• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

အောက်တန်းကျခြင်း အနုပညာ (၄)

ကိုယ့်ပေါင် ကိုယ်လှံထောင်းတဲ့ ကိစ္စနတွေကို မရေးတော့ဘူးလုပ်ပေမယ့် အဖြစ်အပျက်တွေက ကိုယ့်ရင်ကို လာလာဆောင့်ကန်နေလို့ ရေးလိုက်ပါဦးမယ်လေ။ အောက်တိုဘာလ ၅ ရက်နေ့မှာ အသိတယောက် အဲလေ တပါးက သူ့မှာ သူ့အသိ ကားဝပ်ရှော့ရှိပါတယ်ဆိုပြီး ဘယ်လိုတော်ကြောင်း တတ်ကြောင်းစာဖွဲ့ပြတာကိုး။ သည်လူက သည်လိုပဲ လေးဝါးနေကျဆိုတာ အမြဲသိပေမင့် အမြဲခံရနေကျ ကိုယ်က ယုံစားမိပြီး ကားဆီအောင့်နေတာကို GDI ပိုက်စစ်ခိုင်းလိုက်မိပါတယ်။ ကားအောက်ပိုင်းကို ကိုင်ပါရော့လား။ အဲဒီကနေ အပြန် ကားထိုးရပ်လို့ ပြန်အပ်တော့ အင်ဂျင်ခွဲရမယ် ဖြစ်သွားပြီးသကာလ ကနေ့အထိ “ကား ဘာဖြစ်တာလဲ မသိဘူး” ဆိုတဲ့ အဖြေပဲ ထပ်ခါထပ်ခါ ထွက်လာတယ်။ သည်ဝပ်ရှော့ဆရာကိုယ်နှိုက်ကကိုလည်း လေတယ်ကြီးကိုး။ လေသာကြီးတာ။ ခုထိ ပြင်နေတဲ့ကား ဘယ်လိုဖြစ်တယ်မသိဘူးချည်း ဖြစ်နေသလို မစ်ဆူဘီရှီကားက တောင်ကြီးမှာ တစ်စီးပဲ ရှိတာလို့ သူပြောမှ ယုံလိုက်ရတဲ့ ကိုယ်ကိုး။ ကိုယ်ကလည်း အရမ်းအ,တာ။ ဘယ်မှ မသွားတတ်၊ မလာတတ်။ တောကျောင်းလေးမှာ သင်္ကန်းခေါင်းမြီးခြုံအိပ်နေတဲ့ ဘုန်းကြီးဆိုတော့ကာ ယုံပေးရတာပေါ့။ တကယ်တမ်း ဒါတွေက ကားဝပ်ရှော့အပြစ်မဟုတ်ပါဘူး။ ကိုယ့်အပြစ်ပါ။ အပ်နေကျ ဝပ်ရှော့ကို ကျော်ပြီးတော့ သွားအပ်တဲ့ အချက်အပြင် တခြားသော ကိုယ့်ဘဝရဲ့ အောက်တန်းကျကျသာ နေခွင့်ရနိုင်တဲ့ အခွင့်အထူးကြောင့်ဖြစ်ပါတယ်။

တနေ့က ကျောင်းတကာတယောက်က သူ့မှာ ရောင်းမထွက်သေးတဲ့ မတ်တူးတစ်စီးရှိတယ်။ သွားစရာ လာစရာရှိရင် အဆင်ပြေအောင် လာယူထားပါလားလို့ဆိုတာနဲ့ တောင်ကြီး တက်ယူလိုက်တယ်။ ကျောင်းဖြင့် ပြန်မရောက်သေးဘူး။ တကယ်ပါပဲ။ ရယ်မိလိုက်တယ်။ ကားကို တယောက်ယောက်က ဝယ်လိုက်ပြီတဲ့။ အဲဒီကျမှပဲ တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ထဲက စာကြောင်းတစ်ကြောင်းကို သွားသတိရမိတယ်။

“မထိုက်တန်ရင် လွင့်မျောရမှာပဲ”

မထိုက်တန်တာကို အတင်းလုယူလို့မရပါဘူး။ ရွာက ကားဝယ်ပေးမယ်လို့ လုပ်နေချိန် နောင်တောင်းက ပါဂျဲရိုးတစ်စီး လာပေးပါတယ်။ ပြင်လိုက်ရတဲ့ အဖြစ်။ ၇ သိန်းကျော်ကျော်ကုန်သွားပြီးနောက် စိတ်ကုန်လာတဲ့အတွက် နိုင်းနိုင်းမတ်တူးနဲ့ လှဲစီးလိုက်တယ်။ အဲကားကလည်း ပြင်လိုက်တာ။ ၉ သိန်းကျော်ကုန်သွားတယ်။ ထပ်စိတ်ကုန်တာနဲ့ အခုမစ်ဆူဘီရှီကို ထပ်လှဲစီးတယ်။ ရောက်လာကတည်းက ဟိုလှဲ ဒီလှဲ ဟိုပြင်ဒီပြင်နဲ့ နည်းနည်းစီဆိုပေမယ့် နှစ်သိန်းကျော်ကျော်ကုန်ပြီး အလိုလိုနေ ဘာဖြစ်မှန်းမသိဘူးဆိုတဲ့ အဖြေက ကိုယ့်ပိုက်ဆံကို ၇ သိန်းတိတိဖြတ်ယူသွားပါပြီ။ တာရာမင်းဝေက အထက်ပါ ကဗျာစာသားကို ကိုယ့်အတွက်များ ရေးဖွဲ့ထားခဲ့လေသလား ထင်မှတ်ရပါတော့တယ်။

ဘာကို သွားသတိရလဲ သိလား။ လောသကတိဿကို ချက်ချင်းပြေးသတိရတယ်။ လောကသတိဿကို ကိုယ်ဝန်စတည်တယ်ဆိုတဲ့ အချိန်မှာကိုပဲ ရွာကို မီး ၇ ကြိမ်လောင်တယ်။ တံငါလုပ်တဲ့ တရွာလုံး ငါးမရတော့ဘူး။ ဒါနဲ့ ဘယ်သူကြောင့်ဒီလိုဖြစ်ရတာလဲဆိုပြီး အကြိမ်ကြိမ် မဲခွဲလိုက်တော့ လောသကတိဿကို ကိုယ်ဝန်ဆောင်ထားတဲ့ မိသားစု မဲကျတယ်။ အဲဒီမိသားစုလည်း သားတို့ချစ်ခြင်းနဲ့ လောသကတိဿကို မွေးခဲ့ပေမယ့် တောင်းစားတာတောင်မှန် နပ်မမှန်တော့ နောက်ဆုံး လောသကတိဿကို စွန့်ပစ်လိုက်တယ်။ လောသကတိဿခမျာမှာလည်း လူသားဖြစ်လေတော့ ဆာတဲ့အခါ စားဖို့ရှာပေမယ့် ဘယ်တော့မှ မရဘူး။ သူများ စားကြွင်းစားကျန် အိုးတွေ ပန်းကန်တွေဆေးတဲ့အခါ ကျန်တဲ့ ထမင်းစေ့ကိုပဲ ကြက်ကောက်သလို ကောက်စားရရှာတယ်။ မြတ်စွာဘုရားရဲ့ လက်ယာရံသာဝကကြီး အရှင်သာရိပုတ္တရာက လောသကတိဿကို မြင်တော့ သနားတော်မူတာနဲ့ ကျောင်းခေါ်ပြီး ကိုရင်ဝတ်ထားပေးတယ်။ ဒါပေမယ့် ကျောင်းမှာလည်း ဝဝလင်လင် စားရတယ်လို့ တစ်ခါမှ မရှိဘူး။ သူဆွမ်းခံရင် သူ့သပိတ်က ပြည့်နေတယ်လို့ချည်း ဆွမ်းလောင်းသူတွေက မြင်တယ်။ ကျောင်းကို ဆွမ်းလာကပ်ရင်လည်း သူ့မှာ ဗိုက်ပြည့်လို့ အိပ်နေတယ်လို့ပဲ သူများတွေက မြင်ပြီး မခေါ်ကြဘူး။ အသက် ၂၀ ပြည့်တော့ ရဟန်းဘဝရောက်တယ်။ ရှင်သာရိပုတ္တရာက တရားပြလို့ သူလည်း ရဟန္တာဖြစ်သွားတယ်။ ဒါပေမယ့် ရဟန္တာသာ ဖြစ်သွားရရှာတယ်။ ဆွမ်းကို ဝဝလင်လင် ဘုဉ်းပေးရတယ်ရယ်လို့ မရှိဘူး။ ရှင်သာရိပုတ္တရာက သနားလို့ ဆွမ်းအတူခေါ်ကြွတော့ အဲဒီနေ့ ဆွမ်းလောင်းမယ့်သူတောင် မရှိဘူးတဲ့။ သာရိပုတ္တရာက သူ့ကို ကျောင်းပြန်လွတ်ပြီး ဘာသာပဲ ဆွမ်းခံလိုက်ရတယ်။ လောသကတိဿအတွက်ပါ အပါဆိုပြီး ဆွမ်းခံပေမယ့် အဲဒီနေ့မှာ ရှင်သာရိပုတ္တရာဟာ ကျောင်းကို ပြန်ဖို့ အခွင့်မသာဘူးဖြစ်ရပြန်တယ်။ နေ့မွန်းလွဲမှ ကျောင်းပြန်ရောက်တယ်။ ကျောင်းရောက်တော့ လောသကတိဿက ဆွမ်းမဘုဉ်းပေးရသေးတာကို တွေ့တာနဲ့ မွန်းလွဲဆိုတော့ ရဟန်းတော်များ ညနေဘက် သုံးဆောင်နိုင်တဲ့ စတုမတူဆွမ်းကို ဆွမ်းပြန်အခံထွက်ပြီး လောသကတိဿဘုဉ်းခိုင်းတော့ ဇွန်းနဲ့ ဘယ်လိုခပ်ခပ် ဇွန်းထဲ စတုမတူဟာ ပါမလာဘူး။ ဒါနဲ့ သာရိပုတ္တရာက သနားပြီးတော့ လောသကတိဿကို ပါးစပ်ဟခိုင်းတယ်။ ပြီးတော့ သူကိုယ်တိုင် သပိတ်အစွန်းကို ကိုင်ပြီးတော့ ပါးစပ်ထဲ လောင်းထည့်ပေးရတယ်။ အဲဒီတော့မှ လောသကတိဿခများ တစ်ဘဝလုံးမှာတစ်ကြိမ် ဗိုက်ပြည့်အောင် စားဖူးသတဲ့။

လောသကတိဿဟာ ဘီလူးဘဝနဲ့ ဘဝပေါင်း ၅၀၀ ဖြစ်ဖူးတယ်။ ဘီလူးဖြစ်တာတောင် ဘဝ ၅၀၀ လုံးမှာ တစ်ခါပဲ ဝဝလင်လင် စားဖူးပြီး ခွေးဘဝနဲ့လည်း အဲလိုပဲ ဖြစ်ခဲ့တယ်။ သူဘာဖြစ်လို့ အဲလိုဖြစ်ရတာလဲ။ ဘာကြောင့် မထိုက်တန်တာလဲ။ ဘဝါဘဝေတစ်ခုမှာ သူဟာ အလွန်မနာလိုကြီးတဲ့ အပြုအမူတစ်ခုကို ပြုခဲ့ဖူးလို့ပါပဲ။

အဲဒီဘဝမှာ သူက တောကျောင်းရဟန်းတစ်ပါးပါ။ သူ့ကျောင်းကို ရဟန္တာ အာဂန္တုရဟန်းတစ်ပါးကြွလာတော့ ရွာက တကာတွေက အာဂန္တုဆိုရင် ဘယ်သူမဆို အိမ်ပင့်ချင်တဲ့စိတ်နဲ့ နက်ဖန် အိမ်ကို ဆွမ်းစားပင့်တော့ “ငါ ရှိတုန်းကျတော့ ဘာမှ မလှူဖူးတဲ့ ဒီတကာတွေက ဒီရဟန်းရောက်လာတော့ သည်လိုတဲ့လား” ဆိုပြီး နောက်နေ့ကျ အဲဒီရဟန်းကို မနိုးအောင် နှိုးပြီး ဆွမ်းစားကြွခဲ့တယ်။ အာဂန္တုမပါပေမယ့် ရွာက တကာတွေက ဆွမ်းတွေကို သပိတ်ထဲ လောင်းထည့်ပေးလိုက်ပေမယ့် လောသကတိဿ ဖြစ်လာမယ့်သူဟာ သွန်ပစ်ခဲ့တယ်။ အဲလို သူတပါးကို မနာလိုတဲ့ အမှုကြီးကို ကျူးလွန်ခဲ့တဲ့ လောသကတိဿဟာ ဘဝတိုင်း ဘဝတိုင်း ပြည့်ပြည့်စုံစုံ မနေရ ဝဝလင်လင် မစားခဲ့ရပါဘူးတဲ့။

ကိုယ်လည်း ဘယ်သူ ဘယ်ဝါကိုများ မနာလို အားကြီးခဲ့တာလဲ။ သို့မဟုတ် သူများ လာဘ်ကို ပိတ်အောင် ဘယ်လိုများ ကြံဆောင်ခဲ့တာလဲ။ သို့မဟုတ် သူများ ခရီးတွေကို ဘယ်လိုများ ပိတ်ပင်ခဲ့တာလဲ။ နောက်ဆုံးတော့ မထိုက်တန်တဲ့သူဟာ ကိုယ်ပါပဲ။ ကိုယ့်ပေါင် ကိုယ်လှံထောင်းဖို့ ပင့်ကြည့်လိုက်တော့ ဝဲပါ ထပ်တွေ့ပါရော ဆိုပဲ။

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress