ဒီ ခင်ပွန်းကြီး (၁၀) ပါး ဆိုတာကို ကျွန်တော် အခဲမကြေတာကြာပေါ့။ ဘာကြောင့် အခဲမကျေသလဲဆိုတော့ လူပြောသူပြောများနေတဲ့ ဒီခင်ပွန်းကြီး (၁၀) ပါးဆိုတာကြီးကို ကျွန်တော် ဘယ်ကျမ်းဂန်မှာမှ မတွေ့ဖူးလို့လေ။ ကျွန်တော် ဘာကြောင့် အဲလောက်ညံ့ရသလဲကို ကိုယ့်ကိုယ်ကိုလည်း မကျေနပ်ဘူး။ ပိဋကတ်စာကြည့်တိုက်တွေရောက်တိုင်း ဟိုရှာဒီရှာ ရှာတယ်။ ခင်ပွန်းကြီး (၁၀) ပါးဆိုတာကြီးကိုပေါ့။ ဒါပေမယ့် မတွေ့ပါဘူး။ ဘယ်တွေ့မလဲကွယ်။ ဘုရားဟောမှ မဟုတ်တာကိုး။ ပြီးတော့ ကျမ်းတွေထဲမှာ ပါမှ မပါတာ။ ပါဠိကို အနက်ပြန်တဲ့နေရာမှာ အကောက်လွဲလို့ ဖြစ်လာတဲ့ ကိစ္စကိုး။
အဲဒါတွေ ဘယ်မှာပဲ ပါခဲသလဲဆိုတာကို ပြောရရင် ခင်ပွန်းကြီး (၁၀) ပါးကို ဆရာတော်ဦးသြဘာသာဘိဝံသရေးတဲ့ သုတေသနရုပ်ပြအဘိဓာန်မှာ တေမိယဇာတ် နှာ (၁၅၀) အညွန်းနဲ့ စတွေ့ရတယ်။ မပြစ်မှားထိုက်တဲ့ မမေ့ထိုက်တဲ့ မိတ်ဆွေကောင်း (၁၀) ယောက်ဆိုပြီးတော့ သရုပ်တွေနဲ့ ပါတယ်။ နောက် ထပ်တွေ့ရတာက ဘုရားရှိခိုးမူမှန် (ရှေးရိုက်) စာအုပ်မှာ “သဗ္ဗညုတည့်၊ သုံးလူ့မြတ်စွာ၊ ပစ္စေကာနှင့်၊ သင်္ဃာအများ၊ ထွတ်ဖျားရဟန္တာ၊ ဂုဏ်ဝါကွန့်မြူး၊ ကျေးဇူးကြီးလှ၊ မိနှင့် ဘတည့်၊ ပြသတင်တင်၊ ပြုပြင်ဆုံးမ၊ ဟောထတရား၊ စောင့်ထားသီလ၊ ဤဆယ်ဆဟု၊ မူဂပက္ခ၊ ဇာတ်တော်ပြသည်၊ ကြီးလှကျေးဇူး၊ ခေါင်အထူး” ဆိုပြီးတော့ တွေ့တယ်။ မူဂပက္ခဇာတ်တော် ဆိုတာက တေမိယဇာတ်တော်ပါပဲ။ နောက် လုံးတော်ဆရာတော်ရေးတဲ့ ပုစ္ဆာပကိဏ္ဏကကျမ်း စာမျက်နှာ (၇၁) မှာ
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ၊
မာတာပိတု ဂရု သတ္ထာ၊ ဒါယကာ ဓမ္မဒေသကာ။
ဤသို့ကျမ်းလာရကား
၁။ သဗ္ဗညုတဘုရားရှင်၊
၂။ ပစ္စေကဗုဒ္ဓါ၊
၃။ သာဝကရဟန္တာ၊ ပေတတ် ဆရာမြတ်
၎။ လက်ယာရံ လက်ဝဲရံ
၅။ အမိ
၆။ အဖ
၇။ ဆရာ
၈။ အဖန်တလဲလဲ မပြတ်ဆုံးမသောသူ
၉။ ပေးကမ်းဖူးသူ
၁၀။ တရားဟောပေးသူ
ဆိုပြီးတော့ ကျမ်းညွန်းမပါဘဲ တွေ့ရတယ်။
နောက် ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်က ၁၉၅၆ ခုနှစ်ထုတ် ဘုရားရှိခိုး အမျိုးမျိုးနှင့် ကမ္ဘာအေး သာသနာရေးဦးစီးဌာန ပုံနှိပ်တိုက်က ၁၉၈၁ ထုတ် ဦးညွန့်ဇော်စီစဉ်တဲ့ ဘုရားရှိခိုး အမျိုးမျိုးမှာ
ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကာ၊
မာတာ ပိတု ဂုရု သတ္ထာ၊ ဓမ္မဒေသကာ စ ဒါယကာ။
ဣမေ ဒသ မဟာဂုဏေ၊ အဟံ ၀န္ဒာမိ သဗ္ဗဒါ။
ဗုဒ္ဓေါ စ – သစ္စာလေးပါး တရားသိဖြင့် ဘုရားရှင်လည်းကောင်း၊ ပစ္စေကဗုဒ္ဓေါ စ – ကိုယ်တိုင် သစ္စာလေးပါး သိပြီးပါလည်း ဟောကာမပြ သည်းခြားရသော ပစ္စေကဗုဒ္ဓါလည်းကောင်း၊ အရဟာ စ – အာသဝေကုန်ခန်း ရဟန္တာအရှင်လည်းကောင်း၊ အဂ္ဂသာဝကာ စ – လက်ဝဲ လက်ယာ ခြံရံကာဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့လည်းကောင်း၊ မာတာ စ – ကိုးလလွယ်ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင်ကိုလည်းကောင်း၊ ပိတု စ – လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် ကျွေးသဖခင် ကျေးဇူးရှင်လည်းကောင်း၊ ဂုရု စ – ချမ်းသာရန်တွေး ပညာပေးသဖြင့် အလေးအမြတ်ပြုအပ်သော ဆရာလည်းကောင်း၊ သတ္ထာ စ – လိမ္မာစေကြ ကျိုးကြောင်းပြလျှက် ဆုံးမပေတတ် ဆရာမြတ်လည်းကောင်း ၊ ဓမ္မသေကာ စ – သံသရာစခန်း သွားရာလမ်း၌ ပင်ပန်းကင်းရန် ရည်သန်ညွန်ကြား မမှောက်မှားအောင် တရားဟောဖော်တတ်သူတို့ကို လည်းကောင်း၊ ဒါယကာ စ – စားရေး သောက်ရေး နေရေး မနှောင့်နှေးရအောင် ပေးဆောင်တတ်သူတို့ကို လည်းကောင်း၊ ဣမေ ဒသ မဟာဂုဏေ – ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤဆယ်ဦးသော သူတို့ကို၊ အဟံ – ကျွန်ုပ်သည်၊ သဗ္ဗဒါ – နေ့ညဥ့်မပြတ် အချင်းခပ်သိမ်း၊ ၀န္ဒာမိ – ကျေးဇူးယှက်မြှေး၊ စိမ့်စိမ့်တွေးလျှက်၊ မြတ်လေး ကြည်ယုံ၊ သဒ္ဓါ့ဟုန်ဖြင့် လက်စုံချီမိုး၊ ပျပ်ဝပ်လျှိုး၍ ရှိခိုးလိုက်ပါ၏ ဘုရား ”
လို့ရေးထားပါတယ်။ ဒါဆို ရဟန်းအတွက်သပ်၊ လူအတွက်သပ်သပ်ခွဲလိုက်ရင် အဆင်မပြေတော့ပါဘူး။
တကယ်တော့ တေမိယဇာတ်မှာ
မိတ္တဒုဗ္ဘော ဟိ ပါပကော (ဇာတက – ၂၊ ၁၄၉)
ယော မိတ္တာနံ န ဒုဗ္ဘတိ (ဇာတက – ၂၊ ၁၅၀)
ဒီလို ပါဠိလာရာမှာ မိတ္တကို ခင်ပွန်းလို့ ဖွင့်လိုက်ကြတာကြောင့် ဖြစ်နိုင်ပါတယ်။
၁၉၈၅ – ခုနှစ်လောက်မှာ ဦးဆန်းထွန်းက ဒီလို ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီ ပါဠိမှာ ဇာတ်တော်က ဖွင့်တာက “ဒသ မိတ္တပူဇဂါထာ နာမ အာရဘိ။” လို့ ဖြစ်ပါတယ်။ က၀ိမျက်မှန် ပုံနှိပ်တိုက်ထုတ် ဇာတကနိဿယမှာ “ဒသ မိတ္တပူဇဂါထာနာမ – ဆယ်ပါးသော ခင်ပွန်းအစရှိသည်တို့အား ပူဇော်ရာသော ဂါထာမည်သည်၊ (၀ါ) အဆွေခင်ပွန်းတို့အား မပြစ်မှားရာသော ၁၀ ပါးသော ဂါထာမည်သည်၊ အာရဘိ – အားထုတ်၏။
တကယ်တော့ ဒသ – ဆယ်ပါးသော မိတ္တ အဆွေခင်ပွန်းလို့ ဖွင့်တာ မှားပါတယ်။ ပြီးတော့ အစရှိသည်လို့ လုပ်ထားတော့ အစရှိတဲ့ ပုဂ္ဂိုလ်တွေကို ဆွဲထုတ်ရပါတယ်။ အဲဒီအခါ ပစ္စေကဗုဒ္ဓါ၊ သာဝကစတာတွေ ပါလာရပါတော့တယ်။ ဒသမိတ္တဂါထာ – ဒီလို တစ်ဆက်တည်းလာပါတယ်။ မိတ်ဆွေကို ပူဇော်ကြောင်း ၁၀ ပါးသော(သို့)ဆယ်ပုဒ်သော ဂါထာဖြစ်ပါတယ် တဲ့။
ပြီးနောက် ခင်ပွန်းကြီး (၁၀) ပါးကို ပြောရမှာ တစ်ယောက်နဲ့ တစ်ယောက် လွဲလွဲနေတာတွေ ရှိပါတယ်။
၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ (က) သာဝက (ခ) ရဟန္တာ (ဂ) သင်္ဃာအများ
၎။ (က) အဂ္ဂသာဝက (ခ) ရဟန္တာ
၅။ အမိ
၆။ အဖ
၇။ (က) ဂရု (ခ) ၀ုဒ္ဓါပစာယန
၈။ (က) သတ္ထ (ခ) သဒ္ဓါရှိသူ (ဂ) အာစရိယ
၉။ (က) ဒါယကာ (ခ) သီလစောင့်သူ (ဂ) ဟိတကာရ
၁၀။ ဓမ္မဒေသကာ
အဲဒီတော့ ခင်ပွန်းကြီး (၁၀) ပါးဆိုတာ သင်္ဂါယနာတင်ကျမ်းဂန်တွေမှာ မလာ။ သုတ် အဋ္ဌကထာ ဋီကာတို့မှာ တိုက်ရိုက်မရှိ၊ တေမိယသုတ်က မိတ္တကို ခင်ပွန်းလို့ ဘာသာပြန်မှားပြီး ဖြစ်ပေါ်လာတဲ့ ကိစ္စတစ်ခုမျှသာ ဖြစ်ပါတယ်။
အရှင်တိလောကာဘိဝံသ
ခရီးပန်းတိုင် နှင့် ဆောင်းပါးများ (၂)