• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၁၇)

စိတ်ထဲမှာ အပိုင်း ၂၀ အထိရေးမယ်လို့ စိတ်ကူးထားလို့ ဆက်ရေးတာပါ။ သန္နိဋ္ဌာန်ချထားတာ မဟုတ်တော့ ရေးချင်ရေး မရေးချင်နေလည်း ရပါတယ်။ စိတ်ကူးဟာ စိတ်ကူးပဲ။ သန္နိဋ္ဌာန်မှ သန္နိဋ္ဌာန်ဆိုတော့ မရေးလည်းဖြစ်တယ်ဆိုပါတော့။ ဒီလိုပြောလိုက်တော့ ဟုတ်ပေသားပဲလို့ ထင်ချင်ထင်ပါလိမ့်မယ်။ တကယ်တမ်းကျတော့ လူတိုင်းလုပ်နေကျ ကိုယ်လုပ်တာကျတော့ အပြစ်ကို ဖော့တွေးတဲ့ အလုပ်ကို လုပ်ပြတာသာ ဖြစ်ပါတယ်။ ဆိုတော့ စိတ်ကူးအတိုင်း လိုက်လုပ်ပါ့မယ်။ ရေးချင်တာတော့ အများသားပဲ။ များဆို ဒီလိုမျိုးစာတွေက အွန်လိုင်းပေါ်မှာ ပေါမှပေါကိုး။ ဆိုတော့ ဘာသာ တတ်သလို ဘာသာပြန်လိုက်ရုံပဲ။ နာမည်ကြီး ဘောလုံးသမားတို့ရဲ့ အောင်မြင်ရေးနည်းလမ်း၊ နာမည်ကျော် သရုပ်ဆောင်တို့ရဲ့ အောင်မြင်ရေး ဥပဒေသ၊ ကုမ္ပဏီဒါရိုက်တာတို့ရဲ့ အောင်မြင်ဖို့အတွက် သင်ခန်းစာ ဆိုတာတွေက ဂူးလ်ဂဲလ်တချက်ခေါက်စာလောက်ပဲ ရှိတာကိုး။ အဲလို ဂူးလ်ဂဲလ်တချက်ခေါက်စာ များစွာထဲက ခေါက်မိတဲ့ ဂူးလ်ဂဲလ်တချက်ခေါက်စာရဲ့ ရွေးချယ်မိတဲ့ ပုဂ္ဂိုလ်က မိုက်ခရိုဆော့ စွန့်ဦးတီထွင် ဘီလ်ဂိတ်ကြီးကိုဖြစ်လေတော့ သူ့ပြောထားတဲ့ အောင်မြင်ရေးနည်းလမ်း (၈) ချက်ကို အလင်းပြပါရစေ။ ကိုယ်ကိုယ်နှိုက်က ဒီလိုစာမျိုး မဖတ်ဖူးလေတော့ သူများတကာ ရေးပြီးသား ဖြစ်နေမှာပါ။ ဖြစ်ဆို ဘီလ်ဂိတ်က နာမည်ကျော်ကိုးလေ။ ဒါပေမယ့် ဒီစာပြန်ဖတ်ရခြင်းကြောင့် တရားနာရခြင်း အကျိုး ၅ ငါးပါးရသလိုသာ မှတ်ကြပါ။ တရားနာရကျိုးငါးပါးကတော့ မကြားဖူးသော တရားကို ကြားရခြင်း (သည်မှာတော့ မဖတ်ဖူးသော ဥပဒေသကို ဖတ်ရခြင်း)၊ ကြားဖူးသော တရားကို ရှင်းလင်းစွာ သိရခြင်း ၊ ယုံမှားကင်းခြင်း၊ အယူဖြောင့်ခြင်းနှင့် စိတ်ကြည်လင်ခြင်းဆိုတာတွေပေါ့။ စိတ်ကြည်လင်ခြင်းဆိုရာမှာ ဒီမှာတော့ ကြည်ချင်မှ ကြည်မှာပေါ့။ ကျွန်တော်တို့က ပညာရေးကို ဖျော်ဖြေရေး လုပ်သူက လုပ်။ ဖျော်ဖြေရေးကို ပညာရေးလုပ်သူက လုပ် လုပ်နေကြတာကိုး။ ကဲ ကဲ ဖျော်ဖြေရေးကို ပညာရေးလေး လုပ်ကြည့်ကြရအောင်။

၁) စိတ်ရှည်တယ်ဆိုတာ အောင်မြင်မှုရဲ့ အခရာကျတဲ့ သော့ချက်ပါ။ စိတ်မရှည်လို့ မအောင်မြင်တာတွေ အများကြီးပါ။ ကာတွန်းတစ်ကွက်ရှိတယ်လေ။ စိန်ရှိတဲ့ အရပ်ကို တူးသွားရင်း စိန်ကို တွေ့ရှိဖို့ နည်းနည်းလေးလောက်လိုတဲ့အချိန်ကျတော့ ပြန်လှည့်တာကို ပြသွားတဲ့ ကာတွန်းကွက်လေး။ ဒီတော့ ဘာပဲလုပ်လုပ် စိတ်ရှည်လက်ရှည် သည်းခံပြီးလုပ်ပါ။ ရည်မှန်းချက် မရောက်မချင်းလုပ်ပါ။ ပြီးဖြင့် မပြီးသေး၊ ရောက်ဖြင့် မရောက်သေးဘဲနဲ့ နောက်ဆုတ်ပြီး တခြားတလမ်းကို ကူးဖို့ စိတ်မကူးပါနဲ့။

၂) လူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ သင်မပျော်တော့ဘူးဆိုရင် သင်ဟာ ထပ်မံသင်ယူဖို့လိုအပ်နေပြီ။ ကိုယ့်တယောက်တည်းတောင် သည်နေ့နဲ့ နက်ဖန်စိတ်ကူးတူချင်မှတူတာ။ မနေ့က ပေးထားတဲ့ ကတိ သည်နေ့ရောက်တော့ စိတ်ကူးပြောင်းပြီး ကတိမတည်တော့တဲ့သူတွေရှိသလို ကတိတစ်ခုကို အကျိုးရှိရှိ မရှိရှိ ကတိဆိုတည်ရမယ်ဆိုပြီး တည်နေတဲ့သူတွေလည်း ရှိကြတယ်။ စမိပြီး ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် လူတွေ ရှိသလို ငါးစာရှိရာပဲ ငါးစာချတဲ့လူတွေလည်း ရှိကြတယ်။ ဒီလိုတွေ ဒါတွေကို နားလည်နေရင်းတောင် ထပ်မံနားလည်ဖို့ ကြိုးစားရတဲ့ အဖြစ်တွေ ရှိတတ်ကြတယ်။

၃) မင်း ဘယ်တော့မှ မမှားဘူးလို့ လောကကြီးက မင်းကို အမှားကြီးတွေ အမြဲသင်ပေးလိမ့်မယ်။ ဒါကိုက မှားနေတယ်ဆိုတာ သင်လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမယ့် လောကကြီးဟာ ဆရာဆိုးကြီးပါ။ သင့်ကို မမှားဘူး မမှားနိုင်ဘူး။ မရှုံးဘူး မရှုံးနိုင်ဘူး သင်အမြဲမှန်တယ် သင်အောင်မြင်လိမ့်မယ် သင့်ကိုယ်သင် မှန်ထဲ ပြန်ကြည့်ပြီး ပြောလိုက်ပါ၊ သင်ဟာ အောင်မြင်သူပါ စသဖြင့် လောက်ကြီးက သင့်ကို သင်ပါလိမ့်မယ်။ လက်တွေ့မှာ အဲဒါတွေက အမှားကြီးဖြစ်ကြောင်း နောက်ကျမှ သင်သိလာရပါလိမ့်မယ်။

၄) စီးပွားရေးဆိုတာ စည်းကမ်းချက်လေး နည်းနည်းပါးပါးနဲ့ ပြဿနာတွေ ထောင်သောင်းချီနေတဲ့ ဂိမ်းကစားနည်းပဲ။ ဒါကတော့ ရှင်းပြစရာတောင် မလိုဘူး။ စီးပွားရေးမှာ စည်းကမ်းချက်တွေ သိပ်မရှိပါဘူး။ ရှုံးနိုင်တယ်။ မြတ်နိုင်တယ်။ ရောင်း ဝယ် ဖောက်ကား တတ်ရမယ်။ စာရင်းလေး ဘာလေးကိုင်တတ်ရမယ်။ ဒီလောက်ဆို ဖြစ်ပေမယ့် ရင်ဆိုင်ရမယ့် ပြဿနာကတော့ သောင်းခြောက်ထောင်ပဲ။

၅) သင့်စိတ်ကူးကို သင်အကောင်အထည်မဖော်နိုင်ဘူးဆိုရင် သင့်စိတ်ကူးကို နောက်တယောက်က သူ့စိတ်ကူးလုပ်ပြီး အကောင်အထည်ဖော်သွားလိမ့်မယ်။ မှတ်ထားပါ။ သင်တွေးလိုက်တဲ့ အတွေးကို တခြားလူက တွေးမိချင်မှ တွေးမိဦးမှာပါ။ ဒါပေမယ့် သင်တွေးမိရခြင်းအကြောင်းအရင်းဟာ ဟောဒီလောကမှာ ပေါ်ပေါက်သွားပြီဆိုတာနဲ့ တပြိုင်နက် တခြားသူလည်း တွေးမိတော့မယ်ဆိုတာပါပဲ။

၆) ကိုယ့်ကိုယ်ကို ဟောဒီကမ္ဘာမှာရှိတဲ့ ဘယ်သူနဲ့မှ သွားပြီး မနှိုင်းယှဉ်နဲ့။ သင်အဲလိုလုပ်လိုက် (မိမိကိုယ်ကို တပါးသူနဲ့ နှိုင်းယှဉ်လိုက်) တာနဲ့ သင်ဟာ ဟောဒီလောကမှာ သင့်ကိုသင် အပြင်းထန်ဆုံး စော်ကားလိုက်ခြင်းပါပဲ။ ဟုတ်ပါတယ်။ ကိုယ်ဟာ ဘယ်သူနဲ့မှ တူစရာမလိုဘူး။ တူချင်လို့လည်း မရပါဘူး။ တုချင်လို့လည်းမရပါဘူး။ မတူရလေခြင်းဆိုတဲ့ စိတ်ဆင်းရဲမှုဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။

၇) ဘဝဟာ မညီမျှပါဘူး။ မမျှတပါဘူး။ သည် မညီမျှခြင်း မမျှတခြင်းကိုပဲ ပြန်လည် အသုံးချရမှာပါ။ မမျှတတာကို မညီမျှတာကို တွေးဆွေးပြီး ပူဆွေးနေရင် ဒေါသထွက်နေရင် ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး။

၈) ကိုယ်အောင်မြင်တာကို ဂုဏ်ယူသင့်ပါတယ်။ ဒါပေမယ့် အဲဒီထက် ရှုံးနိမ့်သွားနိုင်တဲ့ အကြောင်းတွေကိုလည်း သတိပြုစေချင်တယ်။ ကိုယ်တို့ကို ပြောတာထင်တယ်။ အောင်မြင်ရင် အောက်ခြေက လွတ်ချင်ချင် ဖြစ်သွားတယ်။ လွတ်ချင်ချင် မဟုတ်ပါဘူး။ အောက်ခြေ လွတ်ကို လွတ်သွားတာပါ။

ဂလောက်ပါပဲ။

Post navigation

အကောင်
ဒါမျိုးတွေက လွယ်ပါတယ် (၁၈)

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Download

Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download Limit Exceeded!
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress