ဝိပ္ပယုတ္တပစ္စယော

Posted by ဂျေဂျူဝိုင်

ဝိပ္ပယုတ္တပစ္စယော ဆိုတာ ကင်းပြီးတော့ ကျေးဇူးပြုတာ။ မသက်ဆိုင်တဲ့ အနေအထားကနေ ကျေးဇူးပြုတာ။ သက်ဆိုင်လားဆိုတော့ မသက်ဆိုင်ဘူး။ ကျေးဇူးမပြုဘူးလားဆိုတော့ ကျေးဇူးပြုတယ်။ မသင့်တင့်တဲ့ အမြင်အာရုံတစ်ခုကို ကျွန်တော်တို့ တွေ့မြင်လိုက်ရတယ်။ အဲဒီ အာရုံကြောင့် လောဘဖြစ်တယ်။ ဒေါသဖြစ်တယ်။ အဲဒီအာရုံက ကိုယ်နဲ့ ဆိုင်နေသလား ကိုယ်နဲ့ ပတ်သက်နေသလားဆိုပြန်တော့ မဆိုင် မပတ်သက်ဘူး။ ဒီ လောဘ ဒေါသတွေ ဖြစ်တယ်။ လောဘကြောင့် ရုပ်တွေ ပြောင်းတယ်။ ဒေါသကြောင့် ရုပ်တွေ ပြောင်းတယ်။ နာမ်ဟာ နာမ်။ (စိတ် ဆိုတာ စိတ် ရုပ်မဟုတ်ဘူး) အဲဒီနာမ်က ဒီရုပ်ကို လာပြီး ထောက်ပံ့နေတယ်။ အာဟာရပစ္စယောမှာ ရေးပြဖူးတယ်။ ပဋိသန္ဓေနေပုံလေး။ ကံအာဟာရကြောင့် ရုပ်တွေဖြစ်တယ်။ ကမ္မဇရုပ်ခေါ်တဲ့ ကံကြောင့် ဖြစ်တဲ့ ရုပ်တွေ ပေါ်နေတယ်။ တူလား။ မတူဘူးလေ။ ကံဆိုတာ နာမ်တရား။ ဖြစ်နေတာတွေက ရုပ်။ အဲလို မဆိုင်ပေမယ့် ထောက်ပံ့နေတာကို ၀ိပ္ပယုတ္တပစ္စယော လို့ခေါ်ပါတယ်။

ဆိုကြပါစို့ရဲ့၊ ဟင်းတစ်ခွက်ချက်လိုက်တယ်။ နည်းနည်းမြည်းကြည့်တယ်။ မပါတဲ့ အရသာကို သိတယ်။ အစပ်လိုသေးသဟ၊ အငန်လိုသေးသဟ။ အစပ်ဟာ အစပ်ပဲ။ အငန်ဟာ အငန်ပဲ။ ဒါပေမယ့် အတူတူလေး ဖြစ်နေမှ ဟင်အရသာ စုံတယ်။ ရောလည်း မရောဘူး။ အတူတူလည်းဖြစ်တယ်။ ၀ိပ္ပယုတ္တပစ္စယော ဆိုတာ ဒါပါပဲ။ ပုရေဇာတမှာ ပြောခဲ့တာလေး ရှိတယ်။ အမြင်ခံ ရှိတယ်။ မြင်နိုင်တဲ့ မျက်လုံးအကြည်ဓာတ်ရှိတယ်။ လုံလောက်တဲ့ အလင်းရောင် အထောက်အပံ့ရှိတယ်။ ကြည့်တယ်။ အဲဒီ အားလုံးပေါင်းလိုက်တော့ မြင်ခြင်းဆိုတဲ့ စိတ်ဖြစ်ပေါ်တယ်။ ဆိုင်လား။ မဆိုင်ဘူး။ မဆိုင်ဘူးလား။ ဆိုင်တယ်။ ဒါဟာ ၀ိပ္ပယုတ္တပစ္စယော။ ကောင်မလေးတစ်ယောက်ကို ကောင်လေးတစ်ယောက်က ရည်းစားစကားလိုက်ပြောတယ်။ ကောင်မလေးက ရှက်ပြီး ကောင်လေးကို ပါးရိုက်လိုက်တယ်။
“ဖြန်း”
စိတ်က ထောင်းခနဲ ဒေါသထွက်သွားတယ်။ ရှက်သွားတယ်။ ဖြစ်သွားတာက ရုပ်။ ဒေါသထွက် ရှက်တာက နာမ်။ အဲလို ဒေါသထွက်တဲ့အခါ ရုပ်တွေ ပြောင်းသွားတာ ၀ိပ္ပယုတ္တပစ္စယောပါတဲ့။

(ပဋ္ဌာန်းကို ကျွန်တော် နောက်ပိုင်း မနိုင်တော့ဘူးဗျာ။ အကယ်၍ မှားနေတာတွေ ပါခဲ့ရင် ပြင်ပေးတော်မူကြပါ။)

Post Title: ၀ိပ္ပယုတ္တပစ္စယော
Author: ဂျေဂျူဝိုင်
Posted: 10th February 2010
Filed As: ပဋ္ဌာန်း
Tags:
You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

Leave a Reply




This blog is gravatar enabled. Get yours registered at gravatar.com