• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဗုဒ္ဓဖြစ်စဉ် (၂၂)

ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာကျောင်းမှာ သီတင်းသုံးနေစဉ် သစ္စကပရိဗိုဇ်က ဘုရားရှင်နှင့် ၀ါဒပြိုင်ဖို့ ရောက်လာပါတယ်။ သစ္စကပရဗိုဇ်က သူ့ဝါဒကို ရေရွတ်လိုက်ရင် သဗ္ဗညုလို့ဝန်ခံတဲ့ ပုဂ္ဂိုလ်မပြောနဲ့ အသက်မဲ့တဲ့ ကျောက်တိုင်တောင်မှ တုန်လှုပ်ရပါတယ်လို့ ကြုံးဝါးထားသူ ဖြစ်ပါတယ်။ အဲလိုပြောနိုင်လောက်အောင်လည်း သူက သာသနာပ၀ါဒပေါင်းမြောက်များစွာကို တတ်မြောက်ထားသူဖြစ်ပါတယ်။ သူအခု ဘုရားရှင်နဲ့ ၀ါဒပြိုင်ဖို့ လိစ္ဆ၀ီအစည်းအဝေးကို သွားပြီး လူစုလိုက်ပါပြီ။

သစ္စကအကြောင်းက ဒီလို။ တစ်ခါက ၀ါဒငါးရာစီကို ပိုင်ဆိုင်ထားတဲ့ ပရိဗိုဇ်နှစ်ယောက်ဟာ တစ်မြို့ဝင် တစ်မြို့ထွက် ၀ါဒပြိုင်ရင်း မင်းဆက်ပေါင်း ၇၇၀၇ ဆက်အုပ်ချုပ်နေတဲ့ လိစ္ဆ၀ီတို့နေတဲ့မြို့ကို ရောက်ခဲ့ကြတယ်။ ပရိဗိုဇ်နှစ်ယောက် ၀ါဒပြိုင်ကြတယ်။ ဘယ်သူ့ဝါဒကိုမှ ဘယ်သူ မဖြေဆိုနိုင်ပါဘူး။ ဒါကို လိစ္ဆ၀ီတို့က ဒီနှစ်ယောက်သာ ငါတို့မြို့မှာရှိရင် ငါတို့မြို့ဂုဏ်တက်မှာပဲလို့ တိုင်ပင်ပြီး ၀ါဒပြိုင်တဲ့သူကိုကြည့်လိုက်တော့ ယောင်္ကျားပျိုနှင့် မိန်းမပျိုဖြစ်နေတာနဲ့ အတူပေါင်းသင်းစေပြီး ဒီမြို့မှာနေထိုင်ဖို့ နေရာတွေ စီမံပေးလိုက်ပါတယ်။ သူတို့ ညားကြတော့ သမီးလေးယောက်နှင့် သားတစ်ယောက် ထွန်းကားပါတယ်။ သစ္စကက သူတို့ရဲ့ သားထွေးလေးပေါ့။

သမီးလေးယောက်က သာဝကဝေနေယျမို့ အရှင်သာရိပုတ္တရာက ခြွေချွတ်တော်မူခဲ့ပါတယ်။ သမီးလေးယောက်ကလည်း မခေပါဘူး။ အရွယ်ရောက်စကတည်းက မိဘနှစ်ပါးရဲ့ ၀ါဒငါးရာစီကို ပိုင်ဆိုင်ထားသူတွေပါ။ မိဘတွေ ကွယ်လွန်ပြီးနောက်ပိုင်း နယ်တကာလှည့်ပြီး ၀ါဒဆရာတွေများစွာနဲ့ ၀ါဒလိုက်ပြိုင်နေကြသူတွေလည်း ဖြစ်ပါတယ်။ ၀ါဒတွေ လိုက်ပြိုင်ရင်း မြို့တစ်မြို့အရောက် မြို့အ၀င်မှာ သဲပုံမှာသပြေခက်စိုက်ပြီး “ငါတို့နဲ့ ၀ါဒပြိုင်မယ့်သူတွေ ဒီသပြေခက်ကို ဖျက်ဆီးစေ” ဆိုပြီး မြို့ထဲဝင်ခဲ့ကြတယ်။ အရှင်သာရိပုတ္တရာက အဲဒီနေ့ ကျောင်းမှာ ရေအိုးစင်ရေဖြည့်၊ တံမျက်လှည်း၊ ဂိလာနတွေကို ပြုစုရတာမို့လို့ မြို့ထဲ ဆွမ်းခံဝင်နည်းနည်း နောက်ကျနေတယ်။ မြို့အ၀င်မှာ ကလေးတွေ ဆော့နေတဲ့ကြားက ဘယ်သူမှ မထိတဲ့ သပြေခက်ကို သတိထားမိလိုက်တယ်။ ကလေးတွေကို သပြေခက် အကြောင်းမေးတယ်။ ကလေးတွေကလည်း ပရိဗိုဇ်မလေးယောက်က သူနဲ့ ၀ါဒပြိုင်မယ့်သူဆိုရင် ဒီသပြေခက်ကို ဖျက်ဆီးနိုင်တာကို မှာသွားကြောင်း လျှောက်ထားတယ်။ ဒါဆို အဲဒီသပြေခက်ကို ဖျက်လိုက်ပါလို့ ကလေးတွေကို ခိုင်းလိုက်တယ်။ ကလေးတွေက ကြောက်နေသေးပေမယ့် ရှင်သာရိပုတ္တရာက ခပ်ရဲရဲပဲ ဖျက်လိုက်ဖို့ အကြောင်းကို ပြောတာနဲ့ ကလေးတွေက ဖျက်လိုက်ပါတယ်။

ဒီလိုနဲ့ သစ္စာ လောလာ အ၀ဓာရိကာနှင့် ပဋိစ္ဆာဒါတို့ ညီအစ်မလေးယောက် ကျောင်းကိုလာနေပြီဆိုတာ သိတာနဲ့ အရှင်သာရိပုတ္တရာက ကျောင်းထဲမှာ မာတုဂါမတွေနဲ့ မသင့်တော်ဘူးဆိုပြီး ဓမ္မာရုံလို လူအများမြင်နိုင်တဲ့ နေရာမှာ ထိုင်စောင့်နေလိုက်တယ်။ ရောက်လာတော့ ညီမလေးဖော်က
“တပည့်တော်တို့ရဲ့ သပြေခက်ကို အရှင်ဘုရား ဖျက်ဆီးခိုင်းပါသလား” လို့မေးတယ်။
ရှင်သာရိပုတ္တရာက ၀န်ခံတယ်။
“ဒါဆို အရှင်ဘုရားနဲ့ တပည့်တော်တို့ ၀ါဒပြိုင်ရတော့မှာပေါ့၊ ဘယ်သူ အရင်စမေးရမလဲဘုရား” လို့ ညီမလေးဖော်က လျှောက်တယ်။
“သင်တို့က မိန်းကလေးဆိုတော့ သင်တို့ပဲ စမေးပါ” လို့ သာရိပုတ္တရာက လမ်းဖွင့်တယ်။ အဲဒီနောက် သာရိပုတ္တရာက ညီမလေးဖော်မေးတဲ့ ၀ါဒတစ်ထောင်လုံးရဲ့ ပုစ္ဆာကို ကြာရိုးကို ဓားထက်ထက်နဲ့ ဖြတ်သလို တိခနဲ ပြတ်အောင် ရှင်းလိုက်တယ်။
“ဆက်မေးပါဦး”
ရှင်သာရိပုတ္တရာက မေးခွန်းထပ်တောင်းတယ်။
“တပည့်တော်တို့ မေးစရာ မရှိတော့ပါဘူးဘုရား”
ညီမလေးဖော်က လျှောက်တယ်။
“ဒါဆို ငါမေးတဲ့အလှည့်ပေါ့”
ရှင်သာရိပုတ္တရာက အဲလိုမိန့်တော့ ညီမလေးဖော်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တယ်။
“တပည့်တော်တို့ ဖြေနိုင်ရင် ဖြေပါ့မယ်ဘုရား” လို့ မတင်မကျ ပြန်လျှောက်တယ်။
“ငါမေးမယ့် မေးခွန်းက ဒီနေ့မှ ၀တ်လာတဲ့ ကိုရင်တောင် ဖြေနိုင်ပါတယ်၊ ဒါကို သင်တို့ဖြေပါ၊ တစ်ခုတည်းသော တရားဟာ ဘာတရားလဲ” လို့ ရှင်သာရိပုတ္တရာက မေးပါတယ်။
အတော်ကြာတော့ တစ်ယောက်က ထလျှောက်တယ်။
“တပည့်တော်တို့ မသိပါဘုရား”တဲ့။
“ဒါဆို ဘယ်သူနိုင်ပြီး ဘယ်သူရှုံးပါသလဲ”
ပရိဗိုဇ်မလေးတွေမှာ သူတို့ရဲ့ မိဘအမှာစကားလေး ပါလာပါတယ်။ အဲဒါကတော့ ၀ါဒချင်းပြိုင်လို့ ရှုံးခဲ့ရင် အဲဒီဝါဒရှင်က ယောက်ျားဖြစ်ရင် လင်ယောကျာ်းအဖြစ် ပြုစုပါ။ ရဟန်းဖြစ်ရင် တပည့်အဖြစ် နေပါဆိုတဲ့စကားပါ။ သူတို့ မိဘရဲ့ စကားကို သူတို့ လိုက်နာရပါပြီ။
“တပည့်တော်တို့ကို တပည့်အဖြစ် လက်ခံပါဘုရား”
“အိမ်း” ဆိုပြီး သာရိပုတ္တရာဟာ ညီမလေးဖော်ကို မိထွေးတော်ဂေါတမီဆီ လွတ်လိုက်ပါတယ်။ သူတို့ဟာ မကြာမတင်မှာပဲ ရဟန္တာမတွေ ဖြစ်သွားကြပါတယ်။

သစ္စကက ဘုရားရှင်နဲ့ ၀ါဒပြိုင်ချင်နေတာတော့ ကြာပါပြီ။ ဘုရားရှင် ဘယ်လိုဝါဒကို လက်ကိုင်ထားမှန်း မသိသေးလို့။ ဒါပေမယ့် တစ်နေ့တော့ သစ္စက အခွင့်သာသွားတယ်။ ဘုရားရှင်ရဲ့ သာဝကကြီးအဿဇိမထေရ် ဆွမ်းခံချိန်နဲ့ သူလမ်းလျှောက်ချိန်သွားတိုးတာကိုး။
“အရှင်ဘုရား ၊ အရှင်ဘုရားတို့ရဲ့ ဆရာက အရှင်ဘုရားတို့ကို ဘယ်လို ဆုံးမသလဲဘုရား”
“ရုပ်နာမ်အားလုံးတို့သည် အနတ္တ၊ ရုပ်နာမ်အားလုံးတို့သည် အနိစ္စလို့ ဆုံးမပါတယ်တကာ”
“တင်ပါ ကျေးဇူးတင်ပါတယ်ဘုရား”
အရှင်အဿဇိက ဒုက္ခကို ချန်ထားပြီး ဖြေလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ဒုက္ခဆိုရင် အရှင်ဘုရားတို့ အခုလို ရဟန်းဝတ်နေတာ ဒုက္ခပဲ မဟုတ်လား”လို့ စောဒနာဖွယ်ရှိလို့ပါ။ (စောဒနာ – အပြစ်တင်သည်)
သစ္စက ကြိတ်ပြုံးလိုက်တယ်။ ၀မ်းသာလွန်းလို့ လိစ္ဆ၀ီတွေ စည်းဝေးတဲ့နေရာကိုတောင် ဘယ်လိုလုပ်ရောက်လာမှန်း မသိဘူး။
“လိစ္ဆ၀ီတို့ လာကြ လာကြ၊ ငါ ဂေါတမနဲ့ဝါဒပြိုင်သွားမယ်။ ဂေါတမကို သူ့ဝါဒတွေကို အပြစ်တင်ပြီး အမျိုးမျိုးကစားပြလိုက်စမ်းမယ်”
လိစ္ဆ၀ီတို့ မျက်ခုံးကိုပင့်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ ဘယ်လိုလဲလို့ မေးတွေနဲ့ မေးကြတယ်။ ခေါင်းကို အသာညိတ်ကြတယ်။ လိစ္ဆ၀ီတွေ အိမ်ပြန်ပြီး ပြင်ဆင်ကာ စည်းဝေးရာဇရပ်ကို လာကြတော့ သူလည်းစိတ်ဝင်စား ငါလည်းစိတ်ဝင်စားဖြစ်သွားတယ်။ တော်တော်များများ လိုက်လာကြတယ်။ ဘုရားရှင်က မိုးသောက်ယံအချိန်မှာ စကြာဝဠာတိုက်တစ်သောင်းကို သဗ္ဗညုတဉာဏ်နဲ့ ဆင်ခြင်ကြည့်လိုက်တော့ ဒီနေ့မှာ သစ္စကဟာ ပရိသတ်များစွာနဲ့ ၀ါဒလာပြိုင်မယ်ဆိုတာကို ဆင်ခြင်တော်မူမိတဲ့အတွက် နေ့သန့်ရာအဖြစ် မဟာဝုန်တောထဲက သစ်ပင်တစ်ပင်ရင်းအောက်ကိုပဲ ရွေးချယ်လိုက်တယ်။ ကျောခင်းခြင်းမပြုတဲ့ဓုတင်ကို ဆောင်တဲ့ရဟန်းအချို့က ဘုရားရှင်ကို ဝေယျာဝစ္စပြုစုပေးပြီး ကျောင်းထဲ စင်္ကြပြန်လျှောက်နေချိန် သစ္စကတို့ရောက်လာတယ်။ ဘုရားရှင် ဘယ်မှာသီတင်းသုံးလဲလို့ မေးလျှောက်တော့ ရဟန်းတွေက ချက်ချင်းညွန်ပြလိုက်တယ်။ ဘုရားရှင်ရှိရာဆီ သစ္စက ရောက်လာတယ်။
“အကယ်၍ အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် တပည့်တော် နည်းနည်းမေးချင်တယ်ဘုရား”
“မေးပါ အဂ္ဂိဝေဿန”
ဘုရားရှင်က သစ္စကရဲ့ အနွယ်အမည်ကို ခေါ်လိုက်ပါတယ်။
“အရှင်ဘုရားရဲ့ တပည့်ရဟန်းသံဃာတွေကို အရှင်ဘုရား ဘယ်လိုများ ဆုံးမသလဲဘုရား”
ဘုရားရှင်က အဿဇိဖြေထားတဲ့ အဖြေကို သဗ္ဗညုတဉာဏ်နဲ့ သိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်
“ရဟန်းတို့ ရုပ်နာမ်တို့သည် အနတ္တ အစိုးမရ၊ အနိစ္စမမြဲဘူးလို့ ဆုံးမပါတယ် အဂ္ဂိဝေဿန”
“ဟောဒီ ကမ္ဘာမြေကြီးအခိုင်အမာပေါ်မှာ မှီပြီးတော့မှ သစ်ပင်တွေ ပေါက်နိုင်တယ်။ လုပ်ချင်တာ လုပ်နိုင်ပါတယ်ဘုရား၊ တစ်စုံတစ်ရာ အခိုင်အမာမရှိဘဲ ဘာမှ မဖြစ်နိုင်ဘူးဘုရား၊ အဲဒီလိုပဲ တပည့်တော်တို့ရဲ့ ခိုင်မြဲတဲ့ ခန္ဓာကိုယ်ကို မှီတည်ပြီးတော့မှ ပြုလုပ်တဲ့ကံက ဖြစ်ပေါ်ရမှာပေါ့ဘုရား၊ အရှင်ဘုရားဟာ တပည့်ရဟန်းသံဃာတွေကို မသင့်တော် မအပ်စပ်တဲ့စကားတွေနဲ့ ဆုံးမနေတာဟာ သိပ်ကို မှားယွင်းနေပါတယ်ဘုရား”
“ရုပ်နာမ်ကို ခိုင်မြဲတယ် အတ္တ၊ တည်တံ့တယ်အနိစ္စလို့ သင်ပြောချင်တာလား အဂ္ဂိဝေဿန”
“တပည့်တော်မှ မဟုတ်ပါဘူးဘုရား၊ အားလုံးက အဲလို သိပါတယ်ဘုရား”
သစ္စကဟာ ဘုရားရှင်ရဲ့ အဖြေကို သူတစ်ယောက်တည်း ခေါင်းမခံပါဘူး။ အားလုံးကို သေဖော်ညှိလိုက်ပါတယ်။ အဲလို ခေါင်းဆောင်ဆရာမျိုးကို သတိထားသင့်ပါတယ်။
“အားလုံးကို ငါမေးခြင်းမဟုတ်၊ သင့်ကိုသာ ငါမေးချင်းဖြစ်တယ် သင်ကသာလျှင် ငါဘုရားကို ၀ါဒပြိုင်မယ်ဆိုပြီး ရောက်လာသူဖြစ်ပါတယ် အဂ္ဂိဝေဿန”
“မှန်ပါ တပည့်တော်ကတော့ ရုပ်နာမ်ဟာ အတ္တ နိစ္စလို့ ဆိုပါတယ်ဘုရား၊ ဒါကလည်း တပည့်တော်က အမှန်ကို အရှင်ဘုရားအနေနဲ့ သိအောင်လျှောက်ပြတာပါဘုရား”
“ဒါဆို သင့်ကို ငါမေးပါဦးမယ် အဂ္ဂိဝေဿန”
“မေးပါဘုရား”
“ကောသလမင်းနဲ့ အဇာတသတ်မင်းဟာ သူ့နိုင်ငံမှာ နေထိုင်တဲ့ တိုင်းသူပြည်သားများအပေါ် နှင်ထုတ်သင့်သူကိုနှင်ထုတ်ခြင်း၊ ရိုက်ပုတ်သင့်သူကို ရိုက်ပုတ်ခြင်း၊ ထောင်ချသင့်သူကို ထောင်ချခြင်း၊ သတ်ဖြတ်ထိုက်သူကို သတ်ဖြတ်ခြင်း ပြုနိုင်ပါသလား အဂ္ဂိဝေဿန”
“ပြုနိုင်တာပေါ့ဘုရား”
အဂ္ဂိဝေဿနနွယ်ဖွား သစ္စကဟာ သူ့လည်ပင်းကိုဖြတ်မယ့်ဓားကို သူကိုယ်တိုင် ထက်အောင် ပြန်သွေးလိုက်တယ်။
“ဒါဆို သင်အစိုးရတဲ့ မြဲမြံခိုင်ခံ့တဲ့ သင်ရုပ်အပေါ်လည်း သင်အာဏာထားနိုင်မှာပေါ့ အဂ္ဂိဝေဿန”
ငုတ်တုတ်။ တစ်ကြိမ် ၊ နှစ်ကြိမ် သစ္စကဟာ ငုတ်တုတ်လေး ထိုင်နေလိုက်ပါတော့တယ်။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်တော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ ပါရမီအဟုန်ကြောင့် ဘုရားရှင်ကို ညဉ်းဆဲသူမှန်သမျှဟာ ခေါင်းခုနှစ်စိတ်ကွဲရပါတယ်။ ဒါကြောင့် ဘုရားရှင်ဟာ သစ္စကို မေးခွန်းပုံစံ ပြောင်းမေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားရှင်က သူ့ဝါဒကို မဖြေတာနဲ့ သစ္စကခေါင်းကို ခွဲပစ်လိုက်တယ်လို့ လူတွေထင်ကုန်မှာ စိုးလို့။
“သင် ဆိတ်ဆိတ်နေရမယ့် အချိန်မဟုတ်တော့ဘူး အဂ္ဂိဝေဿန”
သစ္စကဟာ တင်းခံမြဲတင်းခံနေတာကြောင့် သဟမ္ပတိဗြဟ္မာက ဘုရားရှင်ကို တရားဟောပါလို့ တောင်းပန်စဉ်က တပည့်တော်လည်း အရှင်ဘုရားသာသနာအတွက် တစ်တပ်တစ်အား ကူညီပါ့မယ်ဘုရားလို့ လျှောက်ထားဖူးတဲ့ သိကြားမင်းရောက်လာပါတယ်။ တင်းပုတ်ကြီးကို ကိုင်ထားတဲ့ ဘီလူးပုံစံနဲ့ ရိုက်မယ်နက်မယ် တကဲကဲအသွင်နဲ့ပေါ့။ ဒါကို သစ္စကနဲ့ ဘုရားရှင်ပဲ မြင်ပါတယ်။ သစ္စကက သူများများ မြင်သေးလားလို့ နောက်ပြန်လှည့်ကြည့်သေးတယ်။ အားလုံးက အေးဆေးပဲ။ ဒီအချိန်မှ ဘီလူကြီးလို့ ထအော်ရလောက်အောင်ကလည်း “ခင်ဗျားပဲ မျက်လုံးရှိတာ ကျနေတာပဲ၊ ရှုံးရင် ရှုံးတယ်ပေါ့” ဘာညာနဲ့ ၀ိုင်းအပြစ်တင်မှာ သေချာတယ်။ ဘီလူးကြီးကလည်း တကယ့်ကြောက်စရာ။ မေးခွန်းကို မဖြေရင် တကယ်ရိုက်မယ့်ပုံ။ ပညာတွေ များလွန်းလို့ ပေါက်ကွဲထွက်မှာ ကြောက်ပြီး သံပြားတွေနဲ့ ကာထားရတဲ့ ဗိုက်ထဲကလည်း အူတွေ ပြောင်းပြန်လှန်ကုန်ပြီ။ အားကိုးရာ ရှာလိုက်တော့ ဘုရားပဲ ရှိတော့တယ်။ အဲဒီအချိန်မှာဘဲ ဘုရားရှင်ဟာ တတိယမေးခွန်းကို မေးလိုက်ပါတယ်။
“မြဲမြံခိုင်ခံ့တည်တံ့တဲ့ သင့်ရုပ်သင့်နာမ်အပေါ် သင်အာဏာထားနိုင်ပါသလား အဂ္ဂိဝေဿန”
“မှန်ပါ ဘုရား၊ မထားနိုင်ပါဘူးဘုရား”
“စဉ်းစားပါဦး အဂ္ဂိဝေဿန၊ သင့်စကားတွေ ရှေ့နောက် မညီဘူး”
“မှန်ပါ ဒီရုပ် ဒီနာမ်အပေါ် တကယ်ပဲ အာဏာ မထားနိုင်ပါဘူးဘုရား”
“ထပ်မံ စဉ်းစားပါဦး အဂ္ဂိဝေဿန၊ သင့်စကားတွေ ရှေ့နောက်မညီဘူး”
“တပည့်တော် ၀န်ခံပါတယ်ဘုရား၊ ရုပ်နာမ်အပေါ် အာဏာမထားနိုင်ပါဘူးဘုရား”
ဘုရားရှင်က အဲဒီမှာ အနိစ္စ အနတ္တ အပြင် ဒုက္ခကိုပဲ ဆက်ဟောပါတယ်။
“သင် အာဏာမထားနိုင်တဲ့ သင့်ရုပ်သင့်နာမ်ဟာ ချမ်းသာ သလား ဆင်းရဲသလား အဂ္ဂိဝေဿန”
“မှန်ပါ၊ ဆင်းရဲကြောင်းပါဘုရား”
“အဂ္ဂိဝေဿန၊ သင်ပြောတော့ သင်ဝါဒကို ရေရွတ်လိုက်ရင် သဗ္ဗညုတအဖြစ် ၀န်ခံတဲ့သူမပြောနဲ့ ထုံးသုတ်ထားတဲ့တိုင်တွေတောင် တုန်လှုပ်ရတယ်၊ လူဆိုရင် ချွေးတီးတီးကျပြီး အူပြောင်းပြန်လှန်သွားရတယ်ဆို အခု ငါ့ကိုယ်တော်မှာ ချွေးတစ်စက်မှ မရှိပါဘူး”
ဘုရားရှင်က ရုံထားသော သင်္ကန်းကို လှစ်ဟပြီး လက်ကတီးကို ပြတော်မူပါတယ်။ လိစ္ဆ၀ီအချို့ဟာ သစ္စကကို အမြင်တော်တော်ကပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာကြီးစတိုင် တအားလုပ်လွန်းလို့။ သူသိ သူတတ်လုပ်လွန်းလို့။ ဒါကြောင့် လိစ္ဆ၀ီတစ်ယောက်က ဘုရားရှင်ကို ခွင့်တောင်းတယ်။
“တပည့်တော် ဥပမာလေးတစ်ခု လျှောက်ပါရစေဘုရား”
“သင့် ဥပမာကို လူအလယ်မှာ ထင်ရှားပါစေ”
“ကလေးတွေ ရေထဲက ဂဏန်းကိုဖမ်းပြီး ကုန်းပေါ်တင်၊ ပြီးတော့ ခြေတွေ အကုန်ချိုးလိုက်တဲ့အခါ ဂဏန်းဟာ ရေထဲ ပြန်မဆင်းတတ်တော့သလို အခု သစ္စကဟာ အဲလိုဖြစ်နေတယ် ဘုရား”
“တိတ်စမ်း ဒုမ္မုခ၊ မင်းအတော်ရိုင်းတယ်၊ အလိုက်ကန်းဆိုး မသိတတ်ဘူး” လို့ သစ္စကက ထငေါက်ငမ်းတယ်။ ဆရာအရှိန်နဲ့မို့ လိစ္ဆ၀ီလေး ငြိမ်ကျသွားတယ်။ အခြား လိစ္ဆ၀ီတွေလည်း သစ္စကကိုတွယ်ချင်နေကြတာပါ။ အခွင့်မသာလို့။
“ခုနက အရှင်ဘုရားကို တပည့်တော် ဘာတွေ ရောင်ရမ်းပြီး ပြောမိမှန်း မသိဘူးဘုရား၊ အရှင်ဘုရားရဲ့ တပည့်တွေကို ယုံမှားခြင်းကင်းအောင် ဘယ်လို နေထိုင် ကျင့်ကြံစေပါသလဲဘုရား”
“ဤရုပ်ဟာ အနတ္တ၊ ဒုက္ခ၊ အနတ္တလို့ ၀ိပဿနာရှုခိုင်းပြီး နေထိုင်စေပါတယ်။ အဲလိုနေထိုင်ရင် အယူဝါဒတွေအပေါ် သံသယ မ၀င်တော့ပါဘူး အဂ္ဂိဝေဿန”
“ဘယ်လို ဆက်လက်ကျင့်ကြံရင် ရဟန္တာဖြစ်ပါသလဲ ဘုရား”
“ရဟန်းတို့ ဖြစ်ပြီး ဖြစ်လတံ့ ဖြစ်ဆဲ အတွင်း အပ အကြမ်း အနု အညံ့ အကောင်း အဝေး အနီး ဒီတရားစုတွေဟာ ငါမဟုတ်၊ ငါ၏ အတ္တမဟုတ်လို့ ကြာမြင့်စွာ ၀ိပဿနာရှုရင် ရဟန္တာဖြစ်ပါတယ် အဂ္ဂိဝေဿန”
(ဘုရားဟောတဲ့ တရားကို ဆက်ရေးရင် ရှည်သွားမှာမို့လို့ ချန်ခဲ့ပါတယ်)

အဆုံးမှာ သစ္စကဟာ ဘုရားကို ယုံကြည်ဆည်းကပ် ကိုးကွယ်ပါတယ်။ ပြီးတော့ နောက်တစ်နေ့မှာ ဘုရားရှင်ကို ဆွမ်းစားပင့်ပါတယ်။ ဘုရားရှင်က ဆိတ်ဆိတ်နေ ၀န်ခံတော်မူပါတယ်။ သစ္စက ဆွမ်းစား ပင့်ပုံက ဒီလို။
“အရှင်ဘုရား တပည့်တော်က အရှင်ဘုရားနဲ့ ၀ါဒပြိုင်သင့်တယ် လို့ ထင်မှတ်မှားခဲ့တယ် ဘုရား၊ ဘယ်လိုလဲ ဆိုတော့ မုန်ယိုနေတဲ့ဆင်ကို တပည့်တော်က ကစားလို့ ရတယ်လို့ ထင်ခဲ့တယ်ဘုရား၊ အလျံညီးညီးတောက်နေတဲ့ မီးကို တပည့်တော်က ကစားလို့ ရတယ်လို့ ထင်ခဲ့မိတယ် ဘုရား။ အဆိပ်ပြင်းတဲ့မြွေကို တပည့်တော်က ကစားလို့ ရတယ်လို့ထင်ခဲ့တယ်ဘုရား၊ တပည့်တော် အပြစ်ကို ချေဖျက်တဲ့အနေနဲ့ အရှင်ဘုရားကို ဆွမ်းကပ်ချင်ပါတယ်ဘုရား” တဲ့။
ဒါပေမယ့် သစ္စကက တကယ်လုပ်တာ မဟုတ်ပါဘူး။ မြို့ထဲလည်း ပြန်ရောက်ရော လိစ္ဆ၀ီမင်းသားအပေါင်းကို ခေါ်ပြီး “မင်း ဘာပစ္စည်းယူခဲ့၊ မင်းဘာလုပ်” ဆိုပြီး လူစုံအောင် လိုလေသေး မရှိအောင် ခိုင်းလိုက်တာပါ။ ဘုရားရှင်ကို သူကိုယ်တိုင် ဆွမ်းစားပင့်ခဲ့ပါတယ်။ ဘုရားရှင် ကြွလာပြီး ဆွမ်းစားလို့ အနုမောဒနာတရား ဟောကြားမယ် လုပ်တဲ့အခါ သစ္စကက
“ဤကောင်းမှု ကုသိုလ်ကို လိစ္ဆ၀ီမင်းအပေါင်းတို့အား ထင်ရှားပါစေဘုရား” လို့ လျှောက်ပါတယ်။ ဟုတ်တယ်လေ။ အလှူက သူလုပ်တာမှ မဟုတ်တာ။ သစ္စက လုံးဝလိမ္မာသွားပြီလေ။ သူမလုပ်တဲ့အလှူကို ကုသိုလ်ကို ဘယ်သူရစေသင့်တယ်ဆိုတာ သူသိသွားပြီ။
“၀တ္ထုကို ပေးလှူသော လိစ္ဆ၀ီအပေါင်းတို့အား ကုသိုလ်သည် ထင်စေ၊ အလှူလုပ်ဖို့ရာတိုက်တွန်းတဲ့ သင့်အားလည်း အလှူကုသိုလ်ထင်စေ” လို့ ဘုရားရှင်က ပြန်လည် မိန့်ကြားပါတယ်။

အဲဒါကို စူဠသစ္စကသုတ်လို့ ခေါ်ပါတယ်။ ဘုရားရှင်က သစ္စကကို နောက်ထပ် တရားတစ်ပုဒ် ဆက်ဟောပါတယ်။ အဲဒီတရားကို မဟာသစ္စက သုတ်လို့ ခေါ်ပါတယ်။ တရားအဆုံးမှာ သစ္စကဟာ သောတာပတ္တိမဂ်လည်းမရ၊ ဖိုလ်လည်းမရ၊ ဘာမှလည်းမရပါဘူး။ သစ္စကဟာ ကျွတ်ထိုက်တဲ့ ပုဂ္ဂိုလ်စာရင်းထဲ မပါပါဘူး။ ဒါပေမယ့် ဘာလို့ ဟောကြားလိုက်ရသလဲဆိုတော့ သစ္စကမှာ တရားအထုံလေး ပါသွားအောင်လို့ ဟောကြားလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူအားလုံးဟာလည်း မဂ်ဖိုလ်ပေါက်ဖို့ မဟုတ်သည့်တိုင် စိတ်မပါသည့်တိုင် အထုံလေးပါအောင်တော့ တရားနာသင့် ဖတ်ရှုသင့်ပါကြောင်း။

Post navigation

ကထိန်
မဟာပုရိသလက္ခဏာတော် (၃၂) ပါး

Related Posts

  • နောင်တောင်း (၁)

  • 3 Box Analysis

  • ငါ​နေတဲ့​ကျောင်း

  • Ice Breaker (1)

  • လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၆)

  • လှူကြ ဒါန်းကြ ကြည်ညိုကြရာဝယ် (၅)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress