အခြားအခြားသော နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စတဲ့ သတ္တဝါတွေကို အသာထားလိုက်။ ကျွန်တော်တို့က လူဆိုတော့ လူပဋိသန္ဓေဆီမှာ သွားကြစို့လား။ မိဘနှစ်ပါး သံဝါသပြုခြင်း စတဲ့ အကြောင်းသုံးချက် ပြည့်စုံပြီးနောက် ကာယဒသကကလာပ်စည်း၊ ဘာဝဒသကကလာပ်စည်း၊ ဝတ္ထုဒသကကလာပ်စည်း ဆိုတဲ့ ရုပ်ပေါင်း သုံးဆယ် ပေါင်းစည်းထားတဲ့ ကလလရေကြည်လေးဟာ ပဋိသန္ဓေစိတ်နဲ့ အပြိုင် ကံဆိုတဲ့ အကြောင်းကြောင့် စတင် ဖြစ်တည်ပါတော့တယ်။ ကံဆိုတဲ့ အကြောင်းကြောင့် ဆိုတော့ “ကံကြောင့်” ဖြစ်လာတာပေါ့ဗျ။ ကလလရေကြည်ဆိုတာလေးက “ရုပ်”ဗျ။ ဒီတော့ ပါဠိလို ပြောရရင် ကမ္မဇရုပ်ပေါ့။ ဟုတ်ဘူးလား။ ကမ္မဇရုပ်က ဖြစ်တည်ပြီးနောက် ထုံးစံအတိုင်း ဖြစ်၊ တည်၊ ပျက်ဆိုပြီး သွားတော့တာပါပဲ။ ကမ္မဇရုပ်ရဲ့ ဖြစ်တည်ပျက်ထဲက တည်လို့လည်း ဖြစ်ရော တည် မှာ တေဇောဓာတ်ဆိုတဲ့ ဥတုဖြစ်ပါတယ်။ ဥတုဇရုပ်လိုက်ဖြစ်လာတယ်ပေါ့။ ဥတုဇရုပ်မှာလည်း ဖြစ်တည်ပျက်ဆိုပြီး ဆက်ဆက်ဖြစ်သွား တော့တာပါပဲ။
ကမ္မဇရုပ်နဲ့အတူ စဖြစ်တာက ပဋိသန္ဓေစိတ်ပါ။ တပြိုင်တည်း တွဲဖြစ်ပါတယ်။ အဲဒီ တွဲဖြစ်တဲ့ ပဋိသန္ဓေစိတ်ရဲ့နောက်က ဆက်ဖြစ်တဲ့ ဘဝင်စိတ်ကစလို့ ကလလရေကြည်ဆိုတဲ့ ရုပ်လေးဟာ စိတ်ကြောင့်လည်း ဆက်ဖြစ်ပါတယ်။ အဲဒီစိတ်ကလည်း ဖြစ်တည်ပျက် ဆက်သွားတာပါပဲ။ ရုပ်မှန်သမျှ အာဟာရရှိမှ တည်တဲ့အတွက် အဲဒီနောက်မှာ ကလလရေကြည်လေးဟာ အာဟာရကြောင့် ဆက်ဖြစ်ပါတယ်။ အဲဒီလို ဖြစ်တည်တဲ့ အခိုက်အတန့်အတွင်းမှာ ကလလရေကြည်ဟာ ကံ၊ ဥတု၊ စိတ်၊ အာဟာရ ဆိုတဲ့ အထောက်အပံ့လေးခုနဲ့ ကျေးဇူးပြုရင်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပါတယ်။
ကလလရေကြည်ဆိုတာ ဘာလဲ။ ဘယ်လိုလဲ။ “ရင့်ခြင်းသို့” ရောက်နေတဲ့အတွက် ကလလရေကြည်လို့ ခေါ်သလို၊ နှိုင်းယှဉ်တိုင်းတာအပ်တဲ့ အနေအထားမှာ ရှိတဲ့အတွက်လည်း ကလလရေကြည်လို့ ခေါ်ပါတယ်။ တချို့ကျမ်းဂန်များမှာကတော့ ပဋိသန္ဓေရုပ်အစုရဲ့ အစမို့ ကလလရေကြည်လို့ ခေါ်ကြောင်း ပြောပါတယ်။ ကလလရေကြည် – ရေကြည်ဆိုတော့ ဘယ်လို ရေကြည်မျိုးလဲဆိုတော့ နှမ်းဆီပေါက်ကလေးလို၊ ထောက်ပတ်ဆီပေါက်ကလေးလိုပါတဲ့။ ရေကြည်ရုပ်ကလေးပေါ့။ အရွယ် အစားနဲ့ ပတ်သက်ပြီး နှိုင်းပြခဲ့ကြတဲ့ ဥပမာတွေကတော့ နဂိုရ်နူးညံ့သိမ်မွေ့တဲ့ အမွေးရှိတဲ့ ဆိတ်မွေးကို ဆီကြည်ထဲနှစ်လိုက်။ ပြန်ထုတ်။ အဲဒီ အမွေးဖျားလေးမှာပါတဲ့ ဆီပေါက်လောက်ပါတဲ့။ အလွန်သေးငယ်လွန်းပြီး အလွန်ပျော့ပြောင်းသေးတဲ့ အနေအထားကနေ ပဋိသန္ဓေဆိုတာ စခဲ့ပါတယ်။
အဲဒီကလလရေကြည်ဟာ ဘယ်မှာတည်သလဲဆိုတော့ မိခင်ရဲ့ သားအိမ်ထဲမှာ တည်ပါတယ်။ အဲဒီ အတိုင်းအတာကလေးနဲ့ ဘယ်လောက်ထိ ကြာခဲ့ရလဲဆိုတော့ ခုနှစ်ရက်ကြာပါတယ်။ အဲဒီခုနှစ်ရက်အတွင်း မချဉ်၊ မပုပ်၊ မသိုးခဲ့ဘူးဆိုရင် ကလလအဆင့်ကနေ တဖြည်းဖြည်း ရင့်လာပါတယ်။ ဘယ်လို ပုံစံလေး ဖြစ်လာလည်းဆိုတော့ အသားတွေ ဆေးထားတဲ့ ရေတွေလို နီပြေပြေရောင်နဲ့ အမြုပ်ကျဲကျဲလေး ဖြစ်လာပါတယ်။ အဲဒီ အမြုပ်လေးမှာ တစ်ခုခုက လာရောက် မထိခိုက်ခဲ့ဘူးဆိုရင် တစ်ပတ်လောက်ကြာတဲ့အခါ အမြုပ်လေးတွေဟာ တဖြည်းဖြည်းစုပြီး ပုလဲရောင် သားတစ်လေး ဖြစ်လာပါတယ်။ သားတစ်လို့သာ ဆိုရပါတယ်။ အသားမဖြစ်သေးပါဘူး။ if – အကယ်၍ ထိုအဆင့်မှ ချဉ်ခြင်း၊ ပုပ်ခြင်း၊ သိုးခြင်းမှ ကင်းလွတ်ခဲ့ရင် သားတစ်လေး စဖြစ်ပါတယ်။ သားတစ်ဆိုပေမယ့်လည်း အဲဒီအချိန်မှာ တကယ်ဖြစ်နေတာက ခဲခါစ သွေးခဲလေးကနေ အသားအဖြစ် ပြောင်းလဲနေချိန်အဆင့်ပဲ ရှိပါသေးတယ်။ ပုံစံနဲ့ အရွယ်အစားက ကြက်ဥလောက်၊ ကြက်ဥလိုပါ။ လုံးလုံးလေးပါ။
အဲဒီနောက် ကံတရားကြောင့် ခြေ၊ လက်၊ ခေါင်းစတဲ့ ခက်မငါးဖြာတို့ စတင်ဖြစ်တည်ပါတယ်။ အဲဒီနောက် သင့်တော်တဲ့အချိန်မှာ ဆံပင် မွေးညှင်း ခြေသည်း လက်သည်းတို့ လိုက်ဖြစ်ပါတယ်။ ဘုရားရှင် တိုက်ရိုက်ဟောကြားထားတဲ့ ပါဠိတော်ကို နောင် အဋ္ဌကထာဆရာတွေ ဖွင့်တာက ဘုရားရှင်မှ ဒေသနာကို ချုံး၍ ဟောတော်မူရာဖြစ်သောကြောင့် အဲဒီလို ဟောတော်မူခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ဝန်တည်နေစဉ်အတွင်းမှာ စိတ်အသိနဲ့ ကိုယ်အသိဖြစ်ပါတယ်။ မွေးဖွားပြီးမှ မြင်နိုင်စွမ်း၊ ကြားနိုင်စွမ်း၊ အနံ့ခံနိုင်စွမ်း၊ အရသာခံနိုင်စွမ်း ဖြစ်ပါတယ်။ (ဒီနေရာမှာ အယူဝါဒ နည်းနည်းကွဲနေပါတယ်။ ပရမတ္ထဒီပနီသင်္ဂဟ မဟာဋီကာ – နှာ ၃၁၇ က ၁၁ ပတ်မြောက်မှာ မျက်စိ စတာတွေ တပြိုင်နက်ပေါ်တယ်။ အဘိဓမ္မတ္ထသင်္ဂဟ – နှာ ၄၄ က မျက်စိစတာတွေ အစဉ်အတိုင်းပေါ်တယ်၊ အဘိဓမ္မာဝတာရ – နှာ ၇၁ က မျက်စိစတာတွေ ဖြစ်သင့်သလို ပေါ်တယ်လို့ ကွဲကွဲပြားပြားဆိုထားပါတယ်။ အဲဒီကျမ်းတွေကို ခြုံငုံပြီးတော့ ဓမ္မစကြာ မဟာဋီကာသစ် – နှာ ၂၂၇ ကနေ ၂၃၁ ထိဆိုတာက အဲလိုဆိုထားပေမယ့် ပါဠိတော်မှာက ဘယ်လိုဖြစ်တယ်ဆိုတာ အတိအကျ မပါဘူး။ အနုမာန ကာရဏယုတ္တိ မျှသာ ဖြစ်ကြလေတော့ ဖြစ်သင့်သလို ဖြစ်ထိုက်သလို ဖြစ်တယ်ဆိုတာကသာ အမှန်လို့ ယူဆရင် ပိုကောင်းပါတယ်လို့ အဘိဓမ္မာဝဟာရကျမ်း (နာမရူပပရိစ္ဆေဒကျမ်း) ကို လိုက်ပါတယ်။ )
ကိုယ်ဝန်သန္ဓေသားလေးဟာ မိခင်ဖြစ်သူရဲ့ ဝမ်းဗိုက်ထဲမှာ နေပုံလေးကို မဟာဝိသုဒ္ဓါရာမဆရာတော် လင်္ကာလေးနဲ့ ဖွဲ့ထားပုံက “စာသစ်စာကျက်၊ အောက်ထက်ဝန်းရံ၊ ပုပ်နံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌လောက်လို၊ ကျောက်ကို ဝမ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျှက်၊ မေးကြားလက်ဆုပ်၊ သစ်ငုပ်တိုမှာ၊ မျောက်အိုကုပ်သို့၊ မလှုပ်မယှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့” တဲ့။ အတော် ကြောက်စရာကောင်းပုံက သေသောက်လက်ဝယ် ဆိတ်သူငယ်၊ အလမ္ပါယ်မိ မြွေငယ်ချိ ဆိုတဲ့ အဖြစ်လေးပါ။ မွေးဖွားလာသော လူသားအားလုံး ဘုရားလောင်းမှ အပ အဲဒီလို နေရာပါတယ်။ ဘုရားလောင်းကသာလျှင် တရားဟောပုဂ္ဂိုလ်ပုံစံ တင်ပလ္လင်ခွေလျှက် ပဋိသန္ဓေနေတော်မူပါတယ်။
အာဟာရကြောင့် မိခင်ဝမ်းဗိုက်ထဲက ကလေးဟာ အသက်ဆက်နိုင်ပါတယ်။ မိခင်ဝမ်းဗိုက်ထဲရှိတဲ့ ကလေးဆီ အာဟာရဘယ်လို ရောက်လဲဆိုတော့ မိခင်စားသမျှ အာဟာရအားလုံးရဲ့ အဆီအနှစ်မှန်သမျှ ချက်ကြိုးမှတစ်ဆင့် ကလေးငယ်တစ်ကိုယ်လုံးဆီ ပျံ့နှံ့ပါတယ်။ ချက်ကြိုးတံလေးက ကြာရိုးနဲ့တူပြီး အပေါက်ကြီး အပေါက်ငယ် အသွယ်သွယ်နဲ့ ကလေးဆီ သွယ်တန်းလို့ နေပါတယ်။ ကလေးဟာ အလွန်နုငယ်တာကြောင့် အလွန်အေးတဲ့ အစားအစာကို စားရင် ကလေးဟာ လောကန္တရိတ် (စကြာဝဠာ အစွန်းသုံးခု အဆုံ၌ ဖြစ်သော ရေခဲပြင်ငရဲ) ငရဲကျသလို ၊ အပူအစပ်စားရင် ရဲရဲတောက် မီးကျီးခဲထဲ အပစ်ချခံရသလို အချဉ် အငန် စားရင် လှံနဲ့ ထိုးဆွပြီး ဆားနဲ့ နယ်သလို ခံစားရပါတယ်။ အာဟာရကြောင့် ရုပ်ဖြစ်တာကို အဘိဓမ္မာလို ပြောရရင် မိခင်ကစားတဲ့ အစားအစာမှန်သမျှ သန္ဓေသားကို သြဇဋ္ဌမကရုပ်အဖြစ် ထောက်ပံ့ပါတယ်။
ကိုယ်ဝန်ဆောင်ပြီးနောက် ဘယ်လတွေမှာ ကလေးဖွားနိုင်လဲဆိုတော့ ပုံမှန်ကတော့ (၄၂) ပတ် အကြာမှာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ပြီးနောက် (၇) လကနေ (၁၀) အထိ ဘယ်လမှာမဆို မွေးဖွားလေ့ ရှိပါတယ်။ ဒါပေမယ့် အဲလို မွေးဖွားရာမှာ (၈) လနဲ့ မွေးတဲ့ ကလေးမှန်သမျှ သေပါတယ်။ ဘာကြောင့်လဲဆိုတော့ (၇) လနဲ့ ဖွားတာကျတော့ သန္ဓေသားဟာ အလွန်နုပါတယ်။ နုတော့ နုသည့်အလျှောက် ဖွားရလွယ်ပါတယ်။ နုတဲ့အတွက်လည်း ဂရုတစိုက်ပြုလုပ်ပေးရတဲ့အတွက် ရှင်နိုင်ပါတယ်။ (၉)လ (၁၀)လဆိုရင်လည်း သန္ဓေသားက ရင့်ပါတယ်။ ရင့်တော့ မွေးဖွားပြီး အသက်ရှင်နိုင်ပါတယ်။ (၈) လနဲ့ မွေးတာကျတော့ ဘာလို့ သေလဲဆိုတော့ (၈) လရှိတဲ့ သန္ဓေသားဟာ မနု မရင့်ဖြစ်နေပါတယ်။ နုတဲ့ နေရာနုပြီး ရင့်တဲ့ နေရာ ရင့်ပါတယ်။ အဲဒီအချိန် သူဖြတ်ကျော်လာရတဲ့ ဒွါရပေါက်မှာ အလွန့်အလွန် ကြပ်တည်းမှုနဲ့ သေဆုံးတာ များပါတယ်။ မြန်မာဆရာဝန်တစ်ယောက်ကတော့ ခုနှစ်လတောင်မှ ရှင်သေးတာ၊ ရှစ်လဘာကြောင့် မရှင်ရမှာလဲလို့ ပြောပါတယ်။ သူပြောတာလည်း ဟုတ်ပါတယ်။ ခုခေတ်က ခွဲမွေးတာကိုး။ ဒါကြောင့် ရှစ်လနဲ့ မွေးဖွားမယ့် သန္ဓေသားဆိုရင် ခွဲမွေးသင့်ပါတယ်။ အဲဒါမှ ရှင်နိုင်ပါတယ်။ သဘာဝအလျှောက် မွေးမယ်ဆိုရင်တော့ ဆုံးပါးရဖွယ်သာ ရှိပါတယ်။
ပြီး