• Home
  • Blog
  • Learning
  • Download
  • Instagram

JQY's Blog

  • Home
  • Blog
  • Learning
  • Download
  • Instagram

စေတနာ

စေတနာနဲ့ ပတ်သက်လာရင် တစ်ခါက နာမည်တစ်လုံးရဖူးတဲ့ စာရေးဆရာမ တစ်ယောက်ရဲ့ စကားကို သိပ်ကြိုက်တယ်။ စကားလုံး အတိအကျရယ်တော့ မမှတ်မိတော့ဘူး။ သူပြောတာက “အကူအညီ မတောင်းပါဘဲနဲ့ သွားကူညီရင် အဲဒီစေတနာဟာ အစော်ကားခံရဖို့ သေချာတယ်” ဆိုပြီးတော့ပေါ့။ အစော်ကားခံရတာကို ငါ့စေတနာကို တန်ဖိုးမထားဘူးလို့ သတ်မှတ်ရင်လည်း အဲဒီစေတနာက စေတနာ မစစ်ပါဘူးလို့ အဲဒီဆရာမကြီး ဆက်ပြောပြန်သေးတယ်။ အဲဒီကနေ စပြီး စေတနာဆိုတာကို သံသယ ဝင်ခဲ့တာ ခုထိပါပဲ။ သံသယဆိုတာ ထင်ယောင်ထင်မှားဖြစ်တယ်။ ဒါကတော့ ရှင်းတယ်။ မရှင်းတာက စေတနာ။

စေတနာဆိုတာ ဘာလဲ။ စေတနာဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ငယ်ငယ်ကတည်းက ခုထိ နားမလည်ပါဘူး။ စာသင်တဲ့အခါ ပါပါလာတဲ့ စကားလုံးတစ်လုံးက အောင့်သက်သက်နဲ့ အောက်စော်နံသလိုလို ခုထိနှောင့်ယှက်နေတုန်းပဲ။ ဝိနည်းတွေ သင်တဲ့အခါ “စေတနာဖြင့် စေ့ဆော်သော” ဆိုတဲ့ စကားလုံးပါ။ ဆတော်ကြီးများကတော့ဖြင့် စကားလုံးလှလှလေး သုံးခဲ့ကြရှာတယ်နေမှာပေါ့။ ဒါပေမယ့် ဗမာစကားကို ကောင်းကောင်းကျွမ်းတဲ့ ကိုယ်တောင် အဲဒီစကားလုံးကို ဝေတေတေဖြစ်ခဲ့တယ်။ ကိုယ်သိတဲ့ စေတနာဆိုတာ ကူညီတယ်လို့ကိုး။ စာသင်ပေးတဲ့ ဆတော်ကြီးများကလည်း အဲဒီစကားလုံးကို အဲဒီအတိုင်းပဲ သင်ပေးတယ်။ “စေတနာနဲ့ လုပ်တာ”။ အော် စေတနာနဲ့လုပ်တာဆိုတော့ ကောင်းတာပေါ့လို့ ကိုယ်ကတွေးတာ။ ဒါပေမယ့် အပြစ်ဖြစ်နေပြန်တယ်။ ဥပမာ… စေတနာနဲ့တကွ စေ့ဆော်၍ လူအသက်ကို ချအံ့။ ထိုရဟန်းအား ပါရာဇိက ကျစေ။ စေတနာနဲ့တကွ စေ့ဆော်၍ သုက်လွှတ်အံ့။ ထိုရဟန်းအား သံဃာဒိသေသ်အာပါတ်သင့်စေ တဲ့။ စေတနာနဲ့လည်း လုပ်ရသေးတယ်။ အပြစ်လည်းဖြစ်သေးတယ် ဆိုတော့ စေတနာဟာ ကောင်းတဲ့အရာတော့ မဖြစ်နိုင်ချေဘူးလို့ ငယ်ငယ်ကတည်းက တွေးလိုက်တယ်။ အဲဒီအကြောင်းအခံနဲ့ စာရေးဆရာမကြီးတယောက်ရဲ့ Quotation လိုလို ဘာလိုလိုလည်း ဖတ်လိုက်ရရော။ စေတနာဆိုတာ ကောင်းတဲ့အရာ မဟုတ်လို့ သတ်မှတ်လိုက်တယ်။  

စေတနာနဲ့ ပတ်သက်ပြီး အဘိဓမ္မာမှာ သင်ကြရပြန်တော့ တမျိုးကြီးဖြစ်ပြန်ကော။ တိုက်တွန်းတတ်သော တရားဆိုပြန်တယ်။ ဘယ်လို တိုက်တွန်းတာလဲ။ ငယ်ငယ်တုန်းက စာသင်ကျောင်း သင်ခန်းစာ စာအုပ်တွေမှာပါတဲ့ လမ်းမှာ ကျနေတဲ့ ကျောက်တုံးကြီးကို လူတယောက်တွန်းနေတာကိုပဲ မြင်မြင်နေမိတယ်။ ဘယ်လိုတိုက်တွန်းခံရတာလဲ မသိရပြန်ဘူး။ ဘယ်လိုတွန်းခံရလဲ စဉ်းစားမိရင် ကျောယားတယ်။ နောက်ကနေ တယောက်ယောက်က လာတွန်းတွန်းနေတယ် ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ရှေ့ကို ခလုတ်တိုက်မတတ် ကိုးယိုးကားယားရောက်ရောက်သွားတယ်လို့ ခံစားရလို့။

ပါဠိ အဘိဓာန်တွေမှာတော့ စေ့စပ်-ဆက်စပ်-ဆက်သွယ်-ပေးတတ်သော သဘောတရား၊ စေ့ဆော်-နှိုးဆော်-တိုက်တွန်း-ကြောင့်ကြစိုက်-တတ်သော သဘောတရား၊ ပေါင်းစု-စည်းရုံး-စုစည်း-တတ်သော သဘောတရား၊ ပြုပြင်-စီရင်-စီမံ-တတ်သော သဘောတရား၊ စေတနာစေတသိက် နှင့် အာရုံကိုသိတတ်သော တရား(စိတ်)လို့ဆိုတယ်။ ကိုယ်က စာဖတ်တာ သိပ်ပျင်းတဲ့သူ။ စာဖတ်တာ အားမပေးတဲ့သူဆိုတော့ ဒီလိုအဖွင့်ကြီးကို ဖတ်ရတော့ ဘယ်လိုမှ ဘာသာမပြန်တတ်ဘူး။ ဆိုတော့ ဘာသာပြန်ရခက်တာကို ထိုင်အထင်ကြီးနေရမလား။ မကောင်းဘူးလို့ပဲ နားလည်လိုက်ရမလား မသိတော့ဘူး။

စေတနာအမှားဆိုတဲ့ စကားက ရှိသေးတယ်။ စေတနာမှာ မမှားပါဘူးလို့လည်း တချို့က ဆိုပြန်တယ်။ တလောက ဆရာတာ့စာကို ပြန်ဖတ်ရင်း စေတနာနဲ့ ပတ်သက်တာလေး ဖတ်ရတယ်။ တချို့က ငါဟာ စာတော်တယ်၊ တတ်လည်းတတ်တယ်  အကျင့်စာရိတ္တအားဖြင့်လည်း ကောင်းတယ် သူတို့လေးတွေ ကောင်းစေချင်တဲ့ စိတ်လည်း ရှိတယ် ဒီတော့ ငါ့စေတနာဟာ မှန်လိမ့်မယ်လို့တွေးတဲ့သူတွေလည်း ရှိတယ်တဲ့။ အဲဒါနဲ့ပတ်သက်ပြီး စေတနာထားတတ်တဲ့သူတွေ တော်တော်များများက ငါဟာ သိပ်စာဖတ်ထားတဲ့သူ၊ ငါဟာ သိပ်ပြီး ပိုက်ဆံချမ်းသာတဲ့သူ၊ ငါဟာ အာဏာရှိတဲ့သူ၊ ငါဟာဖြင့် ဩဇာရှိတဲ့သူ စသဖြင့် အထက်ကနေတတ်သူတော်တော်များများဟာ သူတို့စေတနာဟာဖြင့် မှန်မယ်လို့ ထင်ကြမယ် ထင်ပါတယ်။ ဒီလိုဆိုပြန်တော့လည်း လူကြီးသူမများကို မှာကြားချင်တာကတော့ဖြင့် စေတနာသိပ်မထားကြပါနဲ့ မှာကြားခဲ့ရမလိုလိုဖြစ်ရပြန်တယ်။

စေတနာနဲ့ပတ်သက်လို့ကတော့ဖြင့် စေတနာအပြည့်နဲ့ ကူညီတယ်တို့ စေတနာအပြည့်နဲ့ လုပ်ပေးတယ်တို့ ကြားဖူးတယ်။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ်စားမယ့် မုန့်ဟင်းခါးပန်းကန်ထဲကို အကြော်၊ နံနံပင်နဲ့ သံပုရာလာညှစ်ထည့်ပေးရင်တော့ဖြင့် မစားချင်တော့တာ အမှန်ပဲ။ အမြင့်ဆွဲတင်တယ်လို့တော့ မယူဆပါနဲ့။ စေတနာ စေတနီတွေ လာမလုပ်နဲ့။

Myanmar 3 ရိုက်နေရာကနေ Pyidaungsu မှကောင်းတယ်ဆိုလို့ ပြောင်းရိုက်တာ။ Myanmar 3 လောက်တောင် အဆင်မပြေဘူး။ ဒါကြောင့် စေတနာဆိုတဲ့ စကားကို သံသယဝင်လာရတာဖြစ်မယ်။

Post navigation

လွယ်မုဲင်းတောင်
အကြွေးဘက်မှန်

Related Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)

  • လွတ်လပ်စွာတွေးခေါ်သူများ (၆)

  • လွတ်လပ်စွာတွေးခေါ်သူများ (၅)

  • လွတ်လပ်စွာတွေးခေါ်သူများ (၄)

  • လွတ်လပ်စွာတွေးခေါ်သူများ (၃)

  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

Recent Posts

  • လွတ်လပ်စွာတွေးခေါ်သူများ (၇)
  • လွတ်လပ်စွာတွေးခေါ်သူများ (၆)
  • လွတ်လပ်စွာတွေးခေါ်သူများ (၅)
  • လွတ်လပ်စွာတွေးခေါ်သူများ (၄)
  • လွတ်လပ်စွာတွေးခေါ်သူများ (၃)
  • လွတ်လပ်စွာတွေးခေါ်သူများ (၂)

RSS My Poems

  • ထန်တလန် (သို့) မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းခံရခြင်း
  • ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ
  • “မနက်ဖန်ဆိုတာရှိတယ်”
  • ရှုပ်ထွေးခြင်း
  • ဘူနဲ့ကိုး
  • ငါတို့ ရိုးသားခဲ့ကြဖူးတယ်

Archives

Theme by Bloompixel. Proudly Powered by WordPress