• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

ဒါမျိုးတွေက လွယ်ပါတယ် (၁၂)

စီမံကိန်းတစ်ခုလုပ်နေရာကနေ အဲဒီစီမံကိန်းပြီးဆုံးတဲ့ကာလကို ရောက်လာခဲ့တယ်။ စီမံကိန်းအတွင်း ပါဝင်တဲ့သူတွေက အခြားနေရာတွေမှာလည်း ပါဝင်နေတာကြောင့် သင်တန်းသွားရ Follow Up လိုက်ရ Field ထဲဆင်းရဖြစ်နေတော့ စီမိကိန်းနောက်ဆုံးလမှာ အစီအစဉ်တွေကလည်းကြပ် လူတွေကလည်းမရှိ လူတွေ ပြန်စုမိကျပြန်တော့ နောက်ဆုံး Dead Line ကရောက်နေဆိုတော့ ဝိုင်းလုပ်လိုက်ကြတာ။ ဖတ်ဖတ်ကိုမောလို့ လို့ပြောရမလိုဖြစ်နေတယ်။ လူတွေရဲ့နေ့စဉ်ဘဝက ဒီလိုပါပဲ။ အလုပ်ကရှုပ် စိတ်ကမောဆိုတဲ့နေ့ရက်တွေက ဘဝတိုတိုလေးမှာ ရက်ပေါင်းများစွာ ကြုံကြရမြဲပါပဲ။ ဘဝတိုတိုဆိုလို့ တလောတုန်းက ဖတ်မိတဲ့ နီတိစကားလေးတစ်ခွန်းကို ပြန်အမှတ်ရမိရဲ့။ သူပြောပုံကတော့ ရင်နာရမလိုလို ဝမ်းသာရမလိုလိုပါ။ “လူ့ဘဝဆိုတာ တိုတယ်၊ အဲဒါကြောင့် သူများအိပ်မက်ကိုချည်း လိုက်ဖြည့်မနေနဲ့” တဲ့။ ကိုယ်က ပရဟိတလုပ်နေတာဆိုတော့ ဒီစကားက စဉ်းစားစရာလေး ဖြစ်သွားတယ်။ အရင်ပတ်က ရေးတဲ့ သိပ္ပံနည်းကျ ပျော်ရွှင်နည်း ၁၀ ရပ်မှာကလည်း ပရဟိတဆိုတာကို တစ်ပတ်မှာ နှစ်နာရီလောက်ပဲ လုပ်သင့်တယ်လို့ ပါပြန်တာဆိုတော့ တကယ်စဉ်းစားရမယ့် စကားလေး ဖြစ်သွားတယ်။ အခု ကိုယ်လုပ်နေတာက လက်ရှိ အတန်းပညာကို ပြီးဆုံးအောင် မတက်တဲ့ ကလေးလေးတွေကို သက်မွေးပညာရေးဖြစ်တဲ့ ဆိုင်ကယ်ပြုပြင်နည်း၊ ဝရိန်ဆက်နည်းနှင့် ဝါးလက်မှုပရိဘောဂ တွေကိုသင်ကြားပေးပြီး သူတို့ကို စီးပွားရေးစီမံခန့်ခွဲနည်း သင်တန်းကိုပါ ဆက်ပေးသေးတာကိုး။ သူတို့ဘဝအဆင်ပြေတာတွေ့ရတော့ တပည့်မရှား တပြားမရှိ ပီတိကိုစား အားရှိပါ၏ လောက်ပဲ ကျေနပ်နေရတဲ့ ကိုယ့်ဘဝကိုပြန်ကြည့်ရတယ်လေ။ ကိုယ့်ဘဝပြန်ကြည့်လိုက်တော့ နေ့စဉ်မနက် ၈ နာရီလောက်ကနေ ရုံးကို သွား။ ညနေ ၄ နာရီ ၅ နာရီလောက်မှ ရုံးကနေ ပြန်လာ။ ပြန်ရောက်တော့ ဘာမှကို မလုပ်ချင် ဖြစ်ရတာကိုး။ အဲလို နေ့စဉ်အလုပ်များနေတဲ့ကြားထဲက ပျော်ရွှင်ရမယ့်နည်းလေးများ မရှိဘူးလားဆိုပြီး ရှာကြည့်တော့ ဒီလိုတွေ့တာနဲ့ လုပ်ဖော်ကိုင်ဖက်လေးတွေ အားလုံး အဆင်ပြေအောင် တင်ပြပေးလိုက်ချင်ပြန်သေးတယ်လေ။ ခေါင်းစဉ်လေးကို အလုပ်များလှတဲ့ သင့်အတွက် စိတ်ဓာတ်ကြံ့ခိုင်ဖို့ နည်းလမ်း ၉ သွယ်လို့ တပ်ပေးရမယ်။ ကိုးသွယ်ဆိုတော့ တစ်က စရမှာပေါ့။

၁။ နေ့စဉ် သင့်ကို ခွန်အားဖြစ်စေမယ့် စကားသုံးခွန်းကို ချရေးပါ။ ကျွန်တော်ကတော့ ဒီစကားတွေကို ရွတ်လေ့ရှိတယ်။ “(အေ) သတ္တိလေးနည်းနည်းလိုနေတာနဲ့ ကမ္ဘာပေါ်မှာ သူရဲကောင်းတွေ အများကြီး ဆုံးရှုံးရတယ် (ဘီ) နှင်းဆီဟာ ပွင့်နေချိန်မှာပဲ မကိုဋ်အတွက် အဆင်ခံရတယ် (စီ) ဘယ်သူမှ သင့်ကို အရေးတယူ စောင့်ကြည့်မနေဘူး” ဆိုတဲ့ စကားသုံးခွန်းပဲ ဖြစ်ပါတယ်။ မရေးအားရင်လည်း ရွတ်ကြည့်ပါ။ သို့မဟုတ်ရင်လည်း Facebook မှာ ခွန်အားဖြစ်စေမယ့် စကားတွေ အများသားမဟုတ်ပါလား။

၂။ မလိုအပ်တဲ့အရာတွေကို မငြင်းခုံပါနဲ့။ ကျွန်တော်တို့ လုပ်လေ့လုပ်ထရှိကြတယ်။ သင်တန်းမှာ ရုံးမှာ အလုပ်ရုံမှာ အလုပ်နဲ့လည်းမဆို ဘဝနဲ့လည်းမဆိုင်တဲ့ ကိုယ်နဲ့ ခပ်စိမ်းစိမ်းအရာတွေကို အခရာလုပ် ငြင်းခုံမိတတ်ကြတယ်။ အဲလိုမလုပ်ပါနဲ့။

၃။ မိမိအောင်မြင်ခဲ့သော အလုပ်များအကြောင်းမကြာခဏ ပြန်အသိအမှတ်ပြုပါ။ ပြီးတာတွေလည်း ပြီးပါစေတော့ လုပ်လို့မရတဲ့အရာက ဒီအရာပါပါတယ်။ ကိုယ်အောင်မြင်တာ ဖြစ်ချင်ဖြစ်မယ် ကိုယ့်အဖွဲ့အောင်မြင်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါတွေကို ဘယ်လိုဖြစ်ဖြစ် ကိုယ်တိုင် ပြန်အသိအမှတ်ပြုပါ။

၄။ သူများနှင့်နှိုင်းယှဉ်တာ ပြိုင်တာတွေရပ်ပါ။ သူကတော့ လစာဘယ်လောက်ရတာ။ သူတို့လုပ်တာကျတော့ လွယ်လိုက်တာ။ သူတို့က ဘောစ့်က ပိုအသိအမှတ်ပြုတာ။ ငါ့ကျတော့ ပင်ပန်းလိုက်တာ။ ငါ ဘယ်လောက် လုပ်ရတယ်ကျ မသိဘူး။ စသဖြင့် အလုပ်ပဲဖြစ်ဖြစ် အလှပဲဖြစ်ဖြစ် သုံးဖြုန်းတာပဲဖြစ်ဖြစ် ကိုယ့်ရုံးက လူနဲ့သော်လည်းကောင်း တပါးသူရုံးက သူများနဲ့သော်လည်းကောင်း မပြိုင်ပါနဲ့။

၅။ ကိုယ့်အားနည်းချက်ကို အားသာချက်ဖြစ်အောင် ဖိမလုပ်ပါနဲ့။ တော်တော်များများက ငါဒါအားနည်းတယ်။ ငါကြိုးစားရမယ်။ ငါဖြစ်အောင်လုပ်ရမယ်။ သူတို့တောင် လုပ်နိုင်သေးတာ။ ငါက ဒီလောက်တော်တာ ဘာလို့ မလုပ်နိုင်ရမှာလဲ စသဖြင့် အတင်းကာရော အားနည်းချက်ကို အားသာချက်ဖြစ်အောင် မလုပ်ပါနဲ့။ ဘယ်တော့မှ မရပါဘူး။ ကိုယ့်မှာ အဲဒီစွမ်းရည်မျိုးမရှိဘူးဆိုတာကို အသိအမှတ်ပြုထားပါ။ အဲဒီလို ကိုယ်နဲ့ မကိုက်ညီနိုင်တဲ့ အလုပ်ကို လွှဲပါ။

၆။ ဝေးဝေးမှတစ်ခါ သင်သုံးဖြစ်မယ့် ပစ္စည်းပစ္စယတွေကို သင့်နားမှာ မထားပါနဲ့။ ဘယ်အချိန်ဘယ်မှာကျမှ ဘယ်လိုကျမှ လိုအပ်မယ်ဆိုတဲ့ပစ္စည်းမျိုးတွေကို ခွဲထုတ်ပါ။ နေရာတကျထားပါ။ မလိုအပ်တဲ့ပစ္စည်းတွေအများကြီးနဲ့ သင့်ရုံးက ဖြစ်နေပြီဆိုရင် အဲဒါတွေက သင့်စိတ်ကို ပိုရှုပ်စေမှာ ဖြစ်ပါတယ်။ (ကိုယ့်ရုံးဓာတ်ပုံသာ ကိုယ်ရိုက်ပြချင်တော့တာပဲ)

၇။ အကောင်းမြင်စကားလုံးများကို ရွေးပြောပါ။ ကျရှုံးစေတဲ့ စကား။ မနာလိုတဲ့စကား။ ဝန်ထမ်းအချင်းချင်း အပြစ်တင်တဲ့စကား သူတပါးမကောင်းကြောင်းစကား သို့မဟုတ် မအောင်မမြင်ဖြစ်စေတဲ့စကားတွေကို ရုံးမှာ ဖြစ်ဖြစ် သင့်သူငယ်ချင်းနဲ့ဖြစ်ဖြစ် မပြောဖြစ်အောင် ရှောင်ပါ. (နက်ဖန် ရုံးမတက်တော့ဘူး)

၈။ တကယ့်ဝမ်းနည်းစရာနဲ့ကြုံရင် ဝမ်းနည်းပစ်ပါ။ ငိုစရာများဖြစ်လာရင် ငိုသာငိုပါ။ အောင့်မထားပါနဲ့။ အဲဒီ သဘာဝစွမ်းရည်က လူကို ပိုမိုပေါ့ပါးအောင် လုပ်ပေးစွမ်းပါတယ်။

၉။ တယောက်တည်း အေးအေးလူလူ နေတဲ့အချိန် ရှာပါ။ အိမ်မှာဆိုရင် သားသမီးဆူညံတာ မိသားစုကိစ္စရှိတာ စတာတွေ ရှိနိုင်သလို အများနဲ့နေတဲ့အခါများမှာလည်း အများနဲ့ ကဏ္ဋကောစ မဖြစ်အောင်နေရတာတွေ ရှိလေတော့ အေးအေးလူလူ သီချင်းလေး ဘာလေးနားထောင်ရင်း အပန်းဖြေတဲ့ အလုပ်မျိုးလုပ်ပါ။ စားသောက်ဆိုင်သွားရင်လည်း ငြိမ့်ညောင်းတဲ့ သီချင်းဖွင့်တတ်တဲ့ ဆိုင်မျိုးရှာသွားပါ။

ကဲဒါတွေကတော့ ကိစ္စများမြောင်လှတဲ့ လူတို့ဘောင် အတွက် စိတ်သက်သာရာရစေမယ့် အကြောင်းအချင်းအရာလေးတွေများ ဖြစ်ပါတယ်။ လုပ်ဆောင်ကြည့်ပါ။ ခက်ခဲတဲ့အရာလေးလည်းမဟုတ်ပါဘူး။ အပေါ်မှာ ကွင်းစကွင်းပိတ်လေးနဲ့ကတော့ ကိုယ့်ရုံးကလူတွေအတွက်ကို ရည်ညွှန်းပါတယ်။

Related Posts

  • အဓမ္မဘက်တော်သားများ

  • အာဏာသိမ်းမှု မအောင်မြင်စေရ

  • Before and After Coup

Recent Posts

  • အဓမ္မဘက်တော်သားများ
  • အာဏာသိမ်းမှု မအောင်မြင်စေရ
  • Before and After Coup
  • တာဇံတောလား
  • ကူနီကျော့စံကွန်း
  • Hot December

RSS My Poems

  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်
  • ဟစ်တလာဖြစ်ချင်တယ်

Download

Icon

Self-Awareness (Thu Mg Soe)

1 file(s) 1.98 MB
Download
Icon

Advanced Self-Awareness

1 file(s) 0.00 KB
Download
Icon

Nature-Cure-notes

1 file(s) 0.00 KB
Download
Icon

Challenge Game

1 file(s) 0.00 KB
Download
Icon

ပဋ္ဌာန်း

1 file(s) ၃၆၅ kb
Download

My Twit

Tweets by newjqy

Archives

Theme by Bloompixel. Proudly Powered by WordPress