လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများ ကျန်မည်နည်း
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည် ကျန်မည်နည်း
အမှောင်တစ်ဝက် လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ ကြုံမြဲသာတည်း
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ပူသောအေးသော နုသောကြမ်းသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရမည်တကား။
ခုတလော ကျွန်တော်နေမကောင်းလို့ ပိုစ့်အသစ်တွေ မရေးဖြစ်တဲ့အတွက် မှတ်ထားဖူးတဲ့ ၁၉၇၀ပြည့်နှစ် ဧပြီလထုတ် ငွေတာရီမဂ္ဂဇင်းက ကဗျာဆရာ အေးငွေရဲ့ ခေါင်းစီးအမည်မသိတော့တဲ့ ကဗျာလေးကို တင်ပေးလိုက်ပါတယ်။