၃၃၄၅၆၉ ဆက်မြောက် မင်းအဖြစ် ကပ္ပိလ၀တ်ပြည်ကို အုပ်ချုပ်စိုးစံတဲ့ အလောင်းတော် သိဒ္ဓတ္ထဟာ နန်းသက် ၁၃ နှစ်မြောက် ဖြစ်တဲ့ ၉၆ ခုနှစ် ၀ါဆိုလပြည့်နေ့မှာ ရဟန္တာဗြဟ္မာကြီးများ ဖန်ဆင်းတဲ့ သူအိုနိမိတ်ကို စတင်မြင်ခဲ့ပါတယ်။ ဖခင် သုဒ္ဓေါဒနကတော့ သားဖြစ်သူ နိမိတ်တစ်ပါးကို မြင်ပြီဆိုတာနဲ့ နတ်မကတဲ့ စည်းစိမ်တွေကို ဖန်တီးပေးပါတော့တယ်။ ဒါပေမယ့် နတ်တွေကြောင့် အလောင်းတော်ဟာ လေးလတစ်ကြိမ် နိမိတ်တစ်ပါးစီ မြင်ခဲ့ပါတယ်။ နောက်ဆုံး ရဟန်းနိမိတ်ကို မြင်တဲ့နေ့ဟာ ၉၇ ခုနှစ် ၀ါဆိုလပြည့် တနင်္လာနေ့ပါ။ အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ယသောဓရာက ရာဟုလာကို မျက်နှာမြင်ခဲ့ပါတယ်။
ညရောက်တော့ အလောင်းတော် စဉ်းစားတယ်။
အချစ်။ သို့မဟုတ် ကာမ။
အသားကို ပြောင်အောင် ခွာထားတဲ့ အရိုးကို အသားနံ့လေး ရရုံနဲ့ အသားရနိုး ဇွတ်ကိုက်နေတဲ့ ခွေးအိုကြီးနဲ့လည်းတူတယ်။
မီးလောင်နေတဲ့ မြက်စည်းကို လေညှာဘက် ယူပြေးနေတဲ့ ယောကျားနဲ့လည်းတူတယ်။ စသဖြင့် ၁၁ မျိုးအထိ တွေးမိလိုက်တယ်။
ဒီလိုနဲ့ နေမင်းကိုတောင် ၀ါးမျိုနိုင်တဲ့ ရာဟုနဲ့ တူတဲ့ နောက်ထပ် သားသံယောဇဉ်လည်း ပိုလာပြီဆိုတော့ အလောင်းတော် ဟာ တောထွက်တော့မယ် လို့ သန္နိဋ္ဌာန် ချလိုက်ပါတော့တယ်။ ဒါနဲ့ အပြင်ထွက်လာတော့ လှေကားခုံမှာ အိပ်နေတဲ့ ဆန္ဒကိုတွေ့တယ်။
“ဆန္ဒ၊ ထ ထ၊ ငါတောထွက်တော့မယ်။ မြင်းကောင်းကောင်းတစ်ကောင် ရှာခဲ့”
လို့ ဆန္ဒကိုစေခိုင်းလိုက်ပါတယ်။ ဆန္ဒဟာ ကဏ္ဋကမြင်းကို ယူပါတယ်။ အလောင်းတော် ကဏ္ဋကမြင်းကို စီးပြီး တောထွက်ခဲ့ပါတယ်။
တကယ်တမ်းဆို နန်းတွင်းကို ကာရံထားတဲ့ အုဋ္ဌ်တံတိုင်းဟာ ၁၈ တောင်မြင့်ပါတယ်။
ကဏ္ဋကမြင်း အတွေး….အကယ်၍သာ တံခါး ပွင့်မနေဘူးဆိုရင် ကျောပေါ်ကို အလောင်းတော်ထား အမြီးကို ဆန္ဒဆွဲစေပြီး ငါခုန်မယ်။
ဆန္ဒအတွေး …. တကယ်လို့ တံခါး ပွင့်မနေဘူးဆိုရင် အလောင်းတော်ကို တစ်ဖက် မြင်းကို တစ်ဖက်ကိုင်ပြီး အုတ်တံတိုင်းကို ငါခုန်မယ်…တဲ့။
ဒါပေမယ့် နတ်တွေက တံခါးဖွင့်ထားတဲ့အပြင် ခွာသံကို မကြားအောင် လက်ဝါးနဲ့ ခံထားပေးခဲ့ပါသေးတယ်။
အကျဉ်းပြောရရင် အနောမာမြစ်ဟိုဘက်ကမ်းကို ရောက်သွားခဲ့ပါတယ်။
အလောင်းတော်ဟာ ဆံတော်ကို ဖြတ်ပြီး တကယ်လို့ ငါဘုရားဖြစ်ခဲ့ရင် အထက်သို့ တက်စေ ။ မဖြစ်ခဲ့ရင် အောက်သို့ကျစေ ဆိုပြီး အဓိဋ္ဌာန်လိုက်ပါတယ်။ ဆံပင်ဟာ အထက်ကို တက်သွားပါတယ်။ သိကြားက ဆံပင်ကို ယူပြီး စူဠာမဏိ စေတီ အဖြစ် ကိုးကွယ်ထားတယ်။
ငယ်သူငယ်ချင်းလို့ ပြောရမလား။ အရင်ဘ၀က သူငယ်ချင်းလို့ ပြောရမလား။ ဃဋိကာရ ဗြဟ္မာက အလောင်းတော် တောထွကင်တာကို ကြားတာနဲ့ ကမ္ဘာဦးကတည်းက ပေါ်နေခဲ့တဲ့ သင်္ကန်းကိုယူပြီး အလောင်းတော်ဆီ ဆင်းလာခဲ့ပါတယ်။ ပြီးတော့ သင်္ကန်းကို ကပ် ၀တ်လဲတော်ကို ယူပြီး ဗြဟ္မာပြည်မှာ ဒုဿစေတီတည် ကိုးကွယ်ခဲ့ပါတယ်။