ကျွန်တော် ဗုဒ္ဓဖြစ်စဉ် ၂၁ ကိုရေးတာ ဒါပါ သုံးကြိမ်မြောက်ပါပဲ။ သွားသတိရတယ်။ မနှိုင်းကောင်း နှိုင်းကောင်း အဋ္ဌကထာရေးတဲ့ ရှင်မဟာဗုဒ္ဓဃောသကို။ သူ အဋ္ဌကထာရေးတော့ သုံးကြိမ်ရေးရတယ်။ ပထမအကြိမ်ရေးတယ်။ နတ်ဖွက်တယ်။ ဒုတိယအကြိမ်ရေးတယ်။ နတ်ဖွက်တယ်။ (ခုခေတ်အတွေးနဲ့ လှမ်းချိန်ကြည့်ကြပါစို့။ ပျူစောထီး ရှုးပျံကြီးကို ရှင်းတယ်ဆိုရာမှာ ရှုးပျံကြီးဆိုတာ တကယ့်ငှက်မဟုတ်ဘဲ သောင်းကျန်းနေတဲ့ လူဆိုးအုပ်စုရဲ့ အမည်လို့ သမိုင်းပညာရှင်တွေက ယူဆတယ်။ ဒီတော့ နတ်ဖွက်တယ်ဆိုတာကကော အခြားရဟန်းတွေက သိမ်းဆည်းပစ်လိုက်တာမျိုး ဖြစ်နိုင်တယ်။ ဘာကြောင့်ဆို သုံးကြိမ်မြောက် ပြန်ရေးပြီးတော့ အရင်ရေးတဲ့ စာစုကြီးပြန်ပေါ်လာတယ်။ သူတို့အားလုံး ရှေးရေးတဲ့စာ အလယ်ရေးတဲ့စာ နောက်ရေးတဲ့စာ ညီ မညီ တူ မတူ ကိုက်ကြည့်တယ်။ သုံးကြိမ်လုံးရေးတဲ့စာက လုံးဝတစ်ထပ်တည်းဖြစ်နေတော့ သူတို့ လက်ခံဖို့ သဘောတူခဲ့တယ်။ ဒါမျိုး ဘာလို့လုပ်ရလဲဆိုတော့ ဘုရားရှင်ရဲ့ နှုတ်ကပတ်တော်ကို အကျယ်ဖွင့်တဲ့စာမို့ပဲ။ မှားသွားရင် နောင်လာနောက်သားတို့ရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာ အနေအထားပါ။ ကျွန်တော်ကတော့ နတ်ဖွက်တယ်ဆိုတာကို ယုံပါတယ်။ ဘာလို့ဆို ဗုဒ္ဓကျမ်းစာများကို သူက ဖွင့်ဆိုမယ့် ကျမ်းစဉ်ကြီးကို ရေးမှာကိုး။ ဘုရားသာသနာကို သိကြားမင်းက သဟမ္ပတိဗြဟ္မာက တရားဟောဖို့ လျှောက်တင်ကတည်းက သူ သာသနာကို စောင့်ရှောက်သွားပေးပါ့မယ်လို့ ဘုရားရှင်ကို လျှောက်ခဲ့ဖူးတယ်လေ။) ကျွန်တော်ဗုဒ္ဓဖြစ်စဉ် လေးကတော့ ကွန်ပျူတာ အပြောင်းအလဲရယ် စတစ်လေး ပျောက်တာရယ်ကြောင့်ပါ။
ဘုရားရှင်က မဟာသမယအစည်းအဝေးမှာ မဟာသမယသုတ္တန်နှင့် သမ္မာပရိဗ္ဗာဇနီယ အစရှိတဲ့ သုတ္တန်ကို ဟောကြားတော့ နတ်ဗြဟ္မာ ကုဋေခုနှစ်သိန်းကို အရဟတ္ထဖိုလ်ကို တည်စေပြီး မရေတွက်နိုင်သော နတ်ဗြဟ္မာများကို အောက်မဂ်အောက်ဖိုလ်တို့မှာ တည်စေခဲ့ပါတယ်။ အဲဒီနောက်ဘုရားရှင်က နှစ်ခုရှိတဲ့ မဟာဝုန်တောအနက် ဝေသာလီအနီးရှိ မဟာဝုန်တောက ကူဋာဂါရကျောင်းမှာ ပဉ္စမ၀ါကပ်တော်မူပါတယ်။ အဲဒီအချိန်မှာ ခမည်းတော်သုဒ္ဓေါဒနက ထီးဖြူအောက်မှာပဲ အရဟတ္ထဖိုလ်ဆိုက်လို့ ပရိနိဗ္ဗာန်ပြုခဲ့ပြန်ပါတယ်။ ဆိုတော့ နန်းတော်ထဲမှာ မိထွေးတော်ဂေါတမီနှင့်အတူ နှစ်ပြည်ထောင်ပေါင်း ရဟန်းဝတ်သွားသော ယောက်ျားငါးရာ၏ ဇနီးငါးရာတို့ ကျန်ရစ်ခဲ့တယ်။ သူမတို့က သူမတို့ယောက်ျားကို လူထွက်လာစေဖို့ သ၀ဏ်လွှာများပါးခဲ့ကြပေမယ့် ရဟန္တာများဖြစ်ကုန်ပြီ ဖြစ်တဲ့အတွက် အိမ်ယာတည်ထောင် လူ့ဘောင်နှင့် ငါတို့ မအပ်စပ်တော့ဘူး ဆိုတဲ့စကားလေးပဲ ပြန်ရတော့ သူမတို့အားလုံး မိထွေးတော်ဂေါတမီဆီ သွားပြီး နောက်တစ်ကြိမ် ဘုရားရှင်ဆီ ရဟန်းမ၀တ်ခွင့်ထပ်တောင်း ခိုင်းပြန်ပါတယ်။ ပထမအကြိမ် ဘုရားရှင် ကပိလ၀တ်ကို ကြွလာတုန်းက မိထွေးတော် ဂေါတမီ ရဟန်းမ၀တ်ခွင့်ပြုဖို့ သုံးကြိမ်တောင်းပန်ဖူးတယ်။ ဘုရားရှင် သုံးကြိမ်လုံးပယ်လေတော့ မိထွေးတော်ဂေါတမီက လက်မှိုင်ချခဲ့ရဖူးပြီ။ ဘာကြောင့်လဲ။ အမျိုးသမီးတွေဟာ ပေါ့ပေါ့ပျက်ပျက် သိပ်နိုင်လွန်းတယ်။ ရဟန်းမ၀တ်ခွင့် အလွယ်တကူရရင် ပညတ်တော်တွေကို မလေးမစားလုပ်မှာ သေချာလို့ပါပဲ။ ဒီတော့ မိထွေးတော်ဂေါတမီကတော့ ဒီတစ်ကြိမ်မှာ ကိုယ်တိုင်ပဲ ရဟန်းမအသွင် ယူလိုက်ဖို့ ဆုံးဖြတ်တယ်။ အဲဒီနောက် ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးငါးရာကိုလည်း ရဟန်းမ အသွင်ယူစေပြီး ဆင်မြင်းရထားတွေ စီးသွားရင် မရိုသေရာကျမှာစိုးလို့ ဆိုပြီး ခြေဖ၀ါးတွေ မြေပြင်ပေါ် ခရေပွင့်ဖြန့်ကြဲလိုက်သလို ပေါက်ပြဲတဲ့အထိ ယူဇနာပေါင်း ၅၁ ယူဇနာကို ခြေလျင် ခရီးထွက်ခဲ့ပါတယ်။ နှစ်ပြည်ထောင်စစ်သားတွေကတော့ လိုက်စောင့်ရှောက်ကြရတာပေါ့။ ဘုရားရှင် ရှိတဲ့ ကျောင်းကိုရောက်တော့ ကျောင်းထဲ မ၀င်ရဲဘူး။ ဘာလို့လဲ။ သူတို့ အသွင်ခိုးလာလို့ပေါ့။ ဒီခေတ်မှာ လူတစ်ယောက်ယောက်က သင်္ကန်းဝတ်ပြီး သူ့ကိုယ်သူ ရဟန်းလို့ပြောရင် ကိုရင်တစ်ပါးက သူ့ကိုယ်သူ ရဟန်းလို့ပြောရင် ပါရာဇိကကျတယ်လို့ သတ်မှတ်ပါတယ်။ ဘယ်လို ပါရာဇိကလည်းဆိုတော့ တကယ် ရဟန်းဝတ်ခွင့်မရှိတော့တဲ့ ပါရာဇိကပါ။ အဲတုန်းကတော့ ဘုရားရှင်က အဲဒီသိက္ခာပုဒ်ကို မပညတ်သေးပါဘူး။ ဒါပေမယ့် ဘုရားလိုပုဂ္ဂိုလ်က ခွင့်မပြုထားတဲ့ လုပ်ရပ်ကို ခိုးလုပ်ပြီဆိုမှတော့ မိထွေးတော်တို့ ဘယ်လိုလုပ် ကျောင်းထဲဝင်ရဲတော့မလဲ။ မိန်းမသားဖြစ်လေတော့ ခြေဖ၀ါးတွေနာ။ ကိုယ်လက်တွေ ညောင်းကိုက်။ အသွင်ယူထားတော့ ရှက်လည်းရှက်တာနဲ့ မုခ်ပေါက်ဝမှာ ထိုင်ငိုနေလိုက်တော့တယ်။ ဒါကို မြင်လိုက်သူက အာနန္ဒာ။
“အို မိထွေးတော် ဂေါတမီတို့ပါလား၊ ဘာဖြစ်လို့လဲ၊ သာကီမျိုးတွေ ပျက်စီးကုန်ပြီလား”
အာနန္ဒာက ထင်ရာ ဇွတ်ဇက်မေးလိုက်တယ်။
“မဟုတ်ပါဘူးဘုရား၊ တပည့်တော်တို့ကို ဘုရားရှင်က ရဟန်းမ ၀တ်ခွင့် မပေးသောကြောင့် ငိုနေရပါတယ် ဘုရား” လို့ ပြန်လျှောက်တယ်။ အာနန္ဒာက မပူပါနဲ့လို့ ပြောပြီး ဘုရားရှင်ထံ ၀င်ရောက်တောင်းပန်ပါတယ်။ ဘုရားရှင်က “မသင့်တော်ပါဘူး အာနန္ဒာ၊ ဒီသာသနာမှာ မာတုဂါမတို့ ရှင်ရဟန်းမ ပြုခြင်းကို မနှစ်သက်ပါနဲ့” လို့တားမြစ်တော်မူတယ်။ အာနန္ဒာက သုံးကြိမ်တိုင်တိုင် တောင်းပန်ပေမယ့် မရပါဘူး။ ဘုရားရှင်ကို ဘယ်သူကမှ သုံးကြိမ်တိုင်အောင် ဆုမတောင်းရဲပါဘူး။ ဒါကြောင့် အာနန္ဒာက မေးခွန်းနဲ့ မေးလိုက်ပါတယ်။
“မာတုဂါမတွေ သာသနာ့ဘောင်ထဲမှာ နေရင် တစ်မဂ် တစ်ဖိုလ် မရနိုင်ဘူးလားဘုရား”
“ရနိုင်ပါတယ် အာနန္ဒာ”
“ဒါဆိုဘုရား။ မိထွေးတော်ဂေါတမီဟာ အရှင်ဘုရားအပေါ် ကျေးဇူး အများကြီးရှိပါတယ်ဘုရား၊ တောင်းပန်ပါတယ်ဘုရား၊ မိန်းမတွေကို ရဟန်းမ ၀တ်ခွင့်ပေးပါဘုရား”
“အာနန္ဒာ မိထွေးတော် ဂေါတမီတို့ ယခု ငါဆိုလတံ့သော ဂရုဓမ်ရှစ်ပါးကို လိုက်နာနိုင်မယ်ဆိုရင် ရဟန်းမ ၀တ်ခွင့်ပြုမယ် အာနန္ဒာ”
“မိန့်တော်မူပါဘုရား” ဆိုပြီး အာနန္ဒာက မှတ်သားပြီး မိထွေးတော် ဂေါတမီဆီသို့ တန်းသွားပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကို ဂရုဓမ်ရှစ်ပါးကို လိုက်နာနိုင်ရင် ဘုရားရှင်က ရဟန်းမ၀တ်ခွင့် ပေးကြောင်း ပြောပါတယ်။ ဂရုဓမ်ရှစ်ပါးက ဘာလဲဆိုတော့
၁။ ရဟန်းမဟာ ၀ါ (၁၀၀) ရနေပါစေ။ ကနေ့မှ ၀တ်လာတဲ့ ရဟန်းကို ရှိခိုးရမယ်။
၂။ ရဟန်းမဟာ ရဟန်းတွေနဲ့ ဝေးတဲ့နေရာမှာ ၀ါမဆိုရ။
၃။ လခွဲတစ်ကြိမ် ရဟန်းတို့ထံလာပြီး အဆုံးအမကို ခံယူရမယ်။
၎။ ၀ါကျွတ်ပြီးတိုင်း ရဟန်းတို့ကို ပ၀ါရဏာ ဖိတ်ကြားရမယ်။
(တပည့်တော်မှာ အပြစ်တစ်စုံတစ်ရာ မြင်ရင် ကြားရင် ယုံမှားရင် တပည့်တော်ကို ဆုံးမပါ ဘုရား လို့ တောင်းပန်တာကို ပ၀ါရဏာပြုတယ်လို့ ခေါ်ပါတယ်)
၅။ သံဃာဒိသေသ်အာပတ်သင့်ရင် ရဟန်း၊ ရဟန်းမတို့အကြားမှာ မာနတ် ၁၅ ရက် ကျင့်ရမယ်။ (ရဟန်းဖြစ်ပါက ၆ ရက်သာကျင့်ရသည်။)
၆။ နှစ်နှစ် သိက္ခာမာန်ကျင့်နိုင်သူကိုသာ ရဟန်းမ၀တ်ပေးရမည်။
(သိက္ခာမာန် ခြောက်ပါးကို သိသူရှိလျှင် ပြောပေးခဲ့နိုင်သည်။ ကျွန်တော် နောက်မှ ရှာနိုင်မည်။)
၇။ ရဟန်းကို ဘာအကြောင်းကြောင့်မျှ မဆဲရေးရ။ မရေရွတ်ရ။
၈။ အကြောင်းသင့်၍ ရဟန်းတို့ လာရောက်ဆုံးမသောအခါ မပိတ်ပင်ရ။
ဒီဂရုဓမ်ရှစ်ပါးကို ကြားတော့ မိထွေးတော်ဂေါတမီက “တပည့်တော်တို့မှာ မိန်းကလေးတိုင်း အထွဋ်အမြတ်ထားတဲ့ ဆံပင်ကိုလည်း ဖြတ်ခဲ့ပြီ။ အ၀တ်အစားကိုလည်း ပယ်ခဲ့ပြီးပြီ၊ ဘာကြောင့် အဲဒီ ဂရုဓမ်ရှစ်ပါးကို မလိုက်နာနိုင်ဘဲ နေရမှာလဲ၊ ဦးထိပ်မှာ ပန်ဆင်ပြီးတော့ ထားမယ်” လို့ အာနန္ဒာကို လျှောက်ပါတယ်။ အာနန္ဒာကလည်း အဲဒါကိုပဲ ဘုရားရှင်ဆီ သွားရောက်လျှောက်ထားပါတယ်။ အဲဒီအချိန်မှာပဲ မိထွေးတော် ရဟန်းမအဖြစ်ကို ရောက်ပါတယ်။ ရဟန်းဝတ်ပြုခွင့် အမျိုးမျိုးရှိတဲ့အနက် မိထွေးတော်က ရဟန်းမ အဖြစ်ကို ရရှိတဲ့ပုံစံဟာ ဂရုဓမ်ရှစ်ပါးကို လိုက်နာပါ့မယ်လို့ ၀န်ခံပြီး ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဘုရားရှင်ကို မိထွေးတော် ဂေါတမီရှိခိုးပြီးတဲ့နောက် ဒီသာကီဝင်မင်းသမီး ငါးရာကို ဘယ်လိုလုပ် ရဟန်းမ ၀တ်ပေးရမလဲ ဘုရားလို့ လျှောက်တော့ ဘုရားရှင်က “ရဟန်းတို့မှ မာတုဂါမကို ရဟန်းမ ပြုခွင့်ပေးရန် ငါခွင့်ပြုတယ်” လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။ အဲဒီ ရဟန်းမတွေက ရဟန်းတွေကသာ ရဟန်းမ ပြုပေးလို့ “ဧကတောဥပသမ္ပန္န” လို့ ခေါ်ပါတယ်။ အားလုံး ရဟန်းမ တွေ ဖြစ်ပြီးနောက် ဘုရားရှင်က သံခိတ္တသုတ်ကို ဟောပါတယ်။ အဲဒီတရားကြောင့် မိထွေးတော် ဂေါတမီ အရဟတ္ထဖိုလ်ကို ရောက်ပါတယ်။ နန္ဒကောဝါဒသုတ်ကို ဆက်ဟောတဲ့ အခါမှာတော့ တချို့ သောတာပန် တချို့ သကဒါဂါမ် တချို့အနာဂါမ် တချို့ရဟန္တာတွေ ဖြစ်ကြပါတယ်။ အားလုံး သူတို့ ပါရမီ အနုအရင့်ပေါ် မူတည်ပြီး ဖြစ်သွားကြတာပါ။ ဘုရားရှင်က ဒီတရားဟောတဲ့အခါ သူက သောတာပန် သူက သကဒါဂါမ် သူက အနာဂါမ် သူက ရဟန္တာလို့ ဘာလို့ ကွဲပြားသွားလဲ ဆိုတော့ သူတို့ရဲ့ ပါရမီ တွေကြောင့်ပါပဲ။ မြန်မာစကားပုံ ရှိတယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ ဘယ်ရမလဲ တဲ့။ အဲလိုပါပဲ။ ပါရမီမရင့်သေးဘဲနဲ့ မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ရင့်နေပြီလို့ သတ်မှတ်လို့လည်း မရပါဘူး။ ဘယ်သူဟာ ပါရမီရင့်နေပြီး ဘယ်သူဟာ ပါရမီနုနေတယ်လို့ ဒီအချိန်မှာ ဘယ်သူမှ မသိနိုင်ပါဘူး။ ပါရမီ ရင့်တယ် မရင့်ဘူး ပါရမီ ပါလာတယ် မပါလာဘူးဆိုတာ ကျွန်တော့်ရဲ့ ၀န်ချတောင်းပန်ခြင်း ပိုစ့်မှာ ပါတဲ့ ဘ၀တစ်ခုလုံး တောက်လျှောက်ဖြစ်သွားတဲ့ စိတ်နဲ့ ပတ်သက်ပါတယ်။ ဒါပေမယ့် အဲဒီစိတ်ရဲ့ ဖြစ်စဉ် စိတ်ရဲ့ အနုအရင့်ကို ဘုရားရှင်ကလွဲလို့ ဘယ်သူမှ မသိနိုင်သလို ကိုယ့်ကိုယ်ကိုလည်း မသိနိုင်ပါဘူး။ ဘုရားရှင်လက်ထက်တုန်းကတောင်မှ စိတ္တဟတ္ထမထေရ် လောသကတိဿမထေရ် စူဠပန္ထကမထေရ်စတဲ့ မထေရ်တို့ဟာ ပါရမီရင့်တယ်လို့ မထင်ရလောက်အောင် အဖြစ်တွေက ဆိုးခဲ့ပါတယ်။ ပါရမီဆိုတာကို ခုသရက်ပင်စိတ် ခုသရက်သီးစား လုပ်လို့မရပါဘူး။ ပါရမီဆိုတာ ဖြည့်ရပါတယ်။ ပါရမီဖြည့်တယ် ဆိုတာကလည်း ကိုယ်ကျိုး ကိုယ့်အသိုင်းအ၀ိုင်းကျိုးလေး ကြည့်တတ်တဲ့ အပိုင်းမှာ မတည်ပါဘူး။ အများအတွက် ဘယ်သူ မဆိုအတွက် အစွန့်လွတ် အနစ်နာခံနိုင်မှ ဖြစ်တည်တဲ့အမျိုးပါ။ ဒီလို အများအကျိုးကို ငါလုပ်ပြရင် ငါကြီးပွားမယ်။ ဒီလို အများအကျိုးကို ငါလုပ်ပြရင် ငါ့ကို သူများအထင်ကြီးမယ်။ ဒီလို အများအကျိုးကို ငါလုပ်ပြရင် ငါနာမည်ကြီးမယ်ဆိုတဲ့ စိတ်မျိုးဟာလည်း ပါရမီစိတ်မျိုး မဟုတ်ရေးချ မဟုတ်ပါဘူး။ ကျွဲကူး ရေပါသဘောဆိုတဲ့ စကားပုံတွေ၊ အများအကျိုးဆောင်ရွက်ရင် ကိုယ်ကျိုးလည်းပြီးတယ် ဆိုတဲ့ အဆိုအမိန့်တွေအားကိုးလိုက်ရင်လည်း ပါရမီ မဟုတ်ပါဘူး။ ကဏှာနဲ့ ဇာလီကို အလှူခံပုဏ္ဏားက ကြိုးတုပ်ပြီး ခေါ်သွားတော့ ဘုရားလောင်းက လေးနဲ့မြှားကို ကောက်ကိုင်တယ် ဆိုတာ ရှေးရသေ့တွေ အလင်္ကာကျမ်းရေးရင်း ဖြစ်ပေါ်ခဲ့တဲ့ အတွေးလေးပါ။ အကုန်လုံးစွန့်ပြီး ထွက်လာပါတယ်ဆိုပါမှ လေးနဲ့မြှားက ဘယ်က ပါလာတာလဲ ဟုတ်တယ် မဟုတ်ဘူးလား။ ပါရမီဆိုတာ စင်ကြယ်လွန်းပါတယ်။