• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

နှလုံး

သင်တန်းအကြောင်းပြောနေရင်း သင်တန်းက တမျိုးတည်းမပြီးတော့ ၁ နှင့် ၂ ဆိုပြီး ခပ်တည်တည်နဲ့ ရေးဦးမယ်။ လောလောဆယ်တော့ ဖွံ့ဖြိုးရေးသင်တန်းတွေမှာ သုံးလေ့ ပြောလေ့ရှိတဲ့ နှလုံးသား ဆိုတာကို အရင်ပြောကြည့်ဦးမယ်။ သင်တန်းမှာ 3 H ဆိုပြီး Heart, Head နှင့် Hand ဆိုပြီး နှလုံးသားကိုလည်း အခရာသွင်းပြီး သင်တယ်။ လုပ်တတ်နေရုံ အသိပညာရှိနေရုံနှင့်မလုံလောက်ဘူး။ နှလုံးသားလည်း ပါဖို့လိုပါတယ်ပေါ့။ အဲဒါကို တချို့က KSA ဆိုပြီးတော့လည်း သင်သေးတယ်။ K = Knowledge , S = Skill , A = Attitude ဆိုပြီး Heart နှင့် Attitude ကိုပုံစံတူပြောတယ်။ မည်သို့ပင်ဆိုစေငြား အလုပ်တိုင်းမှာ အကိုင်တိုင်မှာ အပြောတိုင်းမှာ နှလုံးသားပါပါစေ။ ဒါပါပဲ။ တကယ်တမ်း ကျောရိုးရှိတဲ့ သတ္တဝါတိုင်းကတော့ နှလုံးသားပါပြီးသားပါပဲ။ နှလုံးသားမှာပါတဲ့ ကြွက်သားတွေက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို အလုပ်လုပ်ပေးနိုင်တာပေါ့လေ။ ဒါကြောင့် ကောင်းမွန်စွာ အသက်ရှင်သည်ဟုဆိုသည်ပေါ့။ Bio Clock သင်ခန်းစာမှာတောင် သူ့ရဲ့ တကယ့် အလုပ်လုပ်ချိန်က နေ့လယ် ၁၁ နာရီကနေ ၁ နာရီဆိုပြီးပါတယ်။ အဲဒီအချိန်မှာမှ အနားမယူရင် နှလုံးရောဂါဖြစ်ဖို့ အခြေအနေထိတောင် ရှိနိုင်တယ်လို့ဆိုထားသေးတယ်။

အဘိဓမ္မာသင်တုန်းကတော့ နှလုံးကို ဟဒယလို့ မှတ်ရတာပဲ။ နောက်ပိုင်းကျတော့ ဟဒယလို့ပြောရင် လူရွှင်တော်တွေပဲ မြင်နေမိတယ်။ ပါဠ်ပျက်ထဲမှာ ဒီပါဠ်ပျက်က အဆိုးဆုံးပဲထင်ရဲ့။ မနောဓာတ်နဲ့ မနောဝိဉာဏဓာတ်တို့ရဲ့မှီရာ ဟဒယဝတ္ထုက ဘယ်လိုဘယ်ဝါ စသဖြင့် မှတ်တော့ မှတ်မိတော့ပါဘူး။ သင်္ဂြိုဟ်ကိုးပိုင်းထဲက ဟဒယကို ဘယ်အပိုင်းမှာပါမှန်းတောင် မသိတော့ပါဘူး။ ပဋ္ဌာန်းသင်တုန်းကတော့ နှလုံးအကြောင်းသင်တာ မန္တလေး ကံတက်ကုန်းမစိုးရိမ်ဆရာတော်က အရမ်းတော်တယ်။ သူက တစ်ဆင့်ချင်းစီ ရှင်းပြနိုင်တယ်။ စိတ်ကလေးကြည်နေရင် နှလုံးသားထဲ သွေးတွေက ကြည်နေပြီးတော့ ရုပ်လေးကလည်း ကြည်ညိုဖွယ် ချစ်စဖွယ်လေး ဖြစ်နေတယ်။ စိတ်ကမကြည်ဘူးဆိုရင် နှလုံးထဲက သွေးတွေက ဆူပွက်လာတယ်။ ဆူပွက်တဲ့အခါ အလုပ်အရမ်းလုပ်ရတယ်။ အရမ်းလုပ်တဲ့အခါ နီလာတယ်။ နှလုံးက သွေးတွေနီတဲ့အခါ နှလုံးက ကြွက်သွားတွေကနေတဆင့် တွန်းပို့လိုက်တဲ့ သွေးတွေဟာ ဦးစွာ မျက်နှာဆီရောက်လာတယ်။ အဲဒါကြောင့် ဒေါသထွက်နေတဲ့သူများဟာ မျက်နှာကြီးနီလာတယ်။ စသဖြင့် ဒေါသထွက်နေတဲ့သူရဲ့သွေးက ဘယ်လို။ လောဘတက်နေတဲ့သူရဲ့သွေးက ဘယ်လို၊ မောဟဖက်နေတဲ့သူရဲ့ သွေးကဘယ်လိုဆိုပြီး ဘယ်ပဋ္ဌာန်းပစ္စည်းမှာလည်း မသိဘူးသင်တာ။ ကိုယ်က စာတော်တဲ့သူလေ။ သိတယ်မဟုတ်လား။ အကုန်မေ့ပေါ့။

နောက်တမျိုး နှလုံးနှင့် ပတ်သက်လို့ကတော့ ခဏခဏ သတိပေးခံရတာက ကိုယ်ပါပဲ။ VSD ဆိုတဲ့ နှလုံးရောဂါ ပိုင်ရှင်ကိုး။ သတိပေးခံရတာက အငန်မစားနဲ့။ အဆီအဆိမ့်မစားနဲ့။ အထူးသဖြင့် အခုသောက်နေတဲ့ ဆေးလိပ်ကို ဖြတ်လိုက် စသဖြင့်။ လူတယောက်လုံးရဲ့ နေ့စဉ်လည်ပတ်အလုပ်လုပ်နိုင်ဖို့က နှလုံးအားကောင်းနေဖို့ လိုတယ်လေ။ နှလုံးနဲ့ပတ်သက်လာရင် လူတွေ သတိထားမိတဲ့အချက်ကတော့ ရောဂါပဲ။ ရောဂါတောင်မှ နှလုံးသွေားကြောကျဉ်းရောဂါ။ တကယ်တမ်း နှလုံးက အဲဒီထက်ပိုတဲ့ ရောဂါအများကြီးကိုလည်း ပိုင်ထားတယ်။ အဆို့ရှင်က ဘာဖြစ်တယ်။ သွေးကြောက ဘာဖြစ်တယ်။ ကြီးတယ်။ သွေးလွတ်ကြော ဘာဖြစ်တယ်။ သွေးပြန်ကြောင် ညာဖြစ်တယ်စသဖြင့်စသဖြင့် ကိုယ်က နှလုံးအထူးကုမဟုတ်လို့ မသိပါဘူး။ ကိုယ့်ရောဂါက VSD ဆိုတော့ ညာဘက်အောက်ခန်း Right ventricle နဲ့ ဘယ်ဘက်အောက်ခန်း Left ventricle နံရံလေးက အပေါက်လေး ဖြစ်နေတယ်ထင်တယ်။ တလောက အဲဒီအပေါက်မှာ အနာဖြစ်လို့ ဆေးရုံကို တစ်လတက်လိုက်ရသေးတယ်။ ဆိုတော့ ကိုယ်က နှလုံးရှိတာ သေချာတယ်။

နှလုံး မရှိတာကတော့ လက်ရှိလူ့အဖွဲ့အစည်းကြီးပဲ ဖြစ်မယ်။ ရေကြီးလာတယ်။ မိုးခေါင်လာတယ်။ သစ်တောပြုန်းတယ်။ ဘိုလို climate Change, climate Change လို့နင်းကန်ပြောကြပြီး သင်တန်းပေးတာ ဟောပြောတာ ခဏခဏကြားရတယ်။ ဖြစ်နေတာ ပျက်နေတာတွေက ရပ်မသွားဘူး။ တိုးလာတယ်။ တကယ်တမ်း အဲဒါတွေက နှလုံးမရှိတဲ့ လူ့အဆောင်အအုံကြီးရဲ့ လုပ်ရပ်တွေပါ။ လူဆိုတာ အတုမြင် အတတ်သင်တတ်ကြတာမို့ ပိုက်ဆံရှိသူကို ကိုးကွယ်နေကြတဲ့ခေတ်မှာ ခေါင်က နှလုံးမရှိတော့ အောက်ကလည်း နှလုံးရှိနေစရာ မလိုတော့ဘဲ သစ်တောတဲ့ဟေ့။ ခုတ်ဟ။ မြစ်တဲ့ဟေ့။ ပိတ်ဟ။ တောင်တဲ့ဟေ။ ဖြိုဟ။ လူတဲ့ဟေ့။ ဘယ်သူတွေတုန်း။ ဆန့်ကျင်နေကြသူတွေပါ။ ထောင်ထဲထည့်။ ဘယ်သူတွေတုန်း။ အထက်ဖားအောက်ဖိတွေပါ။ ဒီလိုလူတွေစွံတယ်။ ထားလိုက် စသဖြင့် ဖြစ်ကုန်တော့တာပေါ့။ နှလုံးမရှိကြလို့သာ အာဏာကို အလွဲသုံးစားလုပ်ဖို့ မက်မောကြတာပေါ့။ နှလုံးမရှိလို့သာ side effect အရမ်းများမှန်း သိပေမယ့် စက်ရုံတွေကို ခေတ်မီနည်းပညာတွေနဲ့ လုံခြုံအောင် မလုပ်ဘဲ ကျောက်မီးသွေးနံ့ဖြစ်ဖြစ် ဘိလပ်မြေနံ့ဖြစ်ဖြစ် ငါတို့ပိုက်ဆံရရင် ပြီးရော လုပ်နေကြတာပေါ့။ Phone Tower တွေ လူတွေနဲ့ နီးတဲ့နေရာမှာ လိုက်ဆောက်ကြတာပေါ့။ နှလုံးမရှိကြလို့သာ မြန်မာနိုင်ငံကြီး ခုလိုဖြစ်နေတာပေါ့။ နှလုံးမရှိလို့ ကမ္ဘာကြီး ခုလို ဆင်းရဲသူ ချမ်းသာသူ အကြမ်းဖက်ခံရမှာကြောက်နေသူ ဂုတ်သွေးစုပ်ခံရတဲ့အပြင် ဖုတ်လေသိ ငါးပိရှိတယ်လို့အထင်မခံရဖန် များလာတော့ အကြမ်းထဖက်သူ စသဖြင့်အခြမ်းခြမ်းကွဲနေတာပေါ့။  နှလုံးမရှိလို့သာ သူများမြေကို ကိုယ့်မြေဖြစ်ချင်တာပေါ့။ ကိုလိုနီတွေပြောပါတယ်။ ကြည့်ပါလား။ ဗြိတိန်နေမဝင်အင်ပါယာအစ မူဆိုလိုနီ၊ ဟစ်တလာတို့အဆုံး သူတို့နှလုံး မရှိကြလို့ပေါ့။ အံမယ်။ ခေါင်းဆောင်ကြီးတွေကိုပြောတော့ ခုစာဖတ်နေတဲ့သူဖြစ်တဲ့ ငါတို့လိုပုဂ္ဂိုလ်နဲ့တော့ မဆိုင်ဘူးလို့ ထင်နေတယ်ပေါ့။

ခင်ဗျားမှာ နှလုံးရောဂါ မရှိဘူးမဟုတ်လား။ သေချာတယ်။ ခင်ဗျားနှလုံးမရှိဘူး။ ဒါပဲ။

Post navigation

သင်တန်း (၁)
သင်တန်း (၂)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress