မိန်းကလေး ချောချောလှလှလေးတွေ အများကြီးနဲ့ အတူနေရလွန်းတော့လည်း ယသ ဆိုတဲ့ သတို့သားလေးခမျာ ညည်းငွေ့လာတယ်။ စိတ်တွေနောက်လာတယ်။ ပျင်းရိလာတယ်။ မေ့တတ်လာတယ်။ ပျံ့လွင့်လာတယ်။ တွေဝေလာတယ်။ စိတ် အစွမ်းကုန်ညစ်သွားတယ်ပေါ့ဗျာ။ ဒါနဲ့ တစ်ညမှာတော့ မိုးမလင်းခင်လေးမှာ သူထွက်ပြေးတယ်။ စိတ်ညစ်ညစ်နဲ့ ထွက်ပြေးတယ်ဆိုတော့ ရောက်ချင်ရာရောက်ပေါ့ဗျာ။ ပြေးရင်း ပြေးရင်း သူ့ပါးစပ်က “တကယ့်ဒုက္ခအိုးပဲ” လို့ ရေရွတ်နေတယ်။
သူထွက်ပြေးသွားတဲ့နေရာက မိဂါဒါဝုန်တောအုပ်ထဲကိုဖြစ်နေတယ်။ ဒီတော့ ပြေးရင်း ဘုရားရှေ့ကို ရောက်သွားတယ်။ ဘုရားနဲ့တွေ့တော့ နေထွက်လုနေပြီ။ မောလည်းမောနေလေတော့ ဘုရားကို ကြည့်လိုက်တယ်။ ပါးစပ်က တတွတ်တွတ်နဲ့ တကယ့် ဒုက္ခအိုးပဲလို့ ရွတ်နေတုန်းပါပဲ။ ဘုရားက နားပါဦးလို့ပြောတယ်။ ယသလည်း ခဏနားတယ်။ ပါးစပ်ကတော့ ရွတ်နေမိတယ်။ ဒါနဲ့ ဘုရားရှင်က “ဒုက္ခအိုးကနေလွတ်တဲ့ အကြောင်းလေးတွေရှိတယ်။ ငါပြောပြရင် မင်းနားထောင်မလား” လို့မေးတယ်။ ယသက နားထောင်မယ်တဲ့။ ဒါနဲ့ ဘုရားရှင်က တရားဟောလိုက်တယ်။ တရားဟောအပြီးမှာ ယသဟာ သောတာပန်ဖြစ်သွားတယ်။
ယသဆိုတဲ့ သားတစ်ဦးတည်းလေးရှိတာမှ ချစ်လိုက်ရတာ တုန်လို့။ သုဇာတာခမျာမှာလေ။ သားမရှိတော့ဘူးဆိုတော့ ခေါင်းမီးတောက်ရော။ အဖေကြီးရေ .. ရှာပါဦး ဆိုပြီး သူ့ယောကျာင်္းကို အတင်းရှာခိုင်းတယ်။ အဖေဖြစ်သူက ဘယ်သူ ဘယ်သွား လို့ခိုင်းပြီး သူကိုယ်တိုင်ကျတော့ မိဂါဒါဝုန်ဘက်ကိုထွက်လာတယ်။ သူကံကောင်းသွားတယ်။ တောစပ်မှာ သူ့သား ဖိနပ်ရာတွေ့ တယ်။ ဒါနဲ့ သူဖိနပ်ရာအတိုင်းလျှောက်လာခဲ့တယ်။ ဘုရားရှင်က တန်ခိုးတော်နဲ့မြင်တော့ သားအဖကို တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင်အောင် ဖုံးကွယ်ထားလိုက်တယ်။
ယသရဲ့ အဖေဖြစ်သူရောက်လာတယ်။ ယသရဲ့ အဖေက ယသများ ဒီလမ်းက ဖြတ်သွားတာမတွေ့ဘူးလား လို့မေးတယ်။ ဘုရားရှင်က ဒီမှာထိုင်နေပါ။ ထိုင်နေရင်းနဲ့ သင့်သားနဲ့ သင်တွေ့ပါလိမ့်မယ်လို့ပြောပါတယ်။ ဒါနဲ့ယသအဖေလည်း ထိုင်နေရင်းနဲ့ သားကိုတွေ့မယ်ဆိုတော့ ထိုင်နေတာပေါ့။ ဒီတော့မှ ဘုရားရှင်က ငါတရားဟောမယ် နာမလားလို့မေးတယ်။ ယသဖခင်ကလည်း တရားကိုနာပါတယ်။ တရားအပြီးမှာ ယသဖခင်ဟာ သောတာပန်ဖြစ်ပါတယ်။ ယသကတော့ တရားနှစ်ခါနာလိုက်ရတဲ့အတွက်ရယ် ပါရမီပြည့်စုံတဲ့အတွက်ကြောင့်ရယ် ရဟန္တာဖြစ်သွားပါတယ်။ ဒီတော့မှ ဘုရားရှင်က သားအဖကို တစ်ယောက်နဲ့တစ်ယောက်မြင်စေပါတယ်။ မြင်ကြတော့ အဖေဖြစ်သူက “သားရယ် ၊ ဘယ်တွေလျှောက်သွားနေတာလဲ၊ အိမ်မှာ သင့်အမေက သင်ပျောက်လို့ ရူးမတတ်ဖြစ်နေပြီ စသဖြင့် ပြောပါတယ်။ ယသက ရဟန္တာဖြစ်သွားလေတော့ အဖေ သားပြန်မလိုက်တော့ဘူး။ သားက ဘုရားရှင်ဆီမှာ ရဟန်းအပြီးဝတ်တော့မယ်လို့ ပြောတယ်။ ပြီးတော့ ဘုရားရှင်ဆီ ရဟန်းပြုခွင့်တောင်းတယ်။ ဘုရားရှင်က “ဧဟိ ဘိက္ခု” လို့ခေါ်လိုက်တယ်။ ယသ ရဟန်းဖြစ်သွားတယ်။ ယသအဖေက ဒါဆိုလည်း အိမ်ကို ဆွမ်းစားကြွပါလို့ ပင့်ဖိတ်တယ်။
အဲဒီရွာမှာ ယသက အချမ်းသာဆုံးဗျ။ အရမ်းချမ်းသာတဲ့ သူဌေးသားလေး ယသတောင် ရဟန်းဝတ်သေးတာ ငါတို့ ဘာလို့ မ၀တ်နိုင်ရမှာလည်းဆိုပြီး သူဌေးသားလေးယောက်က ရဟန်းလာတောင်းဝတ်တယ်။ သူဌေးသားတွေ ရဟန်းဝတ်တော့ ကျန်တဲ့ ရွာထဲက ယသရဲ့ ငယ်ပေါင်း သူငယ်ချင်း ၅၀ ကလည်း ရဟန်းဘောင်ထဲ ၀င်လာတယ်။ ဘုရားရှင်က အားလုံးကို တရားဟောလိုက်တယ်။ တရားအပြီးမှာ အားလုံး ရဟန္တာဖြစ်သွားတယ်။
အဲဒီအချိန်က ဘုရားရှင်က ၀ါတွင်းကာလ ခရီးမသွားရ သိက္ခာပုဒ်ကို မပညတ်သေးပါဘူး။ ဒီတော့ ရဟန်းတွေကို သာသနာပြုလွတ်ပါတယ်။ သာသနာပြုလွတ်တာတွေ့တော့ မာရ်နတ်ဟာ အတော်လေး ခေါင်းကိုက်ပါတယ်။
ဘုရားရှင်ဆီလာပြီး
“ရဟန်းကြီး ၊ ဘာတွေလျှောက်လုပ်နေတာလဲ၊ သင်က အဓိပ္ပါယ်မရှိတာတွေကို လုပ်တဲ့နေရာမှာ ဒိတ်ပဲ၊ သာသနာပြုလွတ်တယ် ဟုတ်လား။ ရယ်ရတယ်။ ကမ္ဘာဦးကတည်းက မှားလာတဲ့လူတွေကို သင်ရဟန်းပေါက်စလေးတွေက အဲဒါကို ဖြိုခွင်းနိုင်မယ် ထင်လို့လား” ဘာညာသာရကာနဲ့ သာမာန်လူ ကိုယ့်လည်ပင်းကိုယ်ညစ်သေချင်လောက်အောင် လာပြောတယ်။ ဘုရားရှင်က တရားဟောလိုက်တယ်။ တရားသံကြားတော့ အော့အန်ချင်စိတ်ပေါက်တဲ့ မာရ်နတ်က ထွက်ပြေးတယ်။ ပြီးတော့ စိတ်နည်းနည်း ငြိမ်အောင်ထားပြီး ပြန်လာတယ်။
“ရဟန်းကြီး၊ လူတွေအားလုံး သူတို့ဘာသာ သူတို့ ကာမဂုဏ်ကို အေးအေးဆေးဆေးခံစားနေတာ။ ကာမဂုဏ်ကိုလည်း အမှန်တရားလို့ ထင်ထားကြပြီးသား။ ဒီကာမဂုဏ်ရဲ့အပြစ်ကို သွားပြောမယ်ဆိုတော့ ရဟန်းကြီးရယ် ဟုတ်မှလည်း လုပ်ပါ စသဖြင့် ပြန်လာပြောပြန်ရော။ ဘုရားက တရားဟောလိုက်ပြန်တယ်။ မာရ်နတ်ထွက်ပြေးသွားတယ်။
ယသတို့ကို သာသနာပြုလွတ်ပြီးနောက် ဘုရားရှင်က တစ်ပါးတည်း ဥရုဝေလတောအုပ်ကို ကြွသွားပါတယ်။ အဲဒီမှာ နေထိုင်တဲ့ ကဿပအနွယ်တွေဖြစ်ကြတဲ့ ရသေ့တစ်ထောင်ကို အုပ်ချုပ်နေတဲ့ ရသေ့သုံးပါးကို တရားဟောဖို့ပါ။ ရသေ့တွေက အကျွတ်တရား ရနိုင်တဲ့ ပါရမီဉာဏ်ရင့်သန်နေပါပြီ။
အဲဒီအချိန်မှာ ကောသလမင်းရဲ့ ဖအေတူ မအေကွဲ သားတွေဖြစ်ကြတဲ့ ဘဒ္ဒဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဟာလည်း အဲဒီတောအုပ်စပ်ကို မိန်းမတွေကိုယ်စီနဲ့ ပျော်ပွဲစားထွက်လာကြပါတယ်။ သူတို့အဖွဲ့က အယောက်သုံးဆယ်ပါ။ သုံးဆယ်ထဲမှာ တစ်ယောက်က မိန်းမ မရှိသေးဘူးဖြစ်နေတယ်။ ဒါပေမယ့် ရပါတယ်။ ပြည့်တန်ဆာမ တစ်ယောက်ကိုခေါ်ခဲ့တယ်။ ဒီလိုနဲ့ ပျော်ကြ ပါးကြပေါ့ဗျာ။ ပြီးရင် တရေးတမောနားကြပေါ့။ နားရင်း အိပ်ကြပေါ့။ အဲလို အိပ်နေတုန်း တစ်ယောက်တည်းသော ပြည့်တန်ဆာမက သူတို့လက်ဝတ်လက်စားတွေကို ခိုးယူထွက်ပြေးပါရော။ ဒါနဲ့ ယောကျာ်းဖြစ်သူတွေက လိုက်ကြတာပေါ့ တောနက်ထဲကို။ လိုက်ရင်း မတွေ့ဘူး။ ဒါနဲ့ သစ်ပင်တစ်ပင်အောက်မှာ ဘုရားရှင်ထိုင်နေတာကို သွားတွေ့တယ်။ ဘုရားရှင်ကို သွားမေးတယ်။ ဒီနား မိန်းမတစ်ယောက်ဖြတ်သွားတာ တွေ့မိလားပေါ့။ ဘုရားရှင်က ဘဒ္ဒအဖွဲ့သား သုံးဆယ်ကို ဒီလိုမေးလိုက်တယ်။
“သူတပါးကို ရှာခြင်းထက် ကိုယ်ကိုကိုယ်ရှာခြင်းက ပိုမကောင်းဘူးလား”
လို့။
ဘဒ္ဒအဖွဲ့သားတွေ စိတ်ဝင်စားသွားတယ်။ ဒီတော့ ဘုရားရှင်ကို တရားဟောခိုင်းတယ်။ ဘုရားရှင်က တရားဟောတော့ သူတို့ သုံးဆယ်လုံး အကျွတ်တရားရသွားပါတယ်။ ပြီးတော့ သူတို့ကို သာသနာပြုလွတ်လိုက်ပါတယ်။ ပြီးတော့ ဘုရားရှင်က ဥရုဝေလတောမှာနေလို့ ဥရုဝေလကဿပလို့ခေါ်တဲ့ ရသေ့ဆီသွားခဲ့ပါတယ်။ ပြီးတော့ ဥရုဝေလကဿပနေတဲ့ ဘေးနားက နဂါးတွင်းနားလေးမှာ နေထိုင်ခွင့်တောင်းပါတယ်။ လေးကြိမ်တောင်းမှ ရပါတယ်။ နဂါးကြီးက အရမ်းဆိုးတယ်။ ဘုရားရှင်က အဲဒီရသေ့အမြင်အရ ငယ်ငယ်ချောချော ဆိုတော့ မသေစေချင်သေးဘူးပေါ့။ ဒါပေမယ့် အဲဒီ ရဟန်းငယ်လေးက အတင်းတောင်းနေတော့လည်း တတ်နိုင်ပါဘူးလေ။ သေနေ့စေ့လို့ပေါ့… ဆိုပြီး နေထိုင်ခွင့်ပြုလိုက်တယ်။