ကျွန်တော်တို့ `စနေနေ့ အောင်တော်မူ ဝေယျာဝစ္စအသင်း´ မှ (၂၆.၆.၂၀၁၀) စနေနေ့ညနေတွင် မိုးရွာနေသဖြင့် နောက်တစ်နေ့ညနေသို့ ပြန်လည်ကာ ချိန်းဆိုပြီး (၂၇. ၆. ၂၀၁၀) တနင်္ဂနွေနေ့ညနေတွင် တစ်ညနေတာမျှ ခေတ္တပြောင်းရွှေ့၍ သန့်ရှင်းရေး ပြုလုပ်ခဲ့သည်။ မိုးရွာသွန်းထားခြင်းကြောင့် သဲများက ပိုများသည်။ တံမျက်စည်းလှည်းပြီးနောက် မနေ့ညက လပြည့်ညဖြစ်သည့်အလျှောက် လူလာများခဲ့ရာ မိုးရွာထဲ၌ ရင်ပြင်တော်တွင် လမ်းလျှောက်ခဲ့ကြသဖြင့် ခြေရာများ ထင်ကျန်နေခဲ့သည်။ ကြမ်းတိုက်သောအခါ ခါတိုင်းထက် ပိုအားစိုက်ခဲ့ရသည်။ ထင်ကျန်နေသော ခြေရာများကို ပြောင်အောင် တိုက်ခဲ့ကြရသဖြင့် ကြမ်းတိုက်လည်း သိပ်မတွင်ခဲ့ရာ ယနေ့ညနေ (၅း၃၀) နာရီ ခန့်ကစခဲ့သော ကြမ်းတိုက်လုပ်ငန်းသည် (၇း၃၀) နာရီမှ ပြီးခဲ့သည်။ ကြမ်းတိုက်စဉ် `ကိုဦး´ မှ ထုံးစံအတိုင်း ရေသန့်ရေဗူးများဝယ်ကာ ရေတိုက်သည်။
ကြမ်းတိုက်ပြီးသောအခါ စာကြည့်တိုက်ရှေ့ ခုံတန်းတွင် အနားယူသည်။ အနားယူနေစဉ် မဇင်မာနွယ်မှ အလှူရှင်စာရင်းများကို ပြောပြသည်။ သူနှင့် သူ့သူငယ်ချင်းမှ
၁။ မဇင်မာနွယ် …………………. ၆၀၀၀ ကျပ်။
၂။ မဖြူဖြူသွယ်…………………. ၆၀၀၀ ကျပ်။
၃။ မနွဲ့ယဉ်ဝင်း …………………. ၂၀၀၀ ကျပ်။
စုစုပေါင်း ……………………….. (၁၄၀၀၀) ကျပ် ငွေများစုပြီးနောက်
၁။ တဘက် (၁၀) ထည်………… ၁၂၀၀၀ ကျပ်။
၂။ ရေပုံး………………………….. ၂၀၀၀ ကျပ် ၀ယ်ယူအသုံးပြုခဲ့ကြောင်း ပြောသည်။
ကိုဦးမှ ကြွေပြားချွတ်ဆေး (၂) ဗူးလည်း ထည့်ဝင်လှူဒါန်းခဲ့သည်။
ထို့နောက် ကျွန်တော်တို့မှ အပတ်စဉ် ဝေယျာဝစ္စလုပ်သူများ ရေရှည်အတွက် မျှော်ကိုးကာ တစ်ပတ်လျှင် (၅၀၀) ကျပ်စီ စုသွားမည်ဟု တိုင်ပင်ထားခဲ့သည့်အတိုင်း
၁။ ထွန်းဇော်ဦး ……………….. ၁၀၀၀ ကျပ်။
၂။ လရိပ်………………………… ၅၀၀ ကျပ်။
၃။ မီးငယ်စန္ဒာ ……………… …. ၅၀၀ ကျပ်။
စုစုပေါင်း …………………….. (၂၀၀၀) ကျပ် ထည့်ဝင်လှူဒါန်းထားသည်။
ကိုကိုမောင်မှ ရန်ကုန်မှ မအေးချမ်းဖြူလှူဒါန်းထားသော ငွေ (၅၅၀၀) ကျပ်ကို ဝေယျာဝစ္စအသင်းသို့ ပေးအပ်ခဲ့သည်။
ထိုကဲ့သို့ စာရင်းရှင်းတိုင်ပင်ပြီးနောက် Cafe Blue ဆိုင်သို့ မမီးငယ်စန္ဒာမှ `ကြိုက်ရာစား´ ဆိုကာ တကာခံသွားခဲ့ပါသည်။ ယခုပတ် ဝေယျာဝစ္စအသင်းသို့ လာရောက်ခဲ့သူများမှာ ကိုဦး၊ ကိုကိုမောင်၊ ထွန်းဇော်ဦး၊ ဖိုးသား၊ မဇင်မာနွယ်၊ မအေးနန္ဒာကျော်၊ မလရိပ်၊ မမီးငယ်စန္ဒာ၊ မမိုးသူဇာတို့ဖြစ်သည်။
ကုသိုလ်အစုကို ဝေနေယျသုခိတ ဒုက္ခိတသတ္တ၀ါအားလုံးအား အမျှ အတန်းပေးဝေပါသည်။
စနေနေ့ညနေ
အောင်တော်မူဝေယျာဝစ္စအသင်း