လောလောဆယ် ကျွန်တော် မအားမလပ်ဖြစ်ရတဲ့ အကြောင်းလေး ပိုစ့်တင်ချင်ပါတယ်။ ကျွန်တော် သူငယ်ချင်း တစ်ယောက်ကို ထဲထဲဝင်ဝင် ကူညီနေခဲ့ရတယ်။ လူမောတာထက် စိတ်မောရတာက ပိုများတယ်။
အနီရောင်မလေးနဲ့ ပတ်သက်တဲ့ အကြောင်းလေးပါ။ အနီရောင်မလေးနဲ့ ပတ်သက်တဲ့ပိုစ့်တွေ ကျွန်တော် မကြာခဏရေးဖူးတယ်နော်။ အနီရောင်မလေး ဆိုတာကြောင့်လည်း ကျွန်တော့်ကို ပြဿနာရှာခဲ့ကြဖူးတယ်။ မှတ်မိသူများတော့ မှတ်မိကြမှာပါ။ ကဲ ခု အဲဒီ အနီရောင်မလေးအကြောင်း ရေးပါဦးမယ်။ ကဗျာ မဟုတ်ဘူး။ ၀တ္ထုလေး။ ဇာတ်မနာ ပါဘူး။ တကယ့် အဖြစ်အပျက်မှာ ဇာတ်နာတယ်လို့ မထင်ရပါဘူး။ ခံရတဲ့ သူအတွက်တော့ ကမ္ဘာတွေ ပျက်လို့။ ဒါပေမယ့် မင်းခိုက်စိုးစံ စကားလိုပေါ့။ သွားကိုက်နေလိုက်ကြတယ်။
ကျွန်တော် သူ့ကို စတွေ့တာက အွန်လိုင်းကပါပဲ။ ကြာတော့ ကြာပြီ။ blogspot တို့ရတုန်းက။ သူက ဘလော့ ရေးတာကို စိတ်ဝင်စားတယ် ဆိုတာနဲ့ အပြင်မှာလည်း သူနဲ့ ရင်းနှီးသွားတယ်။ သူက တစ်ဦးတည်းသော သမီးပါ။ တစ်ဦးတည်းသော သမီးဆိုတာက ရန်ကုန်က သတ်မှတ်တဲ့ တစ်ဦးတည်းသော သမီးမျိုး မဟုတ်ဘူး။ မန္တလေးက သတ်မှတ်တဲ့ တစ်ဦးတည်းသော သမီးမျိုး။ တစ်ဦးတည်းသော သမီးဆိုတော့ ထုံးစံအတိုင်း ဆိုးတယ်ပေါ့ဗျာ။
ဒါပေမယ့် သူဆိုးတာက ပုံစံတစ်မျိုးဗျ။ မိဘအပေါ်ဆိုးမယ်။ စိတ်ကောက်မယ်။ လိုတာကို ရအောင်တောင်းမယ်။ အနိုင်ကျင့်တတ်တဲ့ အကျင့်လေးပါလာမယ်။ လို မဟုတ်ခဲ့ဘူး။ သူ့မှဲာကိုယ်ပိုင် အလုပ်အကိုင်ရှိတယ်။ စီးပွားရေး အမြင်ရှိတယ်။ ငွေရေးကြေးရေး လာဘ်မြင်တယ်။ ပြီးတော့ သူ့မိဘဆီက လိုသလောက် ပိုက်ဆံရတယ်။ အစ်ကိုတွေဆီက ပိုက်ဆံတွေ လိုသလောက်ရတယ်။ သူ့အခန်းကို ပြင်လိုက်တာ သိန်း ၁၅၀ ကျော်ကုန်တယ်။ မိဘတွေ ဘာတစ်ခွန်းမှ မပြောဘဲ ထုတ်ပေးတယ်။ ဒါပေမယ့် သူဟာ ကားအုံနာဘုတ်တွေ ခိုးပေါင်တယ်။ အခြား အခြားသော ပစ္စည်းများစွာကို ခိုးပေါင်တယ်။ လိုတာကို ရနေသားကယ်နဲ့ ပိုက်ဆံတွေကို ပိုလိုအပ်နေတတ်တယ်။
ခင်ဗျားတို့ ဘာလို့ အိမ်မီးလောင်တယ်လို့ ထင်လဲ။ ဘာလို့ အိမ်တွေ မိုးထဲလေထဲ ရေထဲ ပါသွားတယ်လို့ ထင်လဲ။ ဘာလို့ ကိုယ်ပိုင်ပစ္စည်းတွေ အခိုးခံရတယ်လို့ ထင်လဲ။ ဘာလို့ ပစ္စည်းတွေကို အာဏာပိုင်တွေက မတရားသိမ်းယူ တယ်လို့ ထင်ပါသလဲ။ အဲဒီနောက် ခင်ဗျားတို့ ဘာလို့ သားဆိုးသမီးဆိုးတွေကို မွေးမြူမိတယ်လို့ ထင်လဲ။ ဘာလို့ နာမည်ဆိုးနဲ့ ဘာလို့ ကျော်ကြားနေကြတယ်လို့ ထင်လဲ။ ဒီကိစ္စက ၀န်ထမ်းတွေနဲ့ တော်တော်လေးဆိုင်တယ်ဗျ။ ၀န်ထမ်းဆိုရင် ဘောင်ကျဉ်းတယ်ဗျာ။ စီးပွားရှာတဲ့လူတွေ အားလုံးနဲ့ ဆိုင်တယ်။ စီးပွားရေးလုပ်တဲ့အခါ မတရား နည်းနဲ့ လုပ်နေသမျှ အဲဒီဝဋ်တွေကို ခံနေရမှာပဲဗျာ။ လာဘ်စားနေရင် ပိုဆိုးတယ်ဗျ။ စီးပွားရေးမှာက ထောပတ်အိုးထဲ လက်ညိုးထည့်ပြီး ထောပတ်ယူတဲ့နည်းနဲ့ ပတ်သက်တဲ့ တရားရှိသေးတယ်။ လာဘ်စားမှုမှာ မရှိဘူး။ အဲဒီကောင်မလေးရဲ့ အဖေက ၀န်ထမ်းပါ။
အဲ အဲဒီကောင်မလေး ငွေတွေသုံးတယ်။ ကုန်တယ်။ ဘာအကျိုးမှ မရှိလာခဲ့ပါဘူး။ သူရချင်တာတွေတော့ ရတယ်ပေါ့။ ဒါပေမယ့် သိပ်မကြာခင် ကျွန်တော့်ရဲ့ အနီရောင်မလေးမှာ မိဘကို အကူအညီတောင်းလို့ မရလောက်အောင် အခက်အခဲတွေ ငွေကြေးအခက်အခဲတွေ တစ်ပုံတစ်ခေါင်းကြီး ၀င်ရောက်လာခဲ့ပါတယ်။ ကျွန်တော် စုံအောင် ရေးပြချင်ပေမယ့် တစ်ဦးတစ်ယောက်ရဲ့ အတွင်းရေးဖြစ်နေလေတော့ ကျွန်တော် မရေးတော့ဘူး။ ဒီလောက်ရေးနေတာတောင် တော်တော်လွန်နေပြီလေ။ မောင်သိန်းဇော်ရဲ့ ဥစ္စာရူးကဗျာ ထဲကလို ကျွန်တော့်မှာ ဖုန်းတစ်လုံးလေးတောင်မှ မရှိခဲ့ပါဘူး။ အပေါစားတွေ ခေတ်စားနေတဲ့ အကောင်းစား လူနေမှုကြားထဲမှာ ကျွန်တော်ဆိုတဲ့ကောင်က ကျကျန်နေခဲ့ပေမယ့် ဥစ္စာရူးကဗျာထဲကလို လမ်းဘေးဖုန်းလေး ထဲကနေ ညည ချော့နေရတယ်။ ခြံအကျယ်ကြီးထဲက အိမ်အကြီးကြီးရဲ့ အကောင်းစားအခန်းထဲမှာ ညည ငိုနေတတ်တဲ့ ကောင်မလေးကို လမ်းဘေးဖုန်းဆိုင်လေးကနေ ပိုက်ဆံတွေ အကုန်ခံပြီး သူ စိတ်ပြေလက်ပျောက် ဖြစ်ဖို့ ပုံပြင်တွေ စကားဝှက်တွေ ပဟေဠိတွေ ရွတ်ပြခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော် သဲထဲ ရေတွေသွန်ခဲ့တယ်။
မိဘတွေက လာဘ်စားတယ်။ သားသမီးမိုက်တွေ မွေးတယ်။ သားသမီးမိုက်က မိဘကြောင့် သူ တစ်နေ့ ၀ဋ်ပြန်လည်တယ်။ အဲဒီလိုနဲ့ မိသားစုတစ်စု ကစလို့ နိုင်ငံတစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး ကပ်ကာလတစ်ခုလုံး တစ်ဖြည်းဖြည်း ဒုက္ခတွင်းထဲကို တစ်လိမ့်လိမ့်နဲ့ ဆင်းနေခဲ့ပါတယ်။ မိဘက ပြောပါလိမ့်မယ်။ သူ့သားသမီး ကောင်းစားဖို့ပေါ့။ စေတနာက ဝေဒနာဖြစ်တယ် ဆိုတာ အဲဒါမျိုးကို ပြောတာပါ။ ကဲ သားသမီး မြေးမြစ် ကောင်းစားဖို့လား။ ဆိုးစားဖို့လား။ သေချာစဉ်းစားကြည့်စေချင်ပါတယ်။
ကျွန်တော် ၀တ္ထု စမ်းရေးကြည့်တာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။