ဆယ်ပါးသီလကို လူတွေ စောင့်ထိန်းကောင်းတယ်လို့ ထွက်လာပြန်တော့ နောက်ဆုံးသိက္ခာပုဒ်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာပါတယ်။ ဟိုသာဓက ဒီသာဓကတွေ မပြတော့ပါဘူး။ ဆယ်ပါးသီလစောင့်ထိန်းစဉ်မှာ ငွေနဲ့ပတ်သက်ပြီး လက်ခံခြင်း၊ ပေးပို့ခြင်း မလုပ်ရင်တော်ပါပြီ။ လူပုဂ္ဂိုလ်ဆိုတာက ငွေနဲ့ ပြတ်ပြီး နေလို့မရဘူး မဟုတ်ပါလား။ ဒါလေးပါပဲ။
လေးပါးစု လေးမျိုးထဲက တတိယအတွဲဟာ ပကတိ၊ အာစာရ၊ ဓမ္မတာ၊ ပုဗ္ဗဟေတုက ဖြစ်ပါတယ်။ ပကတိသီလဆိုတာက မြောက်ကျွန်းသားတို့ ဆောက်တည်တဲ့ သီလဖြစ်ပါတယ်။ မြောက်ကျွန်းသားတို့က လိုအပ်သလောက် ပဒေသာပင်ပေါက်နေပြီးသားမို့ ခိုးစရာ၊ ဝှက်စရာ၊ လိမ်လည်စရာ အကြောင်းမရှိပါဘူး။ အဲလို မရှိခြင်းကြောင့်လည်း သူတို့အတွက် ပဒေသာပင်ပေါက်နေရခြင်းဖြစ်ပါတယ်။ ဒီလို ပကတိအရ ဖြစ်တည်နေတဲ့ သီလကို ပကတိသီလလို့ ခေါ်ပါတယ်။ အာစာရသီလဆိုတာက ငါတို့အမျိုးက ငါ့လူလိုမျိုးက ငါတို့အသိုင်းအဝိုင်းက အရက်သောက်ရတဲ့ အမျိုးမဟုတ်ဘူး။ ငါတို့ အမျိုးက ငါ့လိုလူစားက ငါတို့အသိုင်းအဝိုင်းက လိမ်လည်တဲ့ အမျိုး မဟုတ်ဘူးဆိုလို့ သီလကို ဆောက်တည်တာ။ ဒီအရပ် ဒီဒေသမှာ ဒီလို ပြစ်မှုမျိုးကို မကျူးလွန်ရဘူးလို့ သတ်မှတ်ထားလို့ မကျူးလွန်တာ၊ ဒီ ဂိုဏ်းထဲဝင်ရင် အရက်မသောက်ရဘူး၊ သူ့မယားကို မပြစ်မားရဘူးဆိုလို့ မပြစ်မှားတာမျိုးဟာ အာစာရသီလဖြစ်ပါတယ်။ ဓမ္မတာ သီလကျတော့ ဘုရားလောင်းရဲ့ မယ်တော်တို့ ကျင့်ကြံတဲ့ သီလဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတော့ ဘုရားလောင်း ပဋိသန္ဓေတည်တာနဲ့ တပြိုင်နက် ကာမရာဂစိတ် မဖြစ်ပေါ်တောတာကြောင့် ဖြစ်ပေါ်လာတဲ့ သီလပါ။ ပုဗ္ဗဟေတုကသီလဆိုတာက ရှေးဘဝကတည်းက အထုံပါလာတဲ့ သီလဖြစ်ပါတယ်။ ဒီသီလမျိုးက ဘုရားလောင်းလို ပုဂ္ဂိုလ်မျိုးမှာပဲ ဖြစ်ပေါ်ပါတယ်။ အထိအတွေ့မှန်သမျှကို ရှေးကတည်းက ထုံလာတဲ့ အထုံကြောင့်သာ ရှောင်ကြဉ်နိုင်တဲ့ သီလပေါ။့
နောက်စတုတ္ထအတွဲကတော့ ရဟန်းတွေနဲ့သာ သက်ဆိုင်တဲ့ အတွဲဖြစ်ပါတယ်။ ပါတိမောက္ခသံဝရသီလဆိုတာက ရဟန်းအတွက်ရော၊ ရဟန်းမိန်းမအတွက်ရော ဟောထားတဲ့ သိက္ခာပုဒ်နဲ့အတူ ကိုရင်တွေအတွက်ပါ ပညတ်ထားတဲ့ သိက္ခာပုဒ်ဖြစ်တဲ့ သေခိယစသည်တို့ကိုပါ ဖြူစင်တဲ့ စိတ်နဲ့ ကျင့်ကြံရမယ့် သီလကို ပါတိမောက္ခသံဝရသီလို့ ခေါ်ပါတယ်။ ဣန္ဒြိယသံဝရသီလဆိုတာက စက္ခုနြေ္ဒစတာတွေကို ထိန်းရမယ်။ ကြည့်ပြီးတော့ ဒါမိန်းမပဲ။ ချောတာပဲ။ လှတာပဲ။ ဘယ်လိုလေးပဲလို့ မမြင်ဘဲ ရာဂ၊ ဒေါသ၊ မောဟဖြစ်ကြောင်းတွေပါလားလို့ ဆင်ခြင်ကာ အပုပ်ကောင်ပဲ။ အရိုးစုပဲလို့ ကြည့်ရှုကျင့်ကြံရမယ့် သီလမျိုးကို ဣန္ဒြိယသံဝရသီလလို့ ခေါ်ပါတယ်။ အာဇီဝပါရိသုဒ္ဓိသီလဆိုတာက အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ သီလပါ။ ဈာန်မဂ်ဖိုလ် မရဘဲ၊ ခုခေတ်တော့ စာမေးပွဲတွေ တကယ်မအောင်ဘဲ ဦးဇင်းက အကြီးတန်းအောင်ပါ၊ ကျမ်းပြီးပါ၊ သာသနတက္ကဓမ္မာစရိယပါ၊ ခု အသင်းစာမေးပွဲ စာသင်တန်းအောင်ထားတယ်၊ ဗုဒ္ဓတက္ကသိုလ်က ဘွဲ့ရထားတယ် စသဖြင့် လိမ်ပြီး ငွေ၊ စားနပ်ရိက္ခာ မတောင်းအပ်ပါဘူး။ အောင်သွယ် မလုပ်ကောင်းဘူး။ ဗေဒင်ဟောခြင်း။ ပန်းပေးခြင်း၊ လက်ဆောင်ပေးခြင်းစတဲ့ မိစ္ဆာဇီဝ အလုပ်တွေ မလုပ်ရဘူးစသဖြင့် ကျင့်ကြံရတဲ့ သီလဟာ အာဇီဝပါရိသုဒ္ဓိသီလဖြစ်ပါတယ်။ပစ္စယသန္နိဿိတသီလကျတော့ ကိုယ်သုံးဆောင်တဲ့ ပစ္စည်းဝတ္ထုအပေါ် ဆင်ခြင်ပြီး သုံးရမယ့် သီလပါ။ ဘယ်ဝန်ကြီးက ငါ့ကို ဒီကားလှူထားတာ၊ ငါ့ကို ကျောင်းလှူထားတာဆိုပြီး ငါငါနဲ့ ငါမပိုင်ရပါဘူး။ အော် ငါဒီကား ရထားတာ။ ဒီသင်္ကန်းကြောင့်ရတာ။ ခရီးသွား အဆင်ပြေအောင်လို့ ခဏ ငှါးထားတာ။ ငါလည်း ပျက်ရမယ်။ ဒီကားလည်း ပျက်ရမယ်။ သင်္ခါရသဘောတွေပါပဲလို့ ဆင်ခြင်ကျင့်ကြံရမယ့် သီလမျိုးကို ပစ္စယသန္နိဿိတသီလလို့ခေါ်ပါတယ်။ လေးပါးစုကတော့ ဒီလောက်ပါပဲ။
ကဲ ငါးပါးစုကကော။ အပိုင်းအခြားရှိတဲ့ သီလဟာ ပရိယန္တသီလဖြစ်ပါတယ်။ ရဟန်းအတွက် ဘယ်သိက္ခာပုဒ်၊ ရဟန်းမိန်းမအတွက် ဘယ်သိက္ခာပုဒ်၊ လူအတွက် ဘယ်သိက္ခာပုဒ်စသဖြင့် သူ့အကန့်လေးနဲ့သူ ရှိတာဟာ ပရိယန္တသီလဖြစ်ပါတယ်။ ရဟန်းတို့ ကျင့်ရမယ့် သိက္ခာပုဒ်ပေါင်း ၉၁,၈၀၅,၀၃၆,၀၀၀ ဆိုပြီး ရှိတဲ့အပြင် မသင့်တော်လို့ ထပ်မံရှောင်ကြဉ်ရတဲ့ ကျင့်ဝတ်တွေရှိတဲ့ ရဟန်းတို့ကျင့်သုံးရတဲ့ သီလဟာ အဆုံးအပိုင်းအခြား မရှိလို့ အပရိယန္တသီလလို့ခေါ်ပါတယ်။ သံဃရက္ခိတမထေရ် တို့ကျင့်သုံးအပ်တဲ့ သီလဟာ အပြစ်ဆိုလို့ မြူတမှုန်မှ မထင်ပါဘူး။ သံဃရက္ခိတမထေရ်အကြောင်း ပြောပြပါ့မယ်။ တောရပ်တစ်နေရာက သင်္ဃန်းကျောင်းတစ်ခုမှာ သံဃရက္ခိတမထေရ်ဟာ သီလလုံခြုံစွာ နေနေပါတယ်။ သူက ရဟန္တာမဟုတ်ပါဘူး။ ဒါပေမယ့် ရှင်ဘုရင်နှင့်တကွ လူပုဂ္ဂိုလ်အားလုံးက သူ့ကို ရဟန္တာလို့ ထင်နေပါတယ်။ ဒါနဲ့ ပျံလွန်တော်မူခါနားနီးတော့ မထေရ်က ညည်းတယ်။ ဒီညည်းသံကို လာလက်စ ဘုရင်က ကြားသွားပြီး ရဟန္တာမဟုတ်မှန်း သိတော့ ပြန်သွားတယ်။ အနီးနေရဟန်းငယ်က မထေရ်ကို အပြစ်တင်တယ်။ ဟိုက အရှင်ဘုရားကို ရဟန္တာမှတ်လို့ လာကိုးကွယ်တာ၊ ဒီ ဘုရင်လာချိန်လေး နာတာတွေကို ခဏလောက်တော့ သည်းညည်းခံမှပေါ့။ ဟော ခု ရဟန္တာမဟုတ်မှန်း သိကုန်ပြီ။ ရှက်ဖို့ကောင်းလိုက်တာလို့ပေါ့။ မထေရ်က ဒါဆို ငါ့ရှင် အပြင်ခဏထွက်ပေးပါ၊ ငါ လက်ဖျစ်တီးမှ ပြန်ဝင်လာပါလို့ ပြောလိုက်တယ်။ အနီးနေရဟန်း အပြင်ကို ထွက်လို့ တံခါးခုံမကျော်ခင်မှာပဲ မထေရ်က လက်ဖျစ်တီးပါတယ်။ ဒီလို သီလနဲ့ ပတ်သက်လို့ ဝိပ္ပဋိသာရလုံးဝ မဖြစ်ဘဲ ကျင့်လိုက်တာနဲ့ ချက်ချင်း မဂ်ဖိုလ်ကို ရတယ်။ အဲဒီသီလမျိုးကို ပရိပုဏ္ဏသီလလို့ခေါ်ပါတယ်။ အပရာမဋ္ဌသီလကျတော့ ဝတ္ထုနဲ့ ပြောမှ ထင်တယ်။ ပြောစရာ ဝတ္ထုတွေ များပေမယ့် တစ်ခုကိုပဲ ပြောပါ့မယ်။ အကိုဖြစ်သူ လောကီကို ငြီးငွေ့ပြီး ရဟန်းဝတ်သွားတယ်။ ညီဖြစ်သူက လူထွက်လာရင် အမွေခွဲပေးရချည့်ဆိုပြီး သတ်တော့ မသေခင် ကျင့်ကြံသွားတဲ့ သီလမျိုးကို အပရာမဋ္ဌသီလလို့ခေါ်ပါတယ်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့ရဲ့ သီလဟာ ပဋိပဿဒ္ဓိသီလဖြစ်ပါတယ်။
(စာအုပ်တစ်အုပ်မှာ တွေ့ဖူးပါတယ်။ ရဟန်းတို့ ကျင့်အပ်သော သိက္ခာပုဒ်ကို လူတို့အား မပြောအပ်။ လူတို့က သဒ္ဓါနဲ့ ပညာနည်း၍ ရဟန်းအပေါ် မကြည်မှုဖြစ်သော် ထိုမကြည်ညိုသူတို့သာ အပြစ်ဖြစ်ရ၍ မကောင်းလို့ တွေ့ဖူးပါတယ်။ အဲဒီစာအုပ်ကို ပြန်ရှာနေတာ ခုထိ မတွေ့သေးဘူး။ စာအုပ်က ဘာသာရေး ဆိုင်ရာ အမေးအဖြေစာအုပ်ပါ။ အဲဒီက ဆရာတော်ရဲ့ ကျမ်းကိုးလေးကို လိုက်ရှာကြည့်ချင်လို့။)
နောက် ငါးပါးစုက ပဟာနအစုနော်။ လောကုတ္တရာစာ တတ်မှ ရှင်းပြလို့ကောင်းတယ်။ မဖတ်ချင်ရင် ကျော်သွားလိုက်။ ဒါကို မရရအောင်ရှင်းမယ်ဆိုရင် အစက သီလတွေ ပြန်ကောက်ပြနေရတာနဲ့ ရှုပ်ရုံပဲ အဖတ်တင်မှာမို့လို့ပါ။ ပဟာနသီလဆိုတာက ကုသိုလ်စိတ် ၂၁ ပါးကို အရကောက်ရတဲ့ သီလတွေပါ။ ဝေရမဏိသီလကျတော့ ဝိရတီစေတသိက်ကို အရကောက်ရတဲ့ သီလတွေပါ။ ဒီသီလကတော့ ၂ ပါးစုမှာ မရှင်းဘဲ ကျန်ခဲ့တဲ့ သီလပါ။ ဝိရတိသီလဆိုတာ အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်ပြီး ကာယကံသုံးပါးနဲ့ ဝစီကံလေးပါးကို ဝိရတိသီလလို့ခေါ်ပါတယ်။ စေတနာသီလကတော့ စေတနာစေတသိက်ကို အရကောက်ရတဲ့ သီလပါ။ သံဝရငါးပါးကို အရကောက်ရတဲ့ သီလက သံဝရသီလပါ။ သံဝရငါးပါးဆိုတာက ပါတိမောက္ခသံဝရ၊ သတိသံဝရ၊ ဉာဏသံဝရ၊ ခန္တီသံဝရ၊ ဝီရိယသံဝရတို့ဖြစ်ပါတယ်။
ပါတိမောက္ခသံဝရဆိုတာက ဝိနည်းထဲပါတဲ့ သိက္ခာပုဒ်မှန်သမျှဟာ ပါတိမောက္ခသံဝရဖြစ်ပါတယ်။
သတိသံဝရဆိုတာက ဣနြေ္ဒခြောက်ပါးကို ထိန်းချုပ်တာမှန်သမျှဟာ သတိသံဝရဖြစ်ပါတယ်။ (အပေါ်မှာလည်း ပြောခဲ့ပြီးပြီ)
ဉာဏသံဝရဆိုတာက တဏှာကို ပိတ်ဆို့စေတတ်တဲ့ မဂ်ဖိုလ်စတဲ့ ပညာကို ဉာဏသံဝရလို့ခေါ်ပါတယ်။
ခန္တီသံဝရဆိုတာက အပူလိုချင်ချိန် အအေးရ၊ အအေးလိုချင်ချိန်အပူရ၊ တောင်သွားချင် မြောက်သွားရ စသဖြင့် ဖြစ်သင့်တာတွေ ဖြစ်သွားတာကိုပဲ သည်းခံနိုင်တဲ့ အဒေါသ (မေတ္တာ) ပြဋ္ဌာန်းတဲ့ အရာကို ခန္တီသံဝရလို့ခေါ်ပါတယ်။
ဝီရိယသံဝရဆိုတာက ဖြစ်ပေါ်နေတဲ့ ကာမအကြံတွေကို ပိတ်ပင်အောင် ကျင့်ကြံတာကို ဝီိရိယသံဝရလို့ခေါ်ပါတယ်။
အဝိတက္ကမသီလကတော့ အဝီတက္ကမစိတ္တုပ္ပါဒ်ကို အရကောက်ရတဲ့ သီလဖြစ်ပါတယ်။
ဒါပါပဲ။ သီလအမျိုးအစားက။ နောက်မှာ သီလပျက်လို့ ဘယ်လို ခံစားရတယ်။ ဘာကြောင့် သီလပျက်ကြတယ်။ သီလလုံလို့ ဘာတွေ ခံစားရတယ်။ ဘယ်လို နေထိုင်ရင် သီလလုံတယ်စတာတွေကို ရေးပေးပါ့မယ်။