ဘုရားရှင် ဆယ်ဝါမြောက်ဝါကို ပလလဲတောထဲမှာ ဘာကြောင့် ဝါဆိုတယ်ဆိုတာ အားလုံးသိပြီးသားပဲ ထားလိုက်ပါတော့။ အဲဒီအချိန်မှာ ပါလိလေယျကဆင်ကြီးဟာ သူ့ဆင်အုပ်နဲ့ နေရတာကို ညဉ်းငွေ့လာပြီး တစ်ကောင်တည်း ထွက်လာခဲ့တယ်။ သူ့စိတ်တွေ အရမ်းပူလောင်နေချိန် တစ်နေရာအရောက် အင်ကြင်းပင်ရင်းမှာ ထိုင်နေတော်မူတဲ့ ဘုရားရှင်ကိုလည်းတွေ့ရော ရေအိုးပေါင်းတစ်ထောင်နဲ့ အလောင်းခံလိုက်ရသလို အေးချမ်းသွားတယ်။ ဘုရားရှင်နေဖို့ ဘဒ္ဒသာလအင်ကြင်းပင်ကြီး အောက်မှာ သစ်ခက်နဲ့ အမှိုက်ရှင်းတယ်။ သောက်ရေရဖို့ လုပ်တယ်။ ဒန်ပူတွေ ချိုးတယ်။ အဲဒီနောက် ဘုရားရှင်ကို နေ့တိုင်းလိုသေလေးမရှိ သာမန်လူနဲ့ မခြား ရေပူရေအေးကမှအစ ဝေယျာဝစ္စပြုလုပ်တယ်။ ဘုရားရှင် ရွာထဲ ဆွမ်းခံကြွရင် သပိတ်ကို ဦးကင်းမှာ တင်ပြီးတော့ တောစပ်ထိ လိုက်ပု့ိတယ်။ တောစပ်ရောက်တဲ့အခါ ဘုရားရှင်က “ပါလိလေယျက ဒီနေရာထက် ကျော်ပြီး သင်လိုက်လို့ မသင့်တော်တော့ဘူး” ဆိုပြီးတားမြစ်ရင် ဦးညွတ်ပြီး သပိတ်ကို ချတယ်။ ဘုရားရှင် ဆွမ်းခံပြန်ရောက်တဲ့အထိ တောစပ်လေးမှာပဲ စောင့်နေတယ်။ ပြန်ရောက်လာရင် သပိတ်ကို လှမ်းယူပြီး သီတင်းသုံးတဲ့ နေရာထိ လိုက်ပို့တယ်။ ဆွမ်းဘုဉ်းပေးတဲ့အခါ သစ်ခက်တွေနဲ့ ယပ်ခတ်ပေးတယ်။ ညရောက်တဲ့အခါ ခြင်္သေ့၊ သစ်၊ ကျားစတဲ့ အန္တရာယ်ကနေ ကင်းဖို့ လှည့်လှည်ကင်းစောင့်နေတယ်။ တောအုပ်တောင်မှ ပါလိလေယျကရက္ခိတတောအုပ်လို့ နာမည်တွင်သွားပါတယ်။
ဝါကျွတ်တော့ အရှင်အာနန္ဒာက နောက်ပါရဟန်းငါးရာနဲ့အတူ ဘုရားရှင်ကို ပြန်ကြွခဲ့ဖို့ လာပင့်ပါတယ်။ ဆင်ကြီးက ဘုရားရှင်နဲ့ သံဃာတွေ ကြွမယ့်လမ်းမှာ ကန့်လန့်ရပ်နေပါတယ်။
“ဆင်က ဘာဖြစ်တာလဲ ဘုရား”
အာနန္ဒာက မေးတယ်။
“ဆင်က ရဟန်းတွေကို ဆွမ်းကပ်ချင်ပါတယ်၊ ဒီဆင်က ငါဘုရား ဒီတောမှာ ရှိစဉ်ကာလပတ်လုံး ဝေယျာဝစ္စပြုလုပ်ပေးခဲ့သူ လည်းဖြစ်ပါတယ်။ ဒီတော့ ဆင်ရဲ့ ဆန္ဒကို လိုက်လျောပေးပါ၊ ငါ့ရှင်တို့ ပြန်ကြွလိုက်ပါ၊ နောက်တစ်နေ့ကျရင် ရဟန်းငါးရာနဲ့ အတူ ပြန်လာခဲ့ပါ”
လို့ အာနန္ဒာကို အကြောင်းကုန်ပြောပြပြီး ပြန်လွတ်တယ်။ ပါလိလေယျကဆင်ကလည်း တောထဲဝင်ပြီး စားကောင်းသီးမျိုးစုံကို စုံနေအောင် ရှာပါတယ်။ နောက်တစ်နေ့ ရဟန်းတွေရောက်လာပြီး ဘုဉ်းပေးတာတောင် မကုန်နိုင်လောက်အောင်ကို ပြည့်စုံပါတယ်။ ဆွမ်းဘုဉ်းပေးပြီးတော့ ဘုရားရှင်က သပိတ်ယူပြီး တောအုပ်က ထွက်တယ်။ ဆင်က ရှေ့ကနေ တားပြန်တယ်။
“ဆင်က ဘာဖြစ်ပြန်တာလဲ ဘုရား”
အာနန္ဒာက မေးလျှောက်တယ်။
“ပါလိလေယျကက င့ါရှင်တို့ကို ပြန်လွတ်ပြီး ငါဘုရားကို ဒီမှာ ဆက်နေစေချင်တယ်”
လို့မိန့်တော်မူပြီး ဆင်ကို
“ပါလိလေယျက ခု ငါသွားတာ ပြန်မလာတဲ့ သွားခြင်းမျိုးနဲ့ သွားတာ ဖြစ်ပါတယ်၊ သင်ကလည်း ဒီဘဝဒီခန္ဓာနဲ့ မဂ်တရား၊ ဖိုလ်တရားကို မရနိုင်သူဖြစ်တယ်၊ အချင်းပါလိလေယျက နေရစ်ခဲ့ပေတော့”
လို့ ပြောလိုက်ပါတယ်။ ပါလိလေယျကဆင်လည်း နှာမောင်းကို ခံတွင်းထဲသွင်းငိုကြွေးရင်း ဘုရားရှင်တို့ ကြွရာနောက်ကို ထပ်ကြပ်မကွာ လိုက်ပါလာတယ်။ တောစပ်ရောက်တဲ့အခါ
“ပါလိလေယျက၊ ဒီနေရာထက်ကျော်တဲ့ နေရာဟာ သင်ကျက်စားရာ နေရာမဟုတ်၊ လူတို့ဟာ အန္တရာယ်ကြီးမားတယ်၊ သင်နေရစ်ခဲ့တော့”
လို့ ဆင်ကိုပြောပြီး ဘုရားရှင်က တောအုပ်ကနေ ထွက်ခဲ့တယ်။ ဆင်ဟာ နေရစ်ခဲ့တယ်။ ဘုရားရှင်တို့ မျက်ကွယ်ပြုသွားတဲ့ အရပ်မှာ ဆင်ဟာ နှလုံးကွဲပြီး သေဆုံးသွားပါတယ်။ သေဆုံးပြီးနောက် တာဝတိံသာနတ်ပြည်မှာ ယူဇနာသုံးဆယ်ကျယ်တဲ့ ဗိမာန်နဲ့ နတ်သမီးတစ်ထောင်အခြံအရံနဲ့ နတ်သားသွားဖြစ်ပါတယ်။ ကဲ ဆင်တောင်မှ ဝေယျာဝစ္စကို ပြုလုပ်ခဲ့သေးတယ်ဗျာ။