ဓါတရားအညွှန့်ချိုးစားခံရမှ
လူတွေက ကျေနပ်အားရကြတယ်
ဒါ လူတွေရဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ
ကိုယ့်ကို သေကြောင်းကြံတဲ့သူကိုမှ
ဓားထက်ထက် သွေးပေးချင်ကြတယ်
ဒါ လူတွေရဲ့ မှီဝဲနေကျ အားဆေးတစ်ခွက်ပဲ
(ခင်ဗျားတို့ လည်ပင်းတဲတဲလေးကျန်တဲ့အချိန်
ဂျေဂျူဝိုင် မပြောဘူးလို့ မပြောနဲ့)
ကိုယ့်ကို အရှက်တကွဲ အကျိုးနည်းအောင်လုပ်မယ့်သူကိုမှ
လူတွေက ဘ၀တစ်ခုလုံးပုံအပ်ချင်ကြတယ်
ဒါ ထာဝရမှန်နေမယ့် အမှန်တရားပဲ
ညည အိပ်မပျော်အောင် လုပ်နိုင်တဲ့သူမှ
လူတွေက သပြေခက်တွေနဲ့ ဆီးဆီးကြိုကြတယ်
ဒါ တယုတယပြုစုထားတဲ့ စိတ်ရင်းအမှန်တွေပဲ
သံသရာလွတ်လမ်း မျိုးတုန်းအောင်ပေးသူကိုမှ
လူတွေက ကောင်းချီးသြဘာပေးကြတယ်
ဒါ လွတ်လွတ်လပ်လပ်သွားနေတဲ့ အစစ်အမှန်ကောင်ပဲ
မုသားတွေ ပြုံးပန်းလှလှလေးပွင့်နေချိန်
အလယ်က စကားလေး ပြန်ပြောထားမယ်
ဂျေဂျူဝိုင်မပြောဘူးလို့ မပြောနဲ့။
သေနတ်မလိုတဲ့ ကျည်ဆံ
Subscribe
0 Comments