ဝိဂတပြီးရင် နောက်ဆုံးပစ္စည်းဖြစ်တဲ့ အ၀ိဂတပစ္စယောပါ။ ၀ိဂတဟာ နတ္ထိနဲ့ ခပ်ဆင်ဆင်လေး တူခဲ့သလိုပဲ အ၀ိဂတဟာလည်း အတ္ထိနဲ့ ခပ်ဆင်ဆင်လေး တူပါတယ်။ ၀ိဂတမှာ ကင်းတယ်လို့ အဓိပ္ပါယ်ထွက်တယ်။ ၀ိဂတရဲ့ ရှေ့မှာ “အ ” လေးတစ်လုံးပိုလာတဲ့အတွက် “အ ” နဲ့ အက္ခရာကွဲပေးမယ့် အစွမ်းသတ္တိချင်းတူလို့ ဖတ်လို့ကောင်းအောင် လုပ်ထားတာက “န” ပါ။ ကင်းနေတာကို မကင်းဘူးလို့ ပြောလိုက်တာပဲဖြစ်လေတော့ အတ္ထိပစ္စယော ကျေးဇူးပြုပုံလိုလိုဖြစ်နေပါတယ်။ အတ္ထိတုန်းက ပေးခဲ့တဲ့ ဥပမာက တောင်နဲ့ သစ်ပင်။ စိမ်းလန်းစိုပြေနေဖို့အတွက် တစ်ခုနဲ့တစ်ခုက ရှိနေမှ ဖြစ်တာလေ။ အ၀ိဂတကျတော့ ရေထဲက ငါးတို့နဲ့ သွားတူတယ်။ ရေရှိမှ ငါးရှိလို့ရတယ်။ ငါးသွားလို့ လာလို့ရတယ်။ အဲဒီလို ဘယ်လိုမှ မကင်းဘဲ ကျေးဇူးပြုနေတာကို အ၀ိဂတပစ္စယောလို့ ခေါ်ပါတယ်။ ရေနဲ့ မပတ်သက်တော့တဲ့ငါးကို ရေက ဘယ်လိုမှ ကျေးဇူးမပြုနိုင်ဘူးလေ။ ဒီလိုဗျ။ အတ္ထိမှာ ဖြစ်တုန်းကလည်း ဖြစ်နေတုန်းမှာ၊ တည်တုန်းကလည်း တည်နေတုန်းမှာ၊ ပျက်တုန်းကလည်း ပျက်နေတုန်းမှာ ကျေးဇူးပြုတယ်။ အ၀ိဂတကျတော့ ဖြစ်နေမှု မကင်းပြတ်ခင်လေး တည်နေမှု မကင်းပြတ်ခင်လေး ပျက်နေမှု မကင်းပြတ်ခင်လေးမှာ ကျေးဇူးပြုပါတယ်။ ဥပမာ။ ကျွန်တော်နဲ့ ကောင်မလေးတစ်ယောက်ယောက်နဲ့ ရည်းစားဖြစ်တယ်။ ကျွန်တော့် ကောင်မလေးကို တခြားကောင်လေး တစ်ယောက်က ရည်းစားစကားလာပြောတယ်။ အဲဒီအခါ အဲဒီကောင်လေးကို ကျွန်တော်က တားမြစ်ရတယ်။ “ဟေ့ကောင် ၊ အဲဒါ ငါ့ရည်းစား မင်းမထိနဲ့” ။ အဲလိုပဲ သူ့ချစ်သူ ကျွန်တော် ရှိနေတယ်လေ။ သူ့ကို ဘယ်သူမှ မထိနဲ့။ အဲလိုလေး အဲလိုလေး ကျေးဇူးပြုနေတာကို အ၀ိဂတပစ္စယောလို့ ခေါ်ပါတယ်။ ကောင်မလေးက ကျွန်တော်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားရင်တော့ အ၀ိဂတနဲ့ မဆိုင်တော့ပါဘူး။ အ၀ိဂတပစ္စယောရဲ့ သဘောကို သဘောပေါက်တယ်လို့ထင်ပါတယ်။ ကျွန်တော် ခုလို ပဋ္ဌာန်းကို ရေးပြနိုင်တာ ပုဗ္ဗေ စ ကတပုညတာ – ရှေးက ပြုခဲ့ဖူးတဲ့ ကုသိုလ်အထူးရှိခဲ့တာကြောင့် လို့လည်းယုံကြည်ပါတယ်။ ပဋိရူပဒေသ၀ါသော စ – ဗုဒ္ဓဘာသာ တကယ်ထွန်းကားရာ မြန်မာနိုင်ငံမှာ လူလာဖြစ်ခဲ့တာကြောင့် လို့လည်း ယုံကြည်ပါတယ်။ သပ္ပုရိသ ဖြစ်တဲ့ မိဘကောင်း ဆရာသမားကောင်းတွေနဲ့ ဆုံတွေ့ခဲ့ရတာကြောင့်လို့လည်း ယုံကြည်ပါတယ်။ ဒီလို အနေအထားမျိုးကို နိဗ္ဗာန်မရမီ ကြားကာလတိုင်းအတွင်း ဆုံချင်ပါတယ်။ ကျွန်တော် အခုလို ရေးပြလိုက်တာကို တစ်ဦးတစ်ယောက်က ဖတ်ရလို့ ပဋ္ဌာန်းအကြောင်း နားလည်ခဲ့မယ်ဆိုရင် အဲဒီကုသိုလ်ဟာ ကျွန်တော့်အတွက် နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ရလာတဲ့ ကုသိုလ်အဖို့ကိုလည်း ကျွန်တော့်မိဘနှစ်ပါးကို မျှဝေပါတယ်။ ကျွန်တော် ခု ရေးထားတဲ့ ပဋ္ဌာန်းစာအုပ်က အရှင်ဇနကရဲ့ အခြေပြုပဋ္ဌာန်းကို အခြေခံထားတာပါ။ အဲဒီ စာအုပ်က အွန်လိုင်းပေါ်မှာ ရှိပြီးသားဖြစ်ပါတယ်
အ၀ိဂတပစ္စယော
Subscribe
0 Comments