အလှူခံမှာ အကြောင်းအမျိုးမျိုး ရှိသလို အလှူရှင်မှာလည်း အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အလှူခံဘက်ကို မငဲ့ဘဲနဲ့ ကိုယ်က လှူမယ့်သူဆိုရင် ဘယ်လို လှူသင့်တယ်။ ဘယ်လိုလှူရင် ပိုအကျိုးရှိတယ် ဆိုတာလေးကိုတော့ သိထားသင့်ပါတယ်။ အဲဒီ အကြောင်းလေးကို ပြောချင်ပါတယ်။
အလှူဒါနပြုရာမှာ လှူတဲ့ ပစ္စည်းတွေ အမျိုးမျိုးရှိတယ်။ အသုံးပြုလို့ မြင်တွေ့လို့ရတဲ့ အလှူကို လှူတာရယ်နှင့် အသိဉာဏ်ကိုလှူတဲ့ အလှူဖြစ်ပါတယ်။ စာသင်ခြင်း၊ စာချခြင်း၊ ပညာသင့်ဖို့ အထောက်အပံ့ပေးခြင်းများနှင့် စာရေး တရားဟောပြီး လှူတဲ့ အသိဉာဏ်အလှူဟာ ပိုပြီးအကျိုးရှိပါတယ်။ လှူပြီဆိုပြီကာမှဖြင့် အလှူပေးတဲ့အခါ ရိုရိုသေသေ ပေးလှူတာနဲ့ ဖြစ်သလို မရိုမသေ မလေးမစား ပေးလှူတတ်တာမျိုးလည်း ရှိပါတယ်။ မရိုမသေ မလေးမစားများ ကိုယ်ကလှူထားမိရင် အကျိုးပြန်ပေးတဲ့အခါ ကိုယ့်သား ကိုယ့်သမီး ကိုယ့်လင် ကိုယ့်ဇနီးကတောင်မှ ကိုယ့်ကို မရိုမသေ မလေးမစား လုပ်တတ်တဲ့အတွက် အလှူပေးတဲ့အခါ ရိုရိုသေသေ ပေးလှူသင့်ပါတယ်။ သဒိသံ ပါကံ ဇနေတိ – တူသော အကျိုးကို ပေး၏လို့ ပြောနေကြတယ် မဟုတ်လား။
နောက် အလှူပေးရာမှာ အလှူလို့ မထင်ရတဲ့ အလှူရှိတယ်။ ဆရာ သံဃာ စတဲ့ ရိုသေအပ်တဲ့ ပုဂ္ဂိုလ်များကို ပူဇော်တာ။ နောက် ကိုယ့်ဆွေမျိုးသားချင်းတွေကို ထောက်ပံ့တာဟာလည်း အလှူအဒါန်း ဖြစ်ပါတယ်။ အဲလို လှူဒါန်းရာမှာတော့ ပူဇော်တဲ့အလှူက မြတ်ပါတယ်။ ဒါပေမယ့် ထောက်ပံ့ရာမှာ ငါ့ဆွေမျိုးပဲ သူက ငါပေးမှ စားရတဲ့ အဖြစ်ပါဆိုပြီး ဖြစ်သလို မပေးဘဲ ရိုရိုသေသေ ပေးလှူမယ်ဆိုရင် ထောက်ပံ့တာကလည်း မြတ်နိုင်ပါတယ်။ မြတ်နိုင်တယ်ဆိုတာက အကျိုးကျေးဇူး ပိုများနိုင်ပါတယ်လို့ ဆိုလိုတာပါ။ နောက် အလှူလုပ်ရာမှာ ကိုယ်တိုင်လှူတဲ့အလှူနဲ့ သူတပါးကို လှူပါလို့ ခိုင်းတဲ့အလှူလည်း ရှိပါတယ်။ အဲဒီ အကြောင်းကို ကျွန်တော် ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၇) မှာ ရေးပြခဲ့ဖူးပါတယ်။ တကယ်တော့ အဲဒီ ပိုစ့်က ဘလော့ဂါလောကမှာ ပျောက်သွားတဲ့ ကိုပီကေ ရေးတဲ့ “ကပ်ပါပေ့ မြို့စားရယ်” ဇာတ်ကြောင်းပါ။ ကိုပီကေ အဆုံးသတ်မသွားတဲ့ အဲဒီ ပိုစ့်ကို ကျွန်တော် ဆက်ရေးမလားလို့ စဉ်းစားနေတာ။ ကျွန်တော်ကတော့ ခပ်တိုတိုပဲ ရေးမှာပါ။ ဒီဇာတ်လမ်း သာဓကကြည့်ပြီးတော့ လှူပါလို့ ခိုင်းတာထက် ကိုယ်တိုင် လှူတာဟာ ပိုကောင်းပါတယ်။ အဲဒီ ပိုစ့်မှာ ပန်းသခင် (ထိုင်ဝမ်) က မေးလာတယ်။ သူတို့က လှူဒါန်းတဲ့ နေရာမှာ ငွေပဲ ထည့်နေလို့ မြို့စားကြီးလိုပဲ အကျိုးရမှာပေါ့နော်တဲ့။ အလှူပေးသူက အလှူပေးချင်ပေမယ့် အလှူခံက မရှိ၊ လှူဖွယ် ဝတ္ထုက မရှိ။ ရှိနေတဲ့ နေရာများကလည်း သဒ္ဓါတရား ဖြစ်ပေါ်ဖို့ အကြောင်း မခိုင်လှုံလေတော့ ပန်းသခင်တို့လို နိုင်ငံခြားကနေ လှူတဲ့ အလှူမှာလည်း အကျိုးရှိပါတယ်။ တူသော အကျိုးပါပဲ။ (အကောင်းဆုံးကတော့ မြန်မာနိုင်ငံ ခဏခဏ ပြန်လာပြီး ခဏခဏ လာလှူပေါ့ – အဟဲ စတာပါဗျာ)
အလှူလုပ်ရာမှာ အမြဲတမ်းလှူတဲ့ အလှူရယ် ဝေးဝေးတစ်ခါ သဒ္ဓပေါက်လို့ လှူတဲ့အလှူရယ်ဆိုပြီးရှိပါတယ်။ ဒီနှစ်ခုထဲမှာတော့ အမြဲတမ်းအလှူက ကောင်းတယ်ဗျ။ အကျိုးအပြည့်အဝ ရတယ်။ နိုင်ငံခြားမှာဆို နေ့စဉ် မနက်တိုင်း ဘုရားဆွမ်းတော်ကပ် တစ်ရက်မှ မပျက်အောင် လုပ်ဗျာ။ မဖြစ်နိုင်ဘူးလို့ မပြောပါနဲ့။ ကျွန်တော်တို့ နိုင်ငံရဲ့ တစ်ခါက ခေါင်းဆောင်သဖွယ် ဖြစ်ခဲ့တဲ့ ဦးနုဟာ ရောက်တဲ့နေရာတိုင်းမှာ ဆွမ်းတော်ကပ်ပါတယ်။ ဘုရားလည်း အမြဲပင့်သွားသလို ဆွမ်းတော် ပန်းတော် ရေချမ်းတော် ကပ်ဖို့ လိုအပ်တဲ့ ပစ္စည်းများကိုလည်း အမြဲတမ်းသယ်သွားပြီး နေ့စဉ်ပြုလုပ်ပါတယ်။ ဘယ်သွားသွား ဘယ်ရောက်ရောက်ပါ။ သူ့လို အလုပ်များတဲ့ ပုဂ္ဂိုလ်တောင်မှ ပြုနိုင်သေးတာ အလုပ်လုပ်ဖို့ နေနေတဲ့သူကတော့ လုပ်နိုင်ပါတယ်။ အမြဲတမ်းနေနေတဲ့ သူတွေကတော့ ပိုလုပ်သင့်ပါတယ်။ နိုင်ငံခြားမှာဆိုရင် ပြောတာပါ။ မြန်မာနိုင်ငံမှာတော့ နေ့စဉ် လှူဖို့ သံဃာတွေ ဆွမ်းခံကြွနေတာ သင်္ကန်းက ဖျတ်တဲ့လေနဲ့ကို အေးပါတယ်။ ဆွမ်းလောင်းတာ သို့မဟုတ် ပဒေသာပင် စိုက်ထူတာမျိုး လုပ်နိုင်ပါတယ်။ အဲဒီ ကုသိုလ်ရဲ့ အကျိုးဟာ နေ့ဆိုလည်း နေ့၊ ညဆိုလည်းည ချက်ချင်းလက်ငင်း လိုအပ်ရင် လိုအပ်တဲ့အတိုင်း အကျိုးပေးပါတယ်။ အကျိုးပေးပုံကို နှိုင်းယှဉ်ပြပုံကတော့ မြစ်ရေလိုပဲတဲ့။
နောက်တစ်ခါ အလှူလုပ်တယ်။ ဆိုပါစို့။ ရဟန်းသံဃာ တစ်ပါးကို သင်္ကန်းကပ်တယ်။ သင်္ကန်းဆို သင်္ကန်းပဲ။ ဘာမှ အပိုဆာဒါး မပါတဲ့အလှူနဲ့ သင်္ကန်းလှူရင် ဘာလေးလည်း လိုမယ်ထင်တယ်ဆိုပြီး အခြံအရံလေးနဲ့ လိုအပ်တာဖြည့်လို့ သိုက်သိုက်ဝန်းဝန်းလှူတာနဲ့မှာ အပိုဆာဒါးလေး ထည့်လှူတဲ့အလှူက ပိုအကျိုးရှိတယ်။ အကျိုးရတဲ့အခါမှာလည်း ဆန်ပေးဆီလို ဆီပေးဆန်လို မဖြစ်တော့ဘဲ ပြည့်ပြည့်စုံစုံရပါတယ်။ တချို့အကျိုးရပုံတွေကို တွေ့ဖူးမှာပါ။ ငွေကြေးစည်းစိမ်ပြည့်စုံပါရက်နဲ့ ကျန်းမာရေးလိုအပ်။ ကျန်းမာရေး ပြည့်စုံပါရက်နဲ့ အလုပ်အကိုင်လိုအပ် စသဖြင့် အကျိုးမပြည့်ဝဘဲ တစ်ခုရ တစ်ခုလိုဖြစ်နေတာ။ အဲဒါကြောင့် လှူတဲ့ ဒါန်းတဲ့အခါမှာ လိုအပ်တာလေး ဖြည့်လှူတာက ပိုပြီး အကျိုးရပါတယ်။