အခုလက်ရှိ ဘုရားပွင့်ခဲ့တဲ့နေရာမှာ အဖေနဲ့အမေကြောင့် ငါတို့လူဖြစ်ရတယ်လို့ကစပြီး စတင်ပေါ်ပေါက်ခဲ့တဲ့ ကိုးကွယ် မှုဖြစ်စဉ်တစ်ခုအရ ကောင်းကင်၊ မိုးနဲ့မြေ၊ ကျောက်ဆောင်၊ နေမင်း၊ ဗြဟ္မာစတဲ့ ကိုးကွယ်မှု အဆက်ဆက်ကြီးရှိခဲ့ပါတယ်။ သူတို့ ကိုးကွယ်တဲ့ ဗြဟ္မာတောင် ဘုရားကို ရှိခိုးတောင်းပန်ရလေတယ် ဆိုတဲ့ အဖြစ်မျိုးဖြစ်ရလေအောင် သဟမ္ပတိဗြဟ္မာရဲ့ တောင်းပန်မှုဖြစ်ပျက်ခဲ့ရတာပါ။ သဟမ္ပတိဗြဟ္မာရဲ့ တောင်းပန်မှုကို ဘုရားရှင်က ၀န်ခံကတိပြုပြီးနောက် ဘယ်သူ့ကိုအရင်တရားဟောသင့်လဲလို့ ဆင်ခြင်လိုက်တဲ့အခါ ကျေးဇူးလည်းများ ပါရမီဉာဏ်လည်းရင့်သန်နေတဲ့ အာဠာရနဲ့ ဥဒကကို သွားတွေ့ပါတယ်။
သံသရာဟာ ရှည်လျားပါတယ်။ သတ္တ၀ါတစ်ဦးဦးရဲ့ အစကို သဗ္ဗညုတဉာဏ်နဲ့တောင် မသိနိုင်ပါဘူး။ အဲလိုရှည်လျားတဲ့ သံသရာမှာ သတ္တ၀ါတိုင်းဟာ ဘ၀ါဘဝေတစ်ခုခုမှာ ထွေထွေပြားပြားပြုမိတတ်ပါတယ်။ အဲဒီထွေပြားမှုဟာ အာဠာရနှင့် ဥဒကအတွက်တော့ တော်တော်လေးဆိုးတယ်လို့ ဆိုရမှာပါပဲ။ ဘုရားရှင်က သူတို့ကို တရားဟောမယ်လို့ ဆင်ခြင်လိုက်တဲ့အခါ သူတို့ဟာ စိတ်ပဲရှိပြီး ရုပ်မရှိတဲ့ ဘုံမှာ သွားဖြစ်နေရတယ်။ စိတ်ပဲရှိပါတယ်။ ရုပ်မရှိပါဘူး။ ရုပ်မရှိတော့ နားမပါဘူး။ မျက်စိမပါဘူး။ မပါမှတော့ တရားကိုနာလို့ မရဘူး။ ဘုရားကိုဖူးမြင်လို့မရဘူး။ သူတို့ကို တရားဟောလို့ မရနိုင်တော့တာနဲ့ ဘုရားရှင်ဟာ ကျေးဇူးရှိဖူးတဲ့ ပဉ္စ၀ဂ္ဂီငါးဦးကိုသွားတွေ့ပါတယ်။ ဘုရားဖြစ်တဲ့ နေရာနဲ့ မိဂါဒါဝုန်တောဟာ ၁၈ ယူဇနာဝေးပါတယ်။ ဘုရားက အဲဒီကို ခြေလျင်ကြွပါတယ်။
လမ်းမှာ ဥပကဆိုတဲ့ ပုဂ္ဂိုလ်နဲ့တွေ့ပါသေးတယ်။ ပြောခဲ့ဖူးတယ်နော်။ အနှစ်တစ်ရာကပေါ်ခဲ့တဲ့ ကောလဟာလကြောင့် အိန္ဒိယမှာ သူလည်းဘုရား ငါလည်းဘုရားဖြစ်နေတာ။ ဒီတော့ ဥပက ကဘုရားကိုအရှာထွက်ခဲ့ ပါတယ်။ ဘုရားနဲ့တွေ့ပါတယ်။ ဥပက က “သင့်ဆရာဘယ်သူလဲ” ။ဘုရားရှင်က ငါ့မှာ ဆရာမရှိဘူး။ ငါဟာ သဗ္ဗညုတ ဘုရားပဲလို့ ပြောတယ်။ ဥပက က “အင်း….. ဟုတ်ချင်ဟုတ်မှာပဲ .” တဲ့။ ပြီးတော့ သူခရီးဆက်ထွက်ပါတယ်။ ခရီးက သိပ်မဝေးပါဘူး။ ဘုရားအရှာထွက်ခဲ့တာပါ။ အရာရာဟာ သံသယတွေနဲ့ေ၀၀ါးနေလွန်းပါတယ်။
ကမ္မဋ္ဌာန်းလူထွက်ကြီး ဘာလာလုပ်တာလဲ မသိဘူး..၊ ခရီးဦး မကြိုကြေးကွာ….တဲ့။ ကောဏ္ဍည ဦး ဆောင်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးက။ နေရာတော့ ခင်းထားပေးလိုက်ပါကွာ။ အဲလို ကတိပြုကြတယ်။ တကယ်တမ်း ဘုရားရှင် အနီးကိုရောက်လာတော့ ခရီးဦးမကြိုဘဲ မနေနိုင်ဖြစ်သွားပါတယ်။ ဘယ်လိုလဲ၊ ငါ့ရှင် သင်က အစားပုံမှန် ပြန်စားတော့ အသရေတွေ တိုးနေပါလား၊ အရင်လို အသားမည်းကြီးမဟုတ်တော့ဘူးဆိုတော့ ကြည်ညိုတဲ့သူတွေ တော်တော်ပေါမယ်ထင်တယ်” ဘာညာနဲ့ ခရီးဦးကြိုပါတယ်။ ဘုရားရှင်က အဲဒီမှာ သဗ္ဗညုတဉာဏ်ရပြီးကြောင်း သက်သေအမျိုးမျိုးပြရပါတယ်။ ကောဏ္ဍညတို့ယုံသွားတော့ ဘုရားက တရားဟောပါတယ်။ အဲဒီအချိန်က (၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့် စနေနေ့ည လထွက်ချိန်ပါ။ ကောဏ္ဍညနဲ့ ဗြဟ္မာ ၁၈ ကုဋေကျွတ်တမ်းဝင်ပါတယ်။ ကောဏ္ဍညက ဘုရားရှင်ထံ ရဟန်းပြုခွင့်တောင်းပါတယ်။ ဘုရားရှင်က ဧဟိဘိက္ခု လို့ခေါ်လိုက်တယ်။ အဲဒီမှာ ရတနာသုံးပါး စတင် ပြည့်စုံခဲ့ပါတယ်။
တရားနာပါလျက် ကျွတ်တမ်းမ၀င်တဲ့ ပုဂ္ဂိုလ်ရှိတယ်ဗျ။ သူကတော့ နတ်ဘီလူးကြီး တစ်ဦးပါ။ နတ်ဆိုလည်း တစ်ပါးလို့ တွက်ပြလို့ရသေးတယ်။ ဘီလူးဆိုလည်း တစ်ကောင်လို့တွက်ပြရသေးတယ်။ ခုတော့ နတ်ဘီလူးဆိုတော့ဗျာ။ ဘယ်လိုပြောရမှန်းမသိဘူး။ သူတို့ဘ၀ကလည်း ဘယ်လိုပြောရမှန်းမသိတဲ့ အဖြစ်တွေပါ။ အရင် သုံးဆူမြောက်ပွင့်ခဲ့ ဘုရားရှင်လက်ထက်မှာ အဲဒီနတ်ဘီလူးက ရဟန်းကောင်းတစ်ပါးဗျ။ သူက အခု သူနဲ့ အတူနတ်ဘီလူးဖြစ်နေတဲ့ ရဟန်းနဲ့တွဲပြီး အမှုတစ်ခုကို မှားပြီးဆုံးဖြတ်ပေးလိုက်လို့ နတ်ဘီလူးဖြစ်နေရတာ။ ကဿပ ဘုရားရှင်လက်ထက်ကတည်းက တွဲလာကြတာဆိုတော့လည်း တစ်ယောက်နဲ့ တစ်ယောက်ခင်ကြတယ် ပေါ့ဗျာ။ သူက ဘုရားကို မမျှော်လင့်ဘဲတွေ့ပြီး တရားနာနေရင်း သူ့သူငယ်ချင်းကို သွားသတိရတယ်။ တရားနာနေတဲ့ သူတွေထဲ ငါ့သူငယ်ချင်း ပါရဲ့လားမသိဘူးလို့ရှာတယ်။ မတွေ့တော့ တရားမပြီးသေးခင် ထွက်သွားပြီး သူ့သူငယ်ချင်းကို အရှာထွက်တယ်။
သူ့သူငယ်ချင်းကို ရာဇဂြိုဟ်မြို့ပေါ်မှာ သွာတွေ့တယ်။ မင်းဘယ်လဲ ငါဘယ်လဲနဲ့ပေါ့။ ပြီးတော့ တရားနာရတဲ့ နတ်ဘီလူးက သူဘုရားနဲ့တွေ့ခဲ့ကြောင်းပြောပြီး ဘုရားရဲ့ ဂုဏ်တွေကို စပြောပါတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်ကတည်းက ကာဠီဆိုတဲ့ကိုယ်ဝန်သည်တစ်ယောက်ဟာ လေသာဆောင်ကနေ အနားယူနေတဲ့အချိန်။ သူမလည်း နတ်ဘီလူးတွေပြောနေကြတဲ့ ဘရားဂုဏ်ကိုကြားသွားပါတယ်။ (စကားမစပ် အဲဒီအချိန်ကတည်းက accident သီအိုရီပေါ်နေလောက်ပြီနော်။ မတော်တဆနှစ်မှုဖြစ်နေပြီလေ) သူမဟာ ဘုရားဂုဏ်ကိုကြားပြီးနောက် ဘုရားကို ကြည်ညိုသွားပါတယ်။ ကြည်ညိုရင်း ဘုရားဂုဏ်ကိုပွားတယ်။ သူမပေါ့။ ပထမဦးဆုံး သောတာပန်အမျိုး သမီးဆိုတဲ့ ၀ိသေသနကို ယူထားတာ။ နတ်ဘီလူးတွေကတော့ ဘုရားရှင်ကို ပြဿနာတွေ သွားလျှောက်တင်ပါတယ်။ ဘုရားရှင်ဖြေဆိုပြီးနောက် ခေါင်းဆောင်နတ်ဘီလူးနဲ့ ကျန်နတ်ဘီလူးပေါင်း ၁၀၀၀ ကျွတ်တမ်းဝင်ပါတယ်။ သောတာပန်တည်တယ်။
မှတ်မိသေးလားမသိဘူးဗျ။ ဒေ၀လရသေ့လေ။ သုဒ္ဓေါဒနကိုးကွယ်တဲ့ ရသေ့လေ။ အလောင်းတော် ငယ်ငယ်တုန်းက အလောင်းတော်ကို ကြည့်ပြီး ရယ်လည်းရယ် ငိုလည်းငိုတဲ့ ရသေ့လေ။ သူ့မှာ တူတစ်ယောက်ရှိပါတယ်။ သူက အလောင်းတော် ဘုရားဖြစ်ချိန်ကို မမီတော့ မီတဲ့ သူ့တူကို မှာထားခဲ့တယ်။ နောင် ၃၅ နှစ်ကြာရင် ဘုရားပွင့်လိမ့်မယ်။ အဲဒီဘုရားဆီမှာ သွားတပည့်ခံပါလို့မှာခဲ့ပါတယ်။ ဒီအကြောင်းကို သိတဲ့နတ်တပါးက ဒေ၀ိလရဲ့ တူတော် နာလက ကို မိဂါဒါဝုန်မှာ ဘုရားပွင့်ပြီဖြစ်ကြောင်းပြောလိုက်တယ်။ နာလက ချက်ချင်း မိဂါဒါဝုန်ကို ထွက်ခဲ့ပါတယ်။ အဲဒီနေ့က ၀ါဆိုလပြည့်ကျော် (၈) ရက်ပါ။ ဘုရားရှင်က သူ့ကို တရားဟော ပါတယ်။ တရားက မောနေယျအကျင့်ကိုအကျယ်တ၀င့်ရှင်းလင်းပြတာပါ။ သာသနာတိုင်းမှာ တစ်ပါးတည်းသော မောနေယျ အကျင့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်တစ်ဦးအမြဲတမ်းပေါ်ထွက်ပါတယ်။ ဒီသာသနာမှာတော့ မောနေယျအကျင့်ကို ကျင့်တဲ့ ပုဂ္ဂိုလ်ဟာ ထို နာလက မည်သော ပုဂ္ဂိုလ်ပါပဲ။