မျှော်လင့်ချက် မရှိတဲ့လူတစ်ယောက်ဟာ သေလူပဲ။ ဒါက တက်ကျမ်းတွေမှာ တွေ့လေ့တွေ့ထရှိတဲ့ စကား။ မှန်တယ်။ ပစ္ဆာဇာတပစ္စယောဆိုတာ ဒါပဲ။ လူတစ်ယောက်ကို သတ္တ၀ါတွေအားလုံးကို နောက်က ဖြစ်တဲ့ စိတ် စေတသိက်တွေက ကျေးဇူးပြုနေလို့ အသက်ရှင်နေတာပါ။ သတ္တ၀ါအားလုံးမှာ ကံကြောင့်၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရကြောင့် ရုပ်တွေ ဖြစ်ရပါတယ်။ အဲဒီရုပ်ရဲ့ဖြစ်ပြီး နောက်ပိုင်းမှာ စိတ်တွေက လိုက်ဖြစ်ပေးရပါတယ်။ မဖြစ်ရင်သေပြီ။ ကျွန်တော်တို့အားလုံး စိတ်တွေ အချိန်မလပ် ဖြစ်နေတာ မှန်တယ်။ ဒါပေမယ့် လက်ရှိဖြစ်နေတဲ့ စိတ်က ကျွန်တော်တို့ကို အသက်ရှင်အောင် မစွမ်းဆောင်နိုင်ပါဘူး။
ဖျားတဲ့နာတဲ့သူတွေများ “ဒီတောင်ကို ငါကျော်နိုင်မယ်မထင်ဘူး” လို့ စိတ်လျှော့ထားကြည့်။ တကယ်ပဲ ဖြစ်သွားပါတယ်။ သူ့ကို နောက်ကဖြစ်တဲ့ စိတ်တွေက ခုဖြစ်လာမယ့်စိတ်ကို ကျေးဇူးမပြု မထောက်ပံ့နိုင်တော့ဘူး။ အလုပ်တစ်ခုကို လုပ်ကြည့်ပါ။ “ဒါလုပ်ပြီးရင် မင်းဘာမှ မဖြစ်ဘူး၊ ဘာမှ မရဘူး” လို့ပြောကြည့်ပါ။ အလုပ်လုပ်တာ မတက်ကြွတော့ဘူး။ ပြီးစီးအောင်မြင်ဖို့ ခဲယဉ်းသွားပြီ။ နောက်စိတ်က မထောက်ပံ့လေတော့ ရုပ်တွေက မလန်းဆန်းဘူးလေ။ နွေခေါင်ခေါင် ဘယ်လောက်ပူလောင်လောင် “ဒါပြီးရင် ဘာဖြစ်မယ် ညာဖြစ်မယ်” ဆိုတဲ့ မျှော်လင့်ချက်သာရှိနေစမ်းပါ။ အစာရေစာ သိပ်မစားရတောင် လူက လန်းဆန်းနေသေးတယ် မဟုတ်လား။ ဒါကြောင့် စိတ်မလျှော့ရဘူး။ ဘယ်ကိစ္စမှာမှ စိတ်ကို မလျှော့ရဘူး။ စိတ်လျှော့တာနဲ့ တပြိုင်နက် ရုပ်တွေ အားနည်းလာတယ်။ ရုပ်တွေ အားနည်းတာနဲ့ ရုပ်ကြောင့် ဖြစ်တဲ့ စိတ်တွေ မထောက်ပံ့တော့လို့ အခြား သတ္တိတွေလည်း လိုက်ညံ့သွားတယ်။ ကျွန်တော်တို့ ပြုသမျှ ပြောသမျှတွေက နောက်က ထောက်ပံ့တဲ့ စိတွေကြောင့်။ ဘယ်နေရာမှာ ဘယ်ပစ္စည်းနဲ့ ဘယ်လို ထောက်ပံနေတာကို သိနိုင်တာက ကျွန်တော်တို့ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်အစွမ်းတွေကြောင့် ဒါတွေ သိနိုင်တာ။ သိပ်ကြည်ညိုစရာ ကောင်းတယ်။ ဒီပစ္ဆာဇာတရဲ့ ကျေးဇူးပြုပုံလေးကို ရှေးဆရာတော်ကြီးတွေက လင်းတငှက်ငယ်လေး ဥပမာ ပေးထားတယ်။ လင်းတငှက်ကလေးများဟာ မိခင်က အစာမကျွေးဘူး။ ဒါပေမယ့် သူ့မှာ တစ်နေ့တော့ ငါ့အမေ ငါ့အတွက် အစာယူလာကောင်းရဲ့ ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ အသက်ရှင်နေတယ်ဆိုတာလေးလေ။ ညားခါစ လင်မယားမှာ သာမန်အချိန်မှာ ပေါ့ပေါ့ပါးပါးလေး ရှိနေမှာ မှန်ပေမယ့် ကိုယ်ဝန်လေးများ ဆောင်လာရင် သားသမီးလေးများ ရလာရင် လုပ်လိုက်တဲ့ အလုပ်လေ။ မမောနိုင်ဘူး။ စိတ်ကလည်း တက်ကြွလို့။ လုပ်နေလိုက်တာ။ အဲဒါ ပစ္ဆာဇာတပစ္စယောပဲ။
ပစ္ဆာဇာတပစ္စယော
Subscribe
0 Comments