ဟုတ်ပြီ။ ကျွန်တော်တို့ သီလကို အကြောင်းကြောင်းတွေကြောင့် လုံအောင် မထိန်းနိုင်ခဲ့ကြဘူး။ သီလ ကျိုးတယ်၊ ပေါက်တယ်။ ပြောက်တယ်။ ကျားတယ်ပေါ့ဗျာ။ အဲလို သီလကျိုးပျက်နေတာကို ဘယ်လိုအခြင်းအရာတွေနဲ့ သိနိုင်လဲ။ ချကြည့်ရအောင်။ စာဖတ်နေသူလည်း ဆင်ခြင်ကြည့်ပေါ့။
စည်းစိမ်ဥစ္စာ ဆုတ်ယုတ်လာတယ်။ မကောင်းသတင်းတွေ ကျော်စောတယ်။ ပရိသတ်အလယ် မျက်နှာညိုးတယ်။ ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့ တွေတွေဝေဝေနေထိုင်ပြီး သေရတယ်။ သေပြီးရင် အပါယ်လားရတယ်။ ဒါက သီလပျက်လို့ ခံစားရတဲ့ အကျိုးတွေပေါ့။ ကဲ စည်းစိမ်ဥစ္စာ ဆုတ်ယုတ်နေလား။ မကောင်းသတင်းတွေ ပျံ့နှံ့နေလား။ မျက်နှာညိုးနေရလား။ ပြီးတော့ သီလပျက်သူဟာ စိတ်အမြဲတမ်း မချမ်းမသာဖြစ်ရပါတယ်။ ဘာမဟုတ်ဘဲ စိတ်ညစ်နေရတတ်တယ်။ အခု စာဖတ်သူ စိတ်ညစ်နေပါသလား။ ဒါတွေ ဖြစ်နေရင် သင်သီလပျက်နေလို့ပါ။
ပြီးတော့ သီလပျက်သူကို နတ်လူတွေကလည်း မေတ္တာပျက်ပါတယ်။ ဘာကြောင့်မှ မဟုတ်ဘဲ အလိုလို အမြင်ကတ်ခံရပါတယ်။ ကိုယ့်ကို သွန်သင်ဆုံးမပေးမယ့် ဆရာ၊ အပေါင်းအသင်း၊ မိတ်ဆွေလည်း အလိုလို ကိုယ့်ကိုရှောင်တယ်။ တွေးမိသမျှ စဉ်းစားမိသမျှ လုပ်ကိုင်သမျှကလည်း ကောင်းတာ တစ်ခုမှ မရှိဘဲ စိတ်ပျက်ဖို့ပဲ ဖြစ်နေတယ်။ ကိုယ့်မကောင်းသတင်းထွက်လာပြီဆိုရင် ရှင်းလေ ပိုရှုပ်လေဖြစ်ပြီး မကောင်းသတင်းပိုပိုပျံ့လာတယ်။ ကိုယ်လုပ်ကိုင်လိုက်တိုင်း အချိန်လည်းရှုံးတယ်။ အကျိုးဆက်ကလည်း အဆိုးပဲ။ အမြဲတမ်းနှစ်မျိုးရှုံးတယ်။ လုပ်တဲ့ ဒါနမှန်သမျှဟာလည်း တန်ဖိုးမရှိဘဲ သဲထဲရေသွန်ဖြစ်ပါတယ်။ ဟိုလန့်ရ ဒီကြောက်ရနဲ့ စိုးတထင့်ထင့်နေထိုင်ရပါတယ်။ ဘယ်လောက် စာတတ်တတ်။ ဘယ်လောက်အပြောကောင်းကောင်း။ ဘယ်လို စာရေးစာသားကောင်းကောင်း လူကြည်ညိုမခံရတဲ့အပြင် အပူဇော်မခံရတဲ့အပြင် အပုပ်ချခံရတယ်။ ဒါတွေဟာ သီလပျက်သူတို့ရဲ့ ရရှိခံစားရမယ့် အကျိုးဆက်ပါပဲ။
ကိုယ့်အကြောင်း ပြောလိုက်ပြီဆိုရင် ဝမ်းနည်းစရာတွေပါနေတယ်။ ကိုယ့်အကြောင်း ကြားလိုက်ရင် နှလုံးမသာမယာဖြစ်ရတယ်။ ကိုယ်ဘယ်သူ ဘယ်ဝါပါလို့ ပြောလိုက်ရင် ခြေသုတ်ခုံမှာ ထားတဲ့ ပုဆိုးလို စုတ်ပြတ်ဟောင်းနွမ်းမှုကိုပဲ လှမ်းမြင်ရတယ်။ တရားနဲ့ နေထိုင်သူတွေ မပေါင်းဖော်လို့ လူသေအလောင်းနဲ့ မခြားတဲ့ ဘဝမျိုးကို ပိုင်ဆိုင်တယ်။ တရားထူး တရားမြတ်မှာ ဘယ်လိုအလင်းနဲ့မှ မမြင်နိုင်အောင် မှောင်မည်းတယ်။ တရားအသံ၊ တရားစကား၊ တရားစာတွေကို သူတောင်းစားက မင်းစည်းစိမ်ကို စွန့်ပစ်သလို စွန့်ပစ်ချင်တဲ့ အာသာတွေပဲ ရှိနေတယ်ဆိုရင် သင်သီလပျက်နေလို့ပါ။ ဆောက်တည်သင့်တဲ့ သီလတွေကို မဆောက်တည်နိုင် မထိန်းသိမ်းနိုင်လို့ပါ။
ကိုယ့်လောက်တောင် အဆင့်မရှိတဲ့သူတွေရဲ့ အပုပ်ချမှု၊ ထွီလို့ တံတွေးထွေးမှု၊ မလေးစားမှုကို ခံရရင်၊ သူတောင်ကောင်းတို့ ရှောင်ကြဉ်ရင် ဒါဟာ သီလပျက်လို့ ဖြစ်ပါတယ်။ သီလပျက်နေသူ၊ သီလမရှိသူဟာ အလိုလိုနေရင်းနဲ့ကို ကံဆိုးပါတယ်။ လူနှစ်ယောက်ကို ပစ္စည်းတစ်ခု တပြိုင်နက်ပေးလိုက်ကြည့်။ ပစ္စည်းချင်းတူတူဆိုရင်တောင် သီလမလုံသူက ကြံဖန်မကောင်းတာ ရပါတယ်။ နောက် နောက်ကျောဓားနဲ့ ထိုးတာတွေ၊ ရှေ့ရင်ဘတ်ကို ဓားနဲ့ထိုးတာတွေ လျှောက်ပြောမနေကြပါနဲ့။ ကိုယ်သီလမလုံဘူးဆိုတာကို ကြေငြာရာကျပါတယ်။ တကယ်ပါ။ အဝတ်သစ်သစ်လွင်လွင်လေး ဝတ်ထားသူတွေ မစင်အညစ်အကြေးကို ရှောင်သလိုကို သီလပျက်ရာ ပျက်ကြောင်းကို ရှောင်ကြည်ကြပါတယ်။ သီလမလုံသူတို့ရဲ့ ခံစားရမယ့် အကျိုးဆက်တွေက ကိုယ့်ကိုယ်ကိုလည်း မကြာခဏ ပြန်ကဲ့ရဲ့ ရပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မကြခဏ အပြစ်တင်မိပါတယ်။ ကျန်းမာရေးညံ့တယ်။ ခဏခဏ ဟိုထိခိုက်၊ ဒီထိခိုက်ဖြစ်ပြီး ခဏခဏ ဒဏ်ရာရပြီး အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲနဲ့ ရှုံးနိမ့်ပါတယ်။ နောက်ဆုံးတော့ နတ်ပြည်တံခါးပိတ်ပြီး ငရဲတံခါးဟင်းလင်းပွင့်တာပေါ့ဗျာ။ သီလပျက်သူနဲ့ တူတဲ့ မကောင်းတာကို ရမယ့်သူဆိုတာ ဟောဒီလောကမှာ ရှိဘူးတဲ့ဗျ။ အများကြီးပါ။ သီလပျက်သူတို့ ခံစားရမယ့် ဒုက္ခတွေ၊ ဆင်းရဲတွေ၊ ဝေဒနာတွေဟာ နှိုင်းဆပြလို့မရအောင်လည်း များပြားလှပါတယ်တဲ့။ ကဲ ဒါတွေနဲ့ စာဖတ်သူတို့ ကျွန်တော်တို့ သီလပျက်ယွင်းနေမှု ရှိ မရှိ စစ်ဆေးလိုက်ကြရအောင်ဗျာ။
ပိဏ္ဍောပိ’ဿ အယော ဂုဠော၊ အယော ပဋ္ဋော ဝ စီဝရံ။
ဝိဟာရော အယော ကုမ္ဘီဝ၊ သတ္တိဝေဓော’ဝ အဉ္ဖလီ။ ဆိုတဲ့ အပိုဒ်ကို ချန်ထားခဲ့လိုက်ပါတယ်။