သဟ – အတူတကွ ၊ ဇာတ – ဖြစ်တာ။ အပြန်အလှန် အထောက်အကူ ပြုနေတာကို သဟဇာတလို့ ခေါ်ပါတယ်။ အတိုဆုံးချုံးပြောရရင် အတူတကွ ဖြစ်တာတွေက နာမက္ခန္ဓာလေးပါး၊ ဓာတ်လေးပါး၊ ရုပ်နာမ်နှစ်ပါးနှင့် စိတ်စေတသိက် ဒါပါပဲ။ နာမက္ခန္ဓာလေးပါးဆိုတာက ဝေဒနာ၊ သညာ၊ သင်္ခါရနှင့် ၀ိညာဏတို့ဖြစ်ပါတယ်။ ကျွန်တော်တို့ ၀မ်းနည်းမှု ၀မ်းသာမှု လျစ်လျူရှုမှုတစ်ခုခု ခံစားလိုက်ရတယ်။ ကျွန်တော်တို့က ခံစားရုံ ခံစားလိုက်တာမဟုတ်ပါဘူး။ အဲဒီခံစားမှုကို မှတ်သားလိုက်မှုပါဝင် ပါတယ်။ သညာပေါ့။ နောက် အဲဒီခံစားမှုတွေက တရစပ်ဖြစ်ပျက်နေတယ်။ သင်္ခါရ။ စိတ်ပေါ်မှာပဲ ဖြစ်တယ်။ ၀ိညာဏ်။ သို့သော် အဲဒီလေးပါးက မင်းဖြစ်ကွာ။ ငါမဖြစ်ဘူး။ မင်းပဲဖြစ်လိုက်တော့ ငါမဖြစ်တော့ဘူးလို့ ပြောလို့မရဘူး။ တစ်ပါးဖြစ်ပြီဆိုရင် ကျန်တဲ့ သုံးပါးက လိုက်ဖြစ်ပေးရတယ်။ နှစ်ပါးဖြစ်ရင် ကျန်တဲ့ နှစ်ပါးက လိုက်ဖြစ်ပေးရတယ်။ သုံးပါးဖြစ်ရင်လည်း ကျန်တဲ့ တစ်ပါးက လိုက်ဖြစ်ပေးရတယ်။ ဓာတ်လေးပါးဆိုတာက ပထ၀ီ၊ အာပေါ၊ တေဇောနှင့် ၀ါယောပါ။ ဒီဓာတ်ကြီးလေးပါးကလည်း အတူတူဖြစ်တာပါပဲ။ မည်သည့်အရာမဆို ဥပမာ သင့်ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်းမဆို နောက် ခုသင်မြင်ရတဲ့ သင့်ရှေ့က မော်နီတာ၊ သင့်လက်တင်ထားတဲ့ ကီးဘုတ်စသည်စသည် သင်ဝတ်ထားတဲ့ အင်္ကျီလုံချည်ဒီအားလုံးမှာ ဓာတ်ကြီးလေးပါးက ပါဝင်နေတာ။ ဓာတ်ကြီးလေးပါးထဲက တစ်ပါးပါးက ငါမပါချင်ဘူးကွာ မင်းတို့ သုံးခုတည်းနဲ့ ဖြစ်နေတာပဲ ဥစ္စာလို့ လုပ်လို့မရဘူး။ အဲလို အတူတကွ ဖြစ်နေတာ။ ဒါက သဟဇာတလို့ခေါ်ပါတယ်။ တစ်ပါးဖြစ်တာနဲ့ ကျန်တဲ့ သုံးပါးကဖြစ်ပြီးသားပဲ။ ရုပ်ဖြစ်လို့ နာမ်လိုက်ဖြစ်ရတယ်။ နာမ်ဖြစ်လို့ ရုပ်လိုက်ဖြစ်ရတယ်။ ခွဲခြား ခွဲခြားမဖြစ်ဘူး။ အတူဖြစ်တာ။ ဒေါသထွက်တယ်။ စိတ်က ဖြစ်တာပဲ။ ဒါပေမယ့် မျက်နှာက အေးစက်မာကြောလာတယ်။ လိုက်ဖြစ်ပေးရတာနော်။ ဒါပေမယ့် တချို့က ဒေါသထွက်ရင် ပြုံးတာဗျ။ ဟုတ်လား။ ဒါလည်း သူ့ဒေါသထွက်တဲ့ အမူအရာတစ်ခုပဲလေ။ စိတ်ညစ်ရင် စိတ်ညစ်တဲ့ ရုပ်အမူအရာတစ်ခုက ပေါ်ပြီ။ ရုပ်မှာ တစ်ခုခုဖြစ်တယ်။ အသားကလေးကို တစ်ခုခုက ခြစ်မိတယ်။ စိတ်က နာတယ်လို့ ဖြစ်ပေးရတယ်။ အဲလို အတူတကွ ဖြစ်နေတာ။ ဒါ သဟဇာတပစ္စယောပါပဲ။ စိတ်ဖြစ်လို့ စေတသိက်ဖြစ်၊ စေတသိက်ဖြစ်လို့ စိတ်ဖြစ်တာတွေတော့ မပြောနဲ့လေ။ သူက နဂိုရ်ကတည်းက ခွဲမဖြစ်ဘူး။ ပြောဖူးတယ်နော်။ အဲလို အတူတကွ ဖြစ်နေတာကို သဟဇာတပစ္စယောလို့ ကျွန်တော်တို့ ဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။ သဟဇာတအတူတကွ ဖြစ်တာကို မရှင်းဘူးဆိုရင် ဥပမာလေး ပေးပါ့မယ်။ မှောင်နေတဲ့ အခန်းတစ်ခန်းမှာ မီးခလုတ်လေး “ထောက်” ဆိုဖွင့်လိုက်တယ်။ မီးလင်းသွားတယ်။ အလင်းရောင် ရောက်လာတယ်။ မီးလင်းတာနဲ့ တပြိုင်နက် အခန်းမှာ အလင်းရောင်တွေ ပြန့်ကျဲသွားတယ်။ မီးသီးကိုလည်း မြင်ရတယ်။ ဒီမှာ ဘယ်သူက ကျေးဇူးပြုနေတာလဲ။ မီးသီးကြောင့် မီးရောင်၊ မီးရောင်ကြောင့် မီးသီး အဲလို အပြန်အလှန်ကျေးဇူးပြုနေကြခြင်းကို သဟဇာတပစ္စယော အတူတကွ ဖြစ်တယ်လို့ သဗ္ဗညုတရွှေဉာဏ်ရှင် မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်။ (ထုံးစံအတိုင်း အဘိဓမ္မာအပိုင်းကိုတော့ ချန်ထားပါရစေ၊ နည်းနည်းလေးတော့ ပြောခဲ့ပါ့မယ်။ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်က စိတ်ကို ပြန်ပြီး ကျေးဇူးမပြုပါဘူး)
သဟဇာတပစ္စယော
Subscribe
0 Comments