ကျွန်တော် တတ်သိနားလည်သလောက်ပဲ ရှင်းပြပေးသွားပါတော့မယ်။ ဟိုစာအုပ်လှန် ဒီစာအုပ်လှန် လုပ်မနေတော့ဘူး။ မရှင်းလို့ နားမလည်လို့ မေးချင်သူက မြန်မာသူငယ်ချင်းများနေ့ဆိုက် အဖွဲ့ဝင်ဆိုရင်တော့ ဖြေပေးသွားပါမယ်။ မြန်မာသူငယ်ချင်းများနေ့မှာ တင်တဲ့ ဘလော့မှာပါ။
သီလကို နှစ်မျိုး ခွဲမယ်ဆိုရင် နှစ်မျိုးခွဲလို့ ရတဲ့ သီလပေါင်း (၇) မျိုးရှိတဲ့ အထဲက ပထမဆုံး နှစ်မျိုးဖြစ်တဲ့ စာရိတ္တနှင့် ဝါရိတ္တကို အရင် ကျွန်တော် ရေးတဲ့ သောတာပန်နှင့် ပတ်သက်သမျှ ပိုစ့်တွေထဲမှာ တစ်ခေါက်ရှင်းပြခဲ့ဖူးတယ်။ အဲတုန်းက နည်းနည်းရောထွေးကောင်း ရောထွေးနေလိမ့်မယ်။ ပြန်ရှင်းပြပါ့မယ်။ စာရိတ္တသီလဆိုတာ ကိုယ့်ရဲ့ သဒ္ဓါအလျှောက်၊ ကိုယ့်ရဲ့ ဝီရိယအလျှောက် ပြုသင့် ပြုထိုက်တဲ့ ဝတ်ကြီး ဝတ်ငယ်ကို ပြုတဲ့ သီလကို ခေါ်ပါတယ်။ သားသမီးဖြစ်ရင် မိဘဝတ်ကို ဖြည့်ကျင့်ရမယ်။ တပည့်ဖြစ်ရင် ဆရာဝတ်ကို ဖြည့်ကျင့်ရမယ်။ အိမ်ရှင်ဖြစ်ရင် ဧည့်ဝတ်ကို ပြုကျင့်ရမယ်။ ဒီသီလမျိုးကို စာရိတ္တသီလလို့ ခေါ်ပါတယ်။ ငါးပါးသီလလို စတဲ့သီလမျိုးကျတော့ ဝါရိတ္တသီလဖြစ်ပါတယ်။ မလုပ်နဲ့ လို့တားမြစ်ထားတာကို မလုပ်ရပါဘူး။ ဒါဟာ မကောင်းမှု ဒုစရိုက်ဖြစ်တယ်။ ရှောင်ကြည်ရမယ်လို့ တားမြစ်ထားတာကို ရှောင်ကြဉ်တာဟာ ဝါရိတ္တသီလဖြစ်ပါတယ်။
စာရိတ္တသီလမှာ သဒ္ဓါနဲ့ ဝီရိယ ဦးစီးတယ်။ ဝါရိတ္တသီလမှာ သဒ္ဓါနဲ့ သတိဦးစီးပါတယ်။
နောက် အဘိသမာစာရိကသီလနှင့် အာဒိဗြဟ္မစရိကသီလ။
အာဇီဝဋ္ဌမကသီလဆိုတဲ့ ရှစ်ပါးသီလမှတပါး ငယ်တဲ့ အလွန်ငယ်တဲ့ သီလတွေဟာ အဘိသမာစာရိက သီလဖြစ်ပါတယ်။ ဒီနေရာမှာ အာဇီဝဋ္ဌမကသီလနဲ့ ပတ်သက်ပြီး သိသလောက် ပြောမယ်။ ဒီရှစ်ပါးသီလက ဘယ်သူမဆို ဆောက်တည်လို့ ရတဲ့ ရှစ်ပါးသီလဖြစ်ပါတယ်။ လူတိုင်း မဖြစ်မနေဆောက်တည်ထားသင့်တဲ့ ရှစ်ပါး သီလလည်းဖြစ်ပါတယ်။ အားလုံးသိတဲ့ ငါးပါးသီလ၊ ခြောက်ပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ၊ ဆယ်ပါးသီလစတဲ့ သီလတွေထဲက ဥပုသ်စောင့်တဲ့ ဥပုသ်သည်များရဲ့ ၊ မူလသီလငါးပါး၊ ဝိကာလတစ်ပါး၊ နစ္စ+မာလဂန္ဓ တစ်ပါး၊ ဥစ္စာသယနတစ်ပါး ပေါင်းတော့ ရှစ်ပါးရှိတဲ့ ရှစ်ပါးသီလမဟုတ်ပါဘူး။ ဘာတွေလည်းဆိုတော့ သမ္မာဝါစာ လေးပါး၊ သမ္မာကမ္မန္တ သုံးပါးနဲ့ သမ္မာအာဇီဝတစ်ပါး ဖြစ်ပါတယ်။ ဆောက်တည်ပုံဆောက်တည်နည်းကို အပြင်ထုတ်တဲ့ ဓမ္မစာစောင်တွေမှာ တွေ့ဖူးပါတယ်။ ကျွန်တော်မမှတ်မိတဲ့အတွက် ရေးမပြတတ်ပါဘူး။ ဆောက်တည်ချင်တယ်ဆိုရင် ရှာဖွေ ဖတ်မှတ်ပြီး ဆောက်တည်နိုင်ပါတယ်။ စပ်မိလို့ ပြောပြတာပါ။ အဘိသမာစာရိက သီလဆိုတာက အဘိ- လွန်မြတ်သော၊ သမာစာရ – အကျင့်လို့ အဓိပ္ပါယ်ဖွင့်တဲ့ အတွက် မဂ်ဖိုလ်အတွက် ကျင့်ကြံသောသီလကို အဘိသမာစာရိကသီလလို့ ခေါ်ဆိုပါတယ်။ အာဒိဗြဟ္မစာရိကသီလဆိုတာကတော့ ကြီးမားတဲ့ သက္ခာပုဒ်တွေနဲ့ ဆိုင်ပါတယ်။ သူက ဒီအကျင့်ကို ကျင့်ရင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရမယ်လို့ ယုံကြည်တဲ့ စိတ်နဲ့ ကျင့်ကြံရမယ့် သီလဖြစ်ပါတယ်။ မဂ်ရဖို့အတွက် ဖိုလ်ရဖို့အတွက် ကျင့်ကြံပွားများအပ်တဲ့ သီလကို အာဒိဗြဟ္မစာရိကသီလလို့ ခေါ်ပါတယ်။
နံပါတ်လေးက နိဿိတသီလနှင့် အနိဿိတသီလပါ။ လိုရင်းလေးပဲ ရှင်းပြပါ့မယ်။ တဏှာနဲ့ ဒိဋ္ဌိကို မှီနေတဲ့ သီလကို နိဿိတသီလလို့ခေါ်ပါတယ်။ တဏှာနှင့် ဒိဋ္ဌိကင်းပြတ်အောင် ကျင့်တဲ့ ဝိဝဋ္ဋူပနိဿယ လောကုတ္တရသီလကို အနိဿိတသီလလို့ခေါ်ပါတယ်။
နံပါတ်ငါး ဖြစ်တဲ့ ကာလပရယန္တသီလနှင့် အာပါဏကောဋိက ၂ ပါးထဲက ကာလပရိယန္တသီလဆိုတာက မနက်ပိုင်း ဒီသီလကို လုံအောင်ထိန်းမယ်။ ခုနှစ်ရက်လောက် ဒီသီလကို လုံအောင်ထိန်းမယ်ဆိုပြီး တတ်နိုင်သလောက် အချိန်ပိုင်းလေးနဲ့ ဆောက်တည်တဲ့သီလကို ဆိုပြီး ဆိုလိုပါတယ်။ အာပါဏကောဋိကသီလဆိုတာက ပါဏာတိပါတာ ဝေရမဏိ ယာဝဇီဝံ သမာဒိယာမိ လို့ ရွတ်ဆိုခြင်းဖြင့် ဆောက်တည်ပြီးနောက် တစ်သက်တာပတ်လုံး ရှောင်ကြည်ထိန်းသိမ်းသွားတဲ့ သီလကို ခေါ်ပါတယ်။
သပရိယန္တသီလနှင့် အပရိယန္တသီလနှစ်ပါးထဲက သပရိယန္တသီလဆိုတာက ဆောက်တည်တော့ ထားပါရဲ့။ အခွင့်အခါသင့်တာနဲ့ ချိုးဖောက်ဖို့ အသင့်ဖြစ်နေတဲ့ သီလကို သပရိယန္တသီလလို့ ခေါ်ပါတယ်။ ဘယ်လို အခွင့်တွေလည်း ဆိုတော့ လာဘ၊ ယသ၊ ဉာတိ၊ အင်္ဂ၊ ဇီဝိတစတဲ့ အခွင့်တွေပါ။ လာဘ၊ ယသနှင့် ဉာတိကျတော့ ထိန်းလို့ ရချင်ရမှာပေါ့။ ဟေ့ မင်း ဒီသလဆက်ထိန်းနေရင် မင်းလက်ကို ဖြတ်ပစ်မယ်၊ ခြေကို ဖြတ်ပစ်မယ်စသဖြင့် အန္တရာယ်များ၊ သတ်ပစ်မယ်ဆိုတဲ့ အန္တရာယ်များရှိတဲ့ အင်္ဂနှင့် ဇီဝိတတို့ကြောင့်တော့ ပျက်မှာ သေချာတယ်။ အဲဒီလို တစ်ခုခုကြောင့် ပျက်နိုင်တဲ့ ကာလအားဖြင့် ပိုင်းခြားခြင်း ခံရတဲ့သီလကို သပရိယန္တသီလလို့ခေါ်ပါတယ်။ အပြန်အားဖြင့် အပရိယန္တပေါ့ဗျာ။