လူထုနဲ့ တူတဲ့ အဝိဇ္ဇာဆိုတဲ့ အခြံအရံတွေကြောင့် ပြည်ပမီဒီယာနဲ့ တူတဲ့ တဏှာရဲ့ တွန်းအားကြောင့် မဖြစ်မနေ လုပ်ပေးလိုက်ရတဲ့ ရွေးကောက်ပွဲနဲ့ တူတဲ့ ကံကြောင့် ကျွန်တော်တို့ဟာ အကြိမ်ကြိမ် အဖန်ဖန် လူ၊ နတ်၊ တိရစ္ဆာန် ဖြစ်နေခဲ့ကြရပါတယ်။ ဘယ်အချိန်ကတည်းက စဖြစ်နေသလဲဆိုတော့ ဟိုးအစမထင် သံသရာကတည်းက ဖြစ်နေခဲ့တာ။ ဒီ အဝိဇ္ဇာရဲ့ ဖိအား၊ တဏှာရဲ့ တွန်းအား၊ ကံရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျွန်တော်တို့ ပဋိသန္ဓေနေနေကြရပါတယ်။ အကြိမ်ကြိမ်၊ အဖန်ဖန်၊ ဘဝတစ်ခုပြီး တစ်ခု။ မရပ်မနား။ ဟောဒီ သံသရာဝင်္ကပါထဲကနေ မဂ်၊ ဖိုလ်နဲ့ လွတ်မြောက်အောင် မထွက်မချင်း ပဋိသန္ဓေဆိုတာကြီးကို ကြုံနေကြရမှာပဲ။ အဲဒီ မဖြစ်မနေ ကြုံနေရမယ့် ပဋိသန္ဓေဆိုတာ ဘာကို ခေါ်သလဲဆိုတော့ ဘဝဟောင်းနဲ့ ဘဝသစ်ကို ဆက်စပ်ပေးတတ်လို့ ပဋိသန္ဓေလို့ ခေါ်တာပါပဲ။ ပဋိ – အဖန်ဖန် ၊ သန္ဓေ – ဆက်စပ်ခြင်း ဆိုတော့လေ။
လူတစ်ယောက် (၁) အသက်ကုန်လို့ [မီးစာကုန်]၊ (၂) ကံကုန်လို့ [ဆီခမ်း]၊ (၃) အသက်ရော ကံရောကုန်လို့ [မီးစာလည်းကုန် ဆီလည်းခမ်း]၊ (၄) ရုတ်တရက် ကပ်ပြီး ဖြတ်တတ်တဲ့ ကံကြောင့် [လေပြင်းမုန်တိုင်းမိ] သေကြရပါတယ်။ ဘယ်လိုသေသေ ဘယ်နည်းနဲ့ သေသေ ဘယ်ပုံစံနဲ့သေသေ ဘဝဟောင်းက ပြုခဲ့တဲ့ကံက နီးသော အကြောင်းအဖြစ် ကျေးဇူးပြုပြီးတော့ တစ်ဖန် ပဋိသန္ဓေနေကို နေရပါတယ်။ သေခြင်းနဲ့ ပဋိသန္ဓေနေခြင်း ကြားထဲမှာ အခြားအလပ် အကြားမရှိဘူး။ မြစ်ရေ စီးနေတဲ့ အတိုင်းပဲ။ မီးတောက်နေတဲ့ အတိုင်းပဲ။ ရေဟောင်းစီးဆင်သွားတယ်။ ရေသစ်နေရာယူတယ်။ ဘယ်သူမှ မသိ မမြင်လိုက်သလို၊ မီးဟောင်း ကုန်သွားတယ်။ မီးသစ်ဆက်လောင်တယ်။ ဘယ်သူမှ မသိ မမြင်လိုက်သလို ရှေ့ဘဝနဲ့ နောက်ဘဝကူးပါတယ်။
(ဘယ်ကံက ဘယ်လို ရှေ့ဘဝနောက်ဘဝ ဆက်စပ်ပေးတတ်တာကိုတော့ နောက် အဘိဓမ္မာ ကံပိုင်းကို ရေးဖြစ်ရင် ရေးပြသွားပါ့မယ်။ ခုတော့ ပဋိသန္ဓေအကြောင်းပဲ ဆက်ကြပါစို့)
ပဋိသန္ဓေနေတယ်ဆိုပေမယ့် ပဋိသန္ဓေကလည်း အမျိုးမျိုးရှိပါတယ်။ ဘယ်လိုတွေလဲ ဆိုတော့
၁။ သံသေဒဇ
၂။ သြပပါတိက
၃။ အဏ္ဍဇ
၎။ ဇလာဗုဇ
ဆိုပြီးတော့ လေးမျိုး ရှိပါတယ်။ သစ်ပင်နွယ်ပင်၊ မစင် အညစ်အကြေးတွေမှာ ရေပုပ်၊ ရေဆိုးတွေမှာ ဖြစ်ပေါ်လာတာကို သံသေဒဇလို့ ခေါ်ပါတယ်။ (ဥပမာ ဘုရားရှင်လက်ထက်က ပေါက္ခသာတိပုဏ္ဏား၊ ဥပ္ပလဝဏ်ထေရီ)။ နတ်၊ ငရဲ၊ ဗြဟ္မာလို ကိုယ်ဖြစ်ရာဘုံမှာ ဖွားခနဲ ပေါ်တာကို သြပပါတိကလို့ခေါ်ပါတယ်။ (လူအဖြစ် ရုတ်တရက်ပေါ်လာသူက အမ္ဗပါလီပြည့်တန်ဆာ)။ ဥကနေ ပေါက်ဖွားတာကို အဏ္ဍဇလိုခေါ်ပါတယ်။ (လူအဖြစ် ဥဖြင့် ပဋိသန္ဓေနေခဲ့သူက သုဝဏ္ဏဘူမိ သထုံပြည် တိဿဓမ္မရာဇာမင်းနှင့် ဘဝတစ်ခုတွင် မိထိလာမြို့သား ဂဝံပတိမထေရ်)။ သားအိမ်ကို မှီပြီး မွေးဖွားတာကို ဇလာဗုဇလို့ ခေါ်ပါတယ်။ (အခု ခင်ဗျား ကျွန်တော်တို့ အားလုံးနဲ့အတူ နို့တိုက်သတ္တဝါတော်တော်များများ)။
မိုးကုတ် ဝိပဿနာစက်ဝိုင်းမှာ ကျွန်တော်တို့ အဝိဇ္ဇာနဲ့ တဏှာကြောင့် အဖန်ဖန် ပဋိသန္ဓေနေလို့ ထွက်တယ်နော်။ အဲဒါတွေက တကယ်တမ်း အထောက်အပံ့တွေဗျ။ တကယ်တမ်း ပဋိသန္ဓေနေနေတာက ကံကြောင့်။ ကံကြောင့်ပဲ ကျွန်တော်တို့ ကြွယ်ဝတဲ့ မိသားစုထံ။ နုံချာတဲ့ မိသားစုထံ ပဋိသန္ဓေနေကြရတယ်။ နောက် ကျန်းမာရေး ညံ့လျှက်၊ နားမကြားလျှက်၊ ဉာဏ်ထိန်းလျှက် မွေးဖွားလာကြတာ ကံကြောင့်ပါပဲ။ ဝမ်းတွင်းရူးတွေ ဝမ်းတွင်းကန်းတွေ ယောကျာ်းလျာ၊ မိန်းမလျာတွေ ဖြစ်သွားတာတွေက ကံကြောင့်ပါပဲ။ ကိုယ်က ပဋိသန္ဓေ နေပါပြီရဲ့။ ကိုယ်ဝန်ဆောင် မိခင်က မဆင်မခြင် နေထိုင်မှုကြောင့် မထိန်းမသိမ်းစားသောက်မှုကြောင့်လည်း ဝမ်းတွင်းမှာ ကန်းတတ်ပါတယ်။ ဒါပေမယ့် အဲလိုမိခင်ရဲ့ မလိမ္မာမှုကြောင့် မဟုတ်ဘဲ မျက်စိပေါ်ချိန်မှာ မပေါ်နိုင်တာကို သန္ဓေကန်းလို့ ခေါ်ပါတယ်။ နောက် ပဋိသန္ဓေမှာကတည်းက ကျွန်တော်တို့ အမျိုးအစားအလိုက် တစ်ခါတည်း ခွဲခြားခံရပါတယ်။ ဒီသူဟာ တရားကျင့်ရင် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်သူ။ ဒီလူဟာ ဘယ်လိုကျင့်ကျင့် ဘယ်လောက်ကျင့်ကျင့် ဘယ်နည်းနဲ့မှ တရားမရနိုင်သူဆိုပြီးတော့ပေါ့။ ဒီပြဿနာကိုတော့ ဘုရားရှင်မှတပါး ဒီလူဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ မခွဲခြားနိုင်ပါဘူး။
ဘာကြောင့် ပဋိသန္ဓေတည်ရသလဲဆိုတော့ (၁) မိဘနှစ်ပါး ပေါင်းဖော်ခြင်း၊ (၂) မိခင်မှာ ဥတုသွေးရှိနေခြင်း၊ (၃) ပဋိသန္ဓေနေမည့် ပုဂ္ဂိုလ်အသင့်ရှိနေခြင်းတို့ကြောင့် ပဋိသန္ဓေတည်ပါတယ်။ နံပါတ်တစ်ကတော့ ပြောဖို့ မလိုပါဘူး။ နံပါတ်နှစ်က ဥတုသွေးဆိုတာ မီးယပ်သွေးကို ခေါ်တာပါ။ ဥတုသွေးလာချိန်ဆိုရင် အမျိုးသမီးတွေရဲ့ ကိုယ်ဝန်တည်ရာ အရပ်မှာ အနီရောင် သွေးဥတွေ ဖြစ်တည်ပြီး ခုနှစ်ရက် လုံးလုံးပေါက်ကွဲနေပြီး သွေးစီးပါတယ်။ အဲဒီအချိန်မှာတော့ ကိုယ်ဝန်မတည်ဘူးပေါ့။ သွေးစီးပြီးနောက် သားအိမ်သန့်သွားမှ ကိုယ်ဝန်တည်ပါတယ်။ နံပါတ်သုံးကတော့ ဖခင်ရဲ့ သုတ်သွေးနဲ့ မိခင်ရဲ့ သုတ်သွေးပေါင်းစပ်နေပေမယ့်လည်း ဘဝဟောင်းက ကူးလာသူက အသင့်အနေအထားမှာမှ ကိုယ်ဝန်စတည်ပါတယ်။ ကိုယ်ဝန်တည်ရခြင်းရဲ့ အခြားအကြောင်း အရာတွေလည်း ရှိပါသေးတယ်။
၁။ ရာဂစိတ်နဲ့ ကိုယ်လက်ကို သုံးသပ်လို့ဖြစ်ဖြစ်
၂။ ရာဂစိတ်နဲ့ ယောက်ျားအဝတ်အစားကို ကိုင်လို့ဖြစ်ဖြစ်
၃။ ရာဂစိတ်နဲ့ သုတ်သွေးကျင်ငယ်ကို စုပ်ယူလို့ဖြစ်ဖြစ်
၎။ ရာဂစိတ်နဲ့ ချက်ကို သုံးသပ်လို့ဖြစ်ဖြစ်
၅။ ရာဂစိတ်နဲ့ ယောက်ျားကို စိမ်းစိမ်းကြည့်ရင်ဖြစ်ဖြစ်
၆။ ရာဂစိတ်နဲ့ ယောကျာ်းအသံကို နားထောင်ရင်ဖြစ်ဖြစ်
၇။ ရာဂစိတ်နဲ့ ယောက်ျားရဲ့ အနံ့ကို ရှုရှိုက်ရင်ဖြစ်ဖြစ် ကိုယ်ဝန်တည်နိုင်ပါသေးတယ်။
ကိုယ်ဝန်က တည်ရင် ပျက်လည်း ပျက်တတ်ပါတယ်။ ဘာကြောင့် ပျက်တတ်လည်းဆိုတော့ (၁) သားအိမ်ထဲမှာ လေမှုတ်ခြင်းကြောင့် (၂) သားအိမ်ရှိ ပိုးကိုက်ခြင်းကြောင့် (၃) ရှေးအကုသိုလ်ကံကြောင့် ပျက်နိုင်ပါတယ်။ နံပါတ်တစ်ကြောင့် ဖြစ်ရင် ဆေးအေးစားပြီး ကာကွယ်နိုင်တယ်။ နံပါတ်နှစ်က ပိုးကြောင့်ဖြစ်ရင် အဲဒီပိုးကို သေစေနိုင်တဲ့ ဆေးစားတာနဲ့ ကာကွယ်နိုင်ပါတယ်။ နံပါတ်သုံးက ကံကြောင့်ဖြစ်ရင်တော့ ဘုရားလာတားလည်း မရပါဘူး။ ကိုယ့်ရဲ့ ရှေးဘဝက ခုဘဝက မလိမ္မာခဲ့တဲ့ အကုသိုလ်ကြောင့် နောင်ဘဝ နောင်ဘဝတွေမှာ ပဋိသန္ဓေတည်စဉ်ကတည်းက သေနိုင်ကြောင်း သတိပြုကြဖို့ပေါ့။ သူ့အသက်သတ်တယ်။ ကိုယ်ဝန်ဖျက်ပေးတယ် ဆိုတာရာမှာ သတိထားပေါ့။ ကိုယ်ဖျက်လိုက်တဲ့ ကိုယ်ဝန်က ဒီဘဝမှာ တရားဓမ္မရနိုင်တဲ့ လောကကို အကျိုးပြုမယ့် ပုဂ္ဂိုလ်ရဲ့ ကိုယ်ဝန်တွေ ဖြစ်နေရင် ပိုဆိုးတတ်ပါတယ်။
ဆက်လက်ရေးသားသွားပါမည်။
ဂျေဂျူဝိုင်