အရှင်သာရိပုတ္တရာရှိတဲ့ နေရာမှန်သမျှ အမြဲတမ်းအမှိုက်ရှင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှင်သာရိပုတ္တရာက သင်္ကန်းရုံဖို့ ရပ်နေရင်လည်း အမှိုက်ကို ခြေထောက်နဲ့ ဖယ်ရှင်းတယ်။ လမ်းသွားရင်းနဲ့လည်း အမှိုက်ကို ကောက်တတ်တယ်။ အကြောင်းညီညွတ်တိုင်း တံမျက်စည်းလှည်းတယ်။ အဲဒါကြောင့်ပါပဲ။ အရှင်သာရိပုတ္တရာက ဘာလို့ တံမျက်စည်းလှည်းဝါသနာ၊ အမှိုက်ရှင်းတဲ့ ဝါသနာပါလာလဲဆိုတော့ တစ်ခါကပေါ့။
ဟိမဝန္တာတောတနေရာ ဂူတစ်လုံးထဲကို အရှင်သာရိပုတ္တရာကြွပြီး ဂူထဲ ဖလသမာပတ်ဝင်စားနေတော်မူတယ်။ ဖလသမာပတ်ဝင်စားနေတော့ ဂူရှေ့မှာ တံမျက်စည်းမလှည်းမိဘူး။ ဒါကို ဘုရားရှင်က သိတော့ ဂူရှေ့ကို ကြွပြီး ဂူရှေ့မှာ ခြေရာချန်ခဲ့တယ်။ ဖလသမာပတ်က ထလာတော့ အရှင်မြတ်က အဲဒါကို မြင်ပြီး တော်တော်လေး ရှက်သွားတယ်။ အဲဒါနဲ့ ဘုရားရှင်ရှိရာဘက်ကို ဒူးထောက်လက်အုပ်ချီပြီး ရှိခိုင်းတောင်းပန်တယ်။ နောင် သံဃာ့အလယ် ရောက်တဲ့အခါမှာလည်း “အများသိအောင် အပြစ်ဝန်ခံဦးမယ်” မှတ်ထားလိုက်တယ်။ ဖလသမာပတ်ဝင်စားပြီး ဘုရားရှင်ရှိရာ ပြန်ရောက်လာတော့ သံဃာရှေ့မှာ အပြစ်ကို ဝန်ချတောင်းပန်တယ်။ ဘုရားရှင်က “ချစ်သား၊ ရောက်လေရာ အရပ်မှာ တံမျက်စည်းလှည်းတဲ့ ဝတ်ကို ပျက်ကွက်တာ မသင့်လျှော်ဘူး” လို့ မိန့်တော်မူတယ်။
အဲဒီနောက်မှာတော့ အရှင်သာရိပုတ္တရာဟာ ဆွမ်းခံကြွပြီဆိုရင် နောက်ဆုံးချန်ရစ်ခဲ့ပြိး တစ်ကျောင်းဝင် တစ်ကျောင်းထွက် တံမျက်စည်းလှည်းမှု ရှိမရှိ စစ်တယ်။ မလှည်းခဲ့ဘူးဆိုရင် ကိုယ်တိုင်လှည်းတယ်။ လူနာရဟန်းတွေကို ဆန်ပြုတ်လိုရင် ဆန်ပြုတ်စသဖြင့် ပြုစုတယ်။ ရဟန်းငယ်တွေရှိရင် “သာသနာတော်မှာ ပျော်ရဲ့လား ငါ့ရှင်” စသဖြင့် ဆုံးမစကား ပြောပေးတယ်။ ပြီးမှ ဆွမ်းခံကြွတဲ့ အလုပ်ကို လုပ်တယ်။ အဲဒါက အရှင်သာရိပုတ္တရာရဲ့ တစ်သက်တာပတ်လုံး ပြုလုပ်ခဲ့တဲ့ ဝေယျာဝစ္စဖြစ်ပါတယ်။ သင်ကော…
နောက်တစ်ပါး ရှိတယ်။ သူ့သမိုင်းက ထူးဆန်းတယ်။ ကိုယ်ဝန်အရင့်အမာနဲ့ အမေက သေတော့ သားလည်းသေပြီ မှတ်ပြီး မိးသင်္ဂြီုဟ်လိုက်တာ ဗိုက်ကနေ ဖောက်ထွက်ပြီး မြေဇာမြက်ခင်းပေါ် သွားတင်နေတဲ့ ကလေးလေး။ ခုနှစ်သားအရွယ်မှာ သာသနာ့ဘောင်ဝင်တော့ ဆံချရင်းနဲ့ ရဟန္တာဖြစ်တဲ့ ကလေးလေး။ နာမည်က ဒဗ္ဗ။ သူက အတိတ်ဘဝကတည်းက ထူးဆန်းခဲ့တာ။ ပဒုမုတ္တရဘုရားရှင်လက်ထက်မှာ ဘုရားရှင်ဆီ သူတရားနာချိန်မှာ ဘုရားရှင်က ရဟန်းတစ်ပါးကို “နေရာထိုင်ခင်းပေးရာမှာ အတော်ဆုံး” လို့ ဧတဒဂ်ပေးတာကို တွေ့ရတယ်။ သူလည်း အားကျပြီး အဲဒီဆုကိုတောင်းခဲ့တယ်။ ဘုရားရှင်ကလည်း ပြည့်မည်ဖြစ်ကြောင်း ဗျာဒိတ်ပေးတော်မူတယ်။ ကုသိုလ်ကောင်းမှုပြုသွားရင်း နတ်ရွာတွေမှာ စံရင်း ဘဝတစ်ခုမှာ ထူးထူးဆန်းဆန်း တစ်ခုဖြစ်ခဲ့သေးတယ်။ ဘဝတစ်ခုမှာ သာသနာတော်တစ်ခုနဲ့ ဆုံပြီး ရဟန်းဝတ်တယ်။ ပြီးတော့ တရားအားထုတ်မယ်ဆိုပြိးတော့ အမြင့်ဆုံး တောင်တစ်တောင်ဆီကို လှေကားထောင်ပြီး တက်တယ်။ ပြန်ဆင်းလို့ မရအောင်လို့ပါ။ တောင်ထိပ်ရောက်တော့ ပြောကြတယ်။ “ကိုယ့်စိတ်ကိုယ်မနိုင်ရင် ခုပြန်ဆင်းကြပါ၊ လှေကားကို တွန်းချလိုက်တော့မယ်” ဆိုတော့ အားလုံး တညီတညွတ်တည်း လှေကားကို ထွန်းချပြီး တရားကျင့်ကြတယ်။ `
ခြောက်ရက်မြောက်မှာ ရဟန်းတစ်ပါးက ရဟန္တာဖြစ်တယ်။ သူက မြောက်ကျွန်းကို ကြွပြီး ဆွမ်းခံတယ်။ ပြီးတော့ ရဟန်းတွေကို သူက “ဆွမ်းကိစ္စတပည့်တော် တာဝန်ထား၊ အရှင်ဘုရားတို့ အားထုတ်ကြ” လို့လျှောက်တယ်။ ကျန်တဲ့ ရဟန်းတွေက “နေပါဦး၊ လှေကားကို တွန်းချလိုက်တုန်းက ရဟန်းတရားရတဲ့သူ ဆွမ်းခံကျွေးရမယ်လို့များ ကတိကဝတ် ပြုခဲ့မိလို့လား” လို့မေးတယ်။ ရဟန္တာဖြစ်သွားတဲ့ ရဟန်းက “မပြုခဲ့ပါ” လို့ ပြန်လျှောက်တယ်။ “အရှင်ဘုရား ကြွလိုရာကို အမြန်ကြွပေတော့” ဆိုပြီး ရဟန္တာကို နှင်လွတ်လိုက်ပါတယ်။ နောက်တစ်နေ့တော့ နောက်တစ်ပါး ရဟန္တာဖြစ်ပြန်တယ်။ သူလည်း အဲလို ဖြစ်တာပဲ။ နောက် ငါးပါးကျန်တယ်။ ငါးပါးတော့ ဘယ်သူမှ မဂ်တရား ဖိုလ်တရားမရခဲ့ပါဘူး။ အဲဒီ ငါးပါးထဲမှာ ခုကျွန်တော်တို့ ဇာတ်လိုက်ကြီး ဒဗ္ဗပါခဲ့ပါတယ်။ အဲဒီဘဝက သေလွန်တော့ နတ်ပြည်မှာ ဖြစ်ပြီး ဒီဘုရားရှင်လက်ထက်မှာ မလ္လမင်းသားတစ်ဦးရဲ့ ဇနီးမှာ သန္ဓေလာတည်ပါတယ်။ ကိုယ်ဝန်ရင့်ချိန် အမေသေ၊ မီးသင်္ဂြီုဟ်၊ ဗိုက်နှစ်ခြမ်းကွဲပြီး မြက်ပေါ်သွားတင်၊ အဖွားက ဒဗ္ဗလို့မည့်ပြီး မွေးထား။ ခုနှစ်အရွယ်ရောက်တော့ သင်္ကန်းတောင်းဝတ်၊ ဆံချရင်း ရဟန္တာလေးဖြစ်။ ဖြစ်တော့ သူက ရဟန်းသံဃာတွေကို ကြည့်ရင်း
(၁) ရဟန်းသံဃာတွေကို နေရာထိုင်ခင်း ညွန်ပြရတဲ့ပုဂ္ဂိုလ်ဖြစ်ရင်ကောင်းမယ်
(၂) ရဟန်းသံဃာတွေကို ဆွမ်းကိစ္စညွန်ပြရတဲ့ ပုဂ္ဂိုလ်ဖြစ်ရင်ကောင်းမယ်လို့ တမ်းတမိပြီး ဘုရားရှင်ကို အဲဒီဝတ်ကို သူ့ကို ပြုခွင့်ပေးဖို့ လျှောက်တယ်။ ဘုရားရှင်က အရည်အချင်းကို ကြည့်ပြီး အဲဒီတာဝန်ကို ပေးလိုက်တယ်။ ဒီလိုနဲ့ ရဟန္တာကိုရင်ငယ်လေး ဒဗ္ဗဟာ “ထေရ်စဉ်ဝါလိုက် နေရာခင်းပေးတတ်သတဲ့၊ ဝါသနာလိုက်ဖက်တဲ့ ရဟန်းချင်း နေရာပေးတတ်သတဲ့၊ နေရာဝေးကလာတဲ့ ရဟန်းကိုလည်း နေရာပေးတတ်သတဲ့၊ မလာနိုင်တဲ့ သက်ကြီးရွယ်အို ရဟန်းများကိုလည်း မိမိတန်ခိုးနဲ့ ပင့်ဆောင်ပေးသတဲ့၊ အာဂန္တုများနေရင်လည်း ကိုယ်ပွားဖန်ဆင်းပြီး ဝေယျာဝစ္စပြုလုပ်ပေးသတဲ့၊ ဆွမ်းကိစ္စကို စီရင်ပေးတာ ကောင်းသတဲ့” စသဖြင့် အရှင်ဒဗ္ဗကို ချီးကျူးကြပါတယ်။ ဒီလိုနဲ့ ဘုရားရှင် သာသနာတော်မှာ ကိုရင်ဒဗ္ဗရောက်လာပြီးနောက် ရာဇဂြိုဟ်ပြည်တစ်ဝိုက် ၁၈ ကျောင်းတိုက်မှာ သူမပြင်ဖူးတဲ့ အိပ်ရာရယ်လို့ကို မရှိတော့ဘူး ဖြစ်သွားပါတယ်။ ဘုရားရှင်က ကိုရင်ဒဗ္ဗကို “နေရာထိုင်ခင်းပေးမှုမှာ အသာဆုံး” ဘွဲ့ကို ချီးမြှင့်တော်မူခဲ့ပါတယ်။