အဲဒီညကို တကယ်တမ်း
ကဗျာရေးလို့ မကောင်းပါဘူး
မေ့ထားဖို့ပဲ ကောင်းခဲ့တာပါ
ကျူပ်ကို ခိုးသွားတဲ့ည
ကျုပ်ကို ဘာမှ မချန်ခဲ့တဲ့ည
ကျုပ်ရဲ့ မနက်ဖြန်တွေကို ဖျက်သိမ်းသွားတဲ့ည
သင်္ခါရတွေပါ ဆိုပြီး
တစ်ခဏတည်းနဲ့ ကျုပ်ကို
မှောင်အတိချသွားတဲ့ည
ကုသိုလ်အကုသိုလ်တွေကို
သဘာဝတရားက အနိုင်ရခဲ့
နှလုံးသားတွေ တဆတ်ဆတ်ကွဲတဲ့ည
မနုဿတ္တဘ၀ ဒုလ္လဘတွေကို
တစ်ချက်ကလေးမှ စောင်းငဲ့မကြည့်တဲ့ည
တစ်ဘ၀မှာ တစ်ညတည်းရှိခဲ့တဲ့ည
အသက်ရှူသံတွေကို သွန်ပစ်ခဲ့တဲ့ည
အမည်လှလှနဲ့ တနင့်တသီးပွင့်တဲ့ည
တကယ်တမ်း ဒီညကို
ကဗျာရေးလို့ မကောင်းပါဘူး
မေ့ထားဖို့ပဲ ကောင်းခဲ့တာပါ။
(နာဂစ် တစ်နှစ်ပြည့် အမှတ်တရ)