“ဆရာတော် ဟောထားတဲ့ အနတ္တတရားကြောင့် ဆရာတော်ဆီလာခဲ့ရပါတယ်ဘုရား”
“ကောင်းပါတယ်။ ဘုန်းကြီးဟောထားတယ် ဆိုပေမယ့် တကယ်တော့ ဗုဒ္ဓမြတ်စွာ ဟောထားတာပါ၊ ဘုန်းကြီးက တစ်ဆင့် နားလည်အောင် ရှင်းပြတာပါ”
“တပည့်တော် ကက်ဆက်ကနေ တရားနာတော့ အရှင်ဘုရားက အနတ္တအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဟောထားတာကို ပိုသိချင်လို့ လာခဲ့ရတာပါဘုရား”
“ဟုတ်ပါတယ် ဒကာကြီး ၊ အနတ္တအကြောင်းက နားလည်ရခက်တယ်။ နက်လည်းနက်နဲတယ်။ ခက်လည်းခက်တယ်။ သိမ်လည်း သိမ်မွေ့တယ်၊ ကျယ်လည်းကျယ်တယ်။ သိလည်း သိနိုင်ခဲတယ်”
“တင်ပါ့ဘုရား”
“အနတ္တအကြောင်းပြောမယ် ဆိုရင် အတ္တအကြောင်း စပြောမှ ဖြစ်မယ် ၊ အတ္တနဲ့ပတ်သက်ပြီး ပညာရှင်တွေ အမျိုးမျိုး တွေးခေါ်ခဲ့ကြတယ်။ အတ္တရဲ့ ပုံပန်းသဏ္ဍာန်၊ တည်ရာ၊ နာမည်၊ သတ္တိ စတာတွေ ဘာကြောင့် အတ္တဖြစ်နေတာတွေကို ပညာရှင်တွေ ရှာဖွေ ခဲ့ကြပါတယ်။ တချို့ပညာရှင်တွေက တယ်လီစကုတ်နဲ့တောင် မမြင်နိုင်တဲ့ အရာလို့ ဆိုကြတယ်။ တစ်ချို့က တစ်ကိုယ်လုံးပျံ့နှံ့နေတယ် လို့ ဆိုကြတယ် ၊ တစ်ချို့ကျတော့လည်း အတ္တဆိုတာ ဘုရားသခင်ပဲ လို့ ဖန်ဆင်းရှင်ပဲလို့ တွေးခေါ်ခဲ့ကြတယ်၊ တစ်ချို့ကျတော့လည်း ကိုယ်တစ်ခုတည်း အတ္တတွေ အများကြီးလို့ ယူဆကြတယ်”
“တယ်လည်းများပါလားဘုရား”
“ဟုတ်တယ် ဒကာကြီးရဲ့ ၊ တချို့လည်း နှလုံးကို အတ္တလို့ ဆိုကြတယ်၊ တချို့ကျတော့လည်း လရောင် ပုံစံရှိတယ် လို့ အမျိုးမျိုး ကြံကြတယ်”
“အော် လက်တွေ့မဟုတ်ပဲနဲ့ ကြံဆချက်တွေ ပဲပေါ့”
“ဟုတ်တယ် ။ တွေးခေါ် မှန်းဆချက်တွေချည်းပဲ၊ ပြီးတော့ ရှိသေးတယ်။ အတ္တကို လိပ်ပြာကောင် ၀ိညာဉ်ကောင် အသက်ကောင်လို့ ခေါ်ကြသေးတယ် ပြုလုပ်တတ်တယ်။ ခံစားတတ်တယ်၊ ပိုင်စိုးတတ်တယ် ခန္ဓာကိုယ်အလိုကျ နေထိုင်ရတယ် လို့ မှတ်ယူကြတယ်..
ဥပမာ… မြင်တယ်ဆိုရင် အတ္တကမြင်တယ် ကြားတယ်ဆိုရင် အတ္တကကြားတယ်စသဖြင့် တွေးကြတယ်။ ပြီးတော့ တုတ်နဲ့ အရိုက်ခံရလို့ နာတာဟာ အတ္တပဲ နာတယ် လို့ထင်တယ်။ မီးလောင်တဲ့အခါ အတ္တကပဲ နာတယ်လို့ထင်တယ်။ တစ်ချို့ကျတော့လည်း ၀င်ကစွက်အကောင်လို ခန္ဓာအိမ်ပြောင်းတတ်တယ်လို့ ယူဆတယ်”
“အခုလူတွေက ဒီလိုပဲ မြင်နေကြတယ် ယူဆနေကြတယ်ဘုရား”
“အခုမှ မဟုတ်ပါဘူး ဒကာကြီး။ ကမ္ဘာဦးကတည်းကပါ”
“အတ္တလို့ ထင်စရာ နေရာ ငါးခုရှိတယ် ဒကာကြီး၊ အဲဒါကတော့ ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဉ် တွေပါပဲ။ ဒီလိုထင်သူတွေက ကမ္ဘာပျက်သွားရင် အတ္တအမှုန်းအမွှားတွေဟာ ကမ္ဘာအနှံ့အပြားကျန်ခဲ့ပြီး နောက်တဖန် လူပြန်ဖြစ်လာတယ်လို့ ထင်ကြတယ်၊ တချို့လည်း ခန္ဓာကိုယ်ကို ဖက်တွယ်တတ်တဲ့ အကောင်တစ်ကောင်လို့ ထင်ကြတယ်”
“ဟုတ်ပါတယ် ဘုရား ခုခေတ်က အဲလိုပဲ ပြောနေကြတယ်ဘုရား”
“ဘုရားခေတ်မှာတောင် အဲလို ထင်တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ခဲ့ပါသေးတယ်။ သူတို့က သာတိရဟန်းနဲ့ မာရ်နတ်ပါ။ ”(ထိုအကြောင်းများကို ဓမ္မပဒ ပထမအုပ် စာမျက်နှာ ၂ မှာ ဆက်လက်ဖတ်ရှုရန်)
“အံ့သြစရာပဲ ဘုရား”
ထို့နောက် ဆရာတော်က ပဲ့တင်သံ ဥပမာဖြင့်၎င်း သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ဖြင့်၎င်း မဇ္ဈမ ပဋိပဒါဖြင့်၎င်း ဆက်လက်ရှင်းပြခဲ့ပါသည်။